ylliX - Online Advertising Network
ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတဲ့ ရခိုင်ပြည်မှာ သတင်းဂျာနယ် အခမဲ့ဖြန့်ဝေ

ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတဲ့ ရခိုင်ပြည်မှာ သတင်းဂျာနယ် အခမဲ့ဖြန့်ဝေ





ရခိုင်ပြည်အတွင်း ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတာကြောင့် ပြည်သူတွေ သတင်းအချက်အလက် အမှန်ကို သိနိုင်ဖို့ အောက်တိုဘာလ ဒုတိယအပတ်ကစလို့ “အာရက္ခဒတ်ချ်” အမည်ရှိ သတင်းဂျာနယ်ကို အခမဲ့ ထုတ်ဝေဖြန့်ချိနေတယ်လို့ စုံစမ်းသိရှိရပါတယ်။

 

အာရက္ခဒတ်ရှ်- ARAKKADESHလို့ အမည်ပေးထားတဲ့ သတင်းဂျာနယ်ကို ရခိုင်သတင်းသမား သုံးယောက်က ဦးဆောင်ကာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ ခွင့်ပြုချက်နဲ့ သံတွဲမြို့နယ်မှာ စတင်ဖြန့်ဝေခဲ့တယ်လို့ ဆိုပါတယ်။

 

သတင်းဂျာနယ်ဖြန့်ဝေတာနဲ့ပတ်သက်လို့ CJ Platform က ဆက်သွယ်မေးမြန်းရာမှာတော့ ဦးဆောင်သူ သုံးယောက်ထဲပါဝင်တဲ့ ကိုတေဇာအောင်က အခုလို ပြောပါတယ်။

 

“အဓိက ရခိုင်မှာ ဖုန်းလိုင်း၊ အင်တာနက်လိုင်း၊ လျှပ်စစ်မီး လုံးဝပြတ်တောက်နေတယ်။ ဖုန်းအားသွင်းရင်လည်း ၁၀၀၀ (ကျပ်) နဲ့ ၂၀၀၀ (ကျပ်) ကြား ပေးနေရတယ်။ အင်တာနက်လိုင်းရတဲ့နေရာကို ဆိုင်ကယ်နဲ့သွားရရင်လည်း ဆိုင်ကယ်ဆီက တစ်လီတာကို ၁၅,၀၀၀ (ကျပ်)၊ ၂၀,၀၀၀ (ကျပ်) ဖြစ်နေတဲ့အခါ ပြည်သူတွေမှာ သတင်းကို လုံးဝသိနိုင်ခွင့်မရှိဘူး ဖြစ်နေတဲ့အတွက် ကျွန်တော်တို့ တတ်နိုင်တဲ့ ဘက်ကနေ အလင်းတစ်ပွင့်ပဲရရ၊ အလင်းတစ်စက်ပဲရရဆိုတဲ့ရည်ရွယ်ချက်နဲ့ သုံး ဦးပေါင်းကာ ထုတ်ဝေခဲ့တာဖြစ်တယ်”လို့ ဆိုပါတယ်။

 

ရခိုင်ပြည် မြောက်ပိုင်းက မြို့နယ်တွေဖြစ်တဲ့ မြေပုံ၊ မင်းပြားနဲ့ မြောက်ဦးမြို့နယ်တွေကိုတော့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၆ ရက်နေ့ကစလို့ ဖြန့်ဝေခဲ့ပြီး ကျောက်တော်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေကိုလည်း ဆက်လက်ဖြန့်ချိဖို့ ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

 

“လွတ်မြောက်နယ်မြေတွေကို ဦးစားပေး ဖြန့်ချိနေပါတယ်။ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ဂွ၊ တောင်ကုတ်၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့တွေကိုတော့ ဖြန့်ဖို့ရည်ရွယ်ချက်မရှိသေးပါဘူး။ ကျွန်တော်တို့ လုံခြုံရေးအတွက်ပါ”လို့ ပြောပါတယ်။

 

ကိုယ်ပိုင်ဝင်ငွေနဲ့ သုံးယောက်ပေါင်းကာ သတင်းဂျာနယ်ထုတ်ဝေရတာဖြစ်လို့ ကုန်ကျစရိတ် များပြားလွန်းတဲ့အတွက် မြို့နယ်တစ်ခုကို အနည်းဆုံး စောင်ရေ ၅၀ နဲ့အထက် ဖြန့်ဝေနိုင်အောင် ကြိုးစား လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

 

 

“အခုလို သတင်းတွေသိရဖို့ ကူညီပေးတာ ကျေးဇူးတင်တယ်။ လိုင်းလည်းမရတော့ ညီမတို့ဘာမှ မသိရဘူး။ ဖြစ်နိုင်ရင် မြန်မာနိုင်ငံအတွင်းက သတင်းတွေ အကုန်သိချင်ပေမဲ့ ဒီလောက်ထိ လုပ်ပေးနိုင်တာကိုပဲ ကူညီပေးသူတွေကို ကျေးဇူးတင်နေပါပြီ”လို့ မြောက်ဦးဒေသခံ မခင်ဆွေက ပြောပါတယ်။

 

အာရက္ခဒတ်ချ်- ARAKKADESH သတင်းဂျာနယ်မှာ သတင်းအမှားအမှန် ခွဲခြားစိတ်ဖြာတာတွေ၊ ဆောင်းပါး၊ သတင်းတွေနဲ့ မိုင်းအသိပညာပေး အစီအစဉ်တွေကို အဓိက ထည့်သွင်းရေးသားထားတယ်လို့ ကိုတေဇာအောင်က ရှင်းပါတယ်။

 

လာမယ့် နိုဝင်ဘာလ ၅ ရက်မတိုင်ခင် ဒုတိယအကြိမ်အဖြစ် ဆက်လက်ဖြန့်ဝေဖို့ရှိပြီး သတင်းဂျာနယ်ထဲမှာ အခြားတို င်းနဲ့ပြည်နယ်တွေရဲ့ သတင်းတွေကိုလည်း စာဖတ်သူများ တောင်းဆိုချက်အရ ထည့်သွင်းဖော်ပြပေးသွားမယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ- အာရက္ခဒတ်ရှ်

 

ပုံစာ – အာရက္ခဒတ်ရှ်-ARAKKADESH ဂျာနယ်ကို ဖတ်ရှုနေကြတဲ့ ရခိုင်ပြည်သူတွေ

 





Source link

Leave a Reply

Your email address will not be published. Required fields are marked *