ylliX - Online Advertising Network

စွန့်လွှတ်လိုက်ရသည့် မတ္တရာကို စစ်တပ် ထိုးစစ်ဆင်၊ ဒေသခံ ၃၀ နီးပါး သေဆုံး


မန္တလေးတိုင်းအတွင်း တိုက်ပွဲများဖြစ်ပွားနေသည့် မတ္တရာမြို့နယ်အတွင်း  စစ်ကောင်စီက လေကြောင်းမှဗုံးကြဲ၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုနေသဖြင့်  တစ်လအတွင်း အရပ်သား ၃၀ နီးပါး သေဆုံးခဲ့သည်ဟု သိရသည်။

မန္တလေးနှင့်မိုင်၂၀အကွာရှိ ထိုမြို့နယ်အတွင်း  ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(MDY-PDF) တပ်ဖွဲ့ဝင်တို့ ရှိမည့် နေရာများကို ပစ်ခတ်ရာမှ  အရပ်သားသေဆုံးမှု များပြားလာခြင်းဖြစ်သည်ဟု ဒေသခံများနှင့် စစ်ရှောင်ကူညီရေး အဖွဲ့များက ပြောသည်။

စစ်ကောင်စီတပ် ဗုံးကြဲ၊ ဝင်ရောက်စစ်ကြောင်းထိုးနေသည့်  ရွာများမှာ ဧရာဝတီမြစ်ကမ်းဘေးမှ ဝန်စု၊ ဝေါစု၊ တုံကုန်း၊ မရမ်းကုန်း၊ ရွာသစ်စသည့်ရွာများ ဖြစ်သည်ဟု   ဒေသခံများက ဆိုသည်။

အောက်တိုဘာ၂၆ ရက်နေ့ ညပိုင်းက   မြို့အရှေ့ပိုင်းရှိ အောင်ချမ်းသာ ခေါ်  ရွာသာယာကျေးရွာကို  ဗုံးကြဲရာ ဒေသခံ ၇ဦး သေဆုံးသွားသည်ဟု  အသက်၆၀အရွယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“တိုက်ပွဲမဖြစ်ပွားဘဲနဲ့ သက်သက်လာကြဲတာ၊  ၇ဦးစလုံးက မိသားစုဝင်တွေ။ ညဘက်ကြီးအိပ်နေချိန် ဗုံးကြဲခံရလို့ သေတာ”  ဟု မတ္တရာမြို့နယ်နေထိုင်သူ ထိုအမျိုးသားက ဆိုသည်။

ကျန်တဲ့အသေးစိတ်တော့ မသိရသေးဘူး၊ ဦးလေးတို့လည်း ဖုန်းလိုင်းရလိုက်၊ မရလိုက်။ ရတဲ့အချိန်လေး ဟိုဘက်ရွာဘာဖြစ်လဲ၊ ဒီဘက်ရွာဘာဖြစ်လဲ ဆက်သွယ်ကြရတာ”

အောက်တိုဘာ ၂၇ရက်နေ့ကလည်း မတ္တရာမြို့ အနောက်ခြမ်းကျေးရွာများကို မန္တလေးနှင့်မတ္တရာကြားရှိ ထီးတော်မိုးစစ်တပ်စခန်းက လက်နက်ကြီးများပစ်ခတ်သည်၊ ညပိုင်းတွင် လေယာဉ်လာပြီးဗုံးကြဲခဲ့သည်ဟု ဒေသခံတို့က ဆိုသည်။

အောက်တိုဘာ ၂၁ လေကြောင်းတိုက်ခိုက်မှုများတွင် မြွေတလှိုင်းကျေးရွာမှ  တစ်နှစ်အရွယ် ကလေးနှင့် သူ၏ အသက် ၂၈ နှစ်အရွယ် မိခင် သေဆုံးခဲ့သည်။ 

အောက်တိုဘာ ၁၁ တွင် ဝေါစုကျေးရွာ စစ်ရှောင်စခန်းမှ သံဃာတော်များ အပါအဝင် ၁၂ ဦး၊ စက်တင်ဘာလအတွင်း ၁၈ရက်နေ့ကလည်း ရွာသာကြီးကျေးရွာမှ အမျိုးသမီး ၁ ဦး သေဆုံးသည်။

စက်တင်ဘာ၂၁  တွင် ဆူးလေကုန်းရွာမှ ၆ဦး သေဆုံးရာ ထိုအထဲတွင် ကလေးငယ်များ ပါဝင်သည်။ 

မတ္တရာမြို့နယ် တိုက်ပွဲများအတွင်း အိုးအိမ်စွန့်ခွါကာတိမ်းရှောင်ရသည့် စစ်ရှောင် အရေအတွက် ၁၀,၀၀၀ နီးပါး ရှိလာသည်၊  လုံလောက်သည့် အကူအညီများမရရှိဘဲ စားဝတ်နေရေး ခက်ခဲနေကြရသည်ဟု စစ်ရှောင်များကို အကူအညီပေးနေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

“တချို့ကျလည်း နီးစပ်ရာအမျိုးတွေရှိတဲ့ မြို့ရွာတွေကို တိမ်းရှောင်သွားတယ်။ ကျန်ခဲ့သူတွေကလည်း ဟိုရွာဖြစ်ရင် ဒီရွာပြေးလိုက်နဲ့ အသက်ဘေးအပြင် စားဝတ်နေရေးပါ တော်တော် မပြေလည်ကြဘူး” ဟု ယင်းအမျိုးသမီးကဆိုသည်။



စစ်တပ်၏ သတင်းထုတ်ပြန်ချက် အွန်လိုင်း စာမျက်နှာတွင် ပြီးခဲ့သည့် လများအတွင်း မတ္တရာမြို့နယ်အကြောင်း သတင်းဖော်ပြထားခြင်း မရှိပေ။

မတ္တရာမြို့နယ်အတွင်း တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသည့် နယ်မြေများကို ပြန်ရရန် စစ်ကောင်စီက ကြိုးပမ်းလာ၍ တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း MDY-PDF  ပြန်ကြားရေးတာဝန်ခံ ကိုအော်စမွန်က Myanmar Now ကို ပြောဆိုထားသည်။

စစ်ကောင်စီက ဆုံးရှုံးနယ်မြေများပြန်ရရန် လေကြောင်းအပြင် မြေပြင်စစ်ကြောင်းများဖြင့်ပါ  ပြန်လည်ထိုးစစ်ဆင်လာသည်ဟု ၎င်းက ပြောသည်။

စစ်ဘေးရှောင်နေရသည့် မတ္တရာဒေသခံအချို့ကို စက်တင်ဘာလအတွင်း တွေ့ရစဉ်။ (ဓာတ်ပုံ − မိုးဦး/ Myanmar Now)





Source link

Leave a Reply

Your email address will not be published. Required fields are marked *