အာဠာဝက ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်အပါအဝင် တော်လှန်ရေးရဲဘော်များ ကျဆုံးခဲ့ရပါတယ်
မကွေးတိုင်း၊ ချောက်မြို့နယ်တဝိုက်ကို စစ်ကောင်စီစစ်ကြောင်းထိုးရာမှာ လက်နက်လူအင်အား မမျှတပေမယ့် ဒေသခံ တော်လှန်တပ်တွေက ခုခံတိုက်ခိုက်ရင်း မိမိတို့ဘက်မှ ထိခိုက်ကျဆုံးမှုတွေ ဖြစ်ခဲ့ပါတယ်။ အောက်တိုဘာ ၂၅ ရက်နေ့ကစလို့ ဝင်ရောက်လာတဲ့ အာဏာသိမ်းတပ်တွေဟာ ကတိုင်မြောက်၊ ကတိုင်တောင်၊ နရဲတော စတဲ့ရွာတွေအနီးရောက်လာစဉ်မှာတော့ ဒေသခံတပ်တွေထဲမှ အာဠာဝက ပြောက်ကျားတပ်ဖွဲ့နဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။ အာဠာဝက ပြောက်ကျားတပ်ဖွဲ့ဟာ “အိမ်ပြန်လမ်းအတွက် ဂန်းတလက်” ဆိုတဲ့ သေနတ်တလက်ရရှိရေး ကမ်ပိန်းကို ကံစမ်းမဲလက်မှတ်ရောင်း၍ သုံးလတာတွင်း ရရှိအောင်ကြိုးစားနေရတဲ့ ဒေသခံတပ်ဖွဲ့တခု ဖြစ်ပါတယ်။ ခေါင်းဆောင်ဖြစ်သူ ဗိုလ်ပေတကတော့ မနေ့က အောက်တိုဘာလ ၂၇ ရက်နေ့မှာ ရွာမတိုက်ပွဲအတွင်းမှာ အခြားရဲဘော်များနှင့်အတူ ကျဆုံးခဲ့ရပြီလည်း ဖြစ်ပါတယ်။ “စစ်ကောင်စီစစ်ကြောင်းက ကုန်းကြီး၊ စလယ်၊ ဂွေပင်ကနေ စစ်ကြောင်းညှပ်ထိုးတယ်။ မနေ့က ဂွေးပင်ဘက်က ကင်းကပေါက်ပြီး ကင်းကဝင်လာတဲ့စစ်ကြောင်းနဲ့ တိုက်ပွဲတွေဖြစ်နေတာ။”လို့ အာဠာဝကစစ်ကြောင်းတာဝန်ခံ ဗိုလ်ပေတ က မကျဆုံးခင်က သတင်းထုတ်ပြန်ခဲ့ပါသေးတယ်။
ရန်သူစစ်ကြောင်းဟာ ဒေသတွင်းပြန့်ကြဲနေတဲ့ တော်လှန်တပ်ဖွဲ့များထက် အင်အားအလုံးအရင်းသာတဲ့အပြင် တိုက်ပွဲဖြစ်ရင်လည်း လေကြောင်းပစ်ကူများ ရောက်လာပြီး ဗုံးသီးချခြင်း စက်လက်ဆွဲခြင်းတို့ကိုလည်း ပူးတွဲအားဖြည့်ခဲ့တာတွေ့ရပါတယ်။ မနေ့က အောက်တိုဘာလ ၂၇ ရက်နေ့ မနက် ၉ နာရီဝန်းကျင်တိုက်ပွဲမှာတော့ နရွဲတောရွာဘက်ကမှ မီးရှို့ပြန်ထွက်လာတဲ့ ရန်သူတပ်ဟာ ရွာမကျေးရွာကို ဝင်စဉ်မှာ ဗိုလ်ပေတဦးဆောင်တဲ့ တပ်ဖွဲ့နဲ့ ထိပ်တိုက်ရင်ဆိုင်ပြီးနောက် အာဠာဝကမြို့ပြပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ပေတ အပါအဝင် ၃ ဦးကျဆုံးကာ ၇ ဦး ပြင်းထန်စွာ ဒဏ်ရာရခဲ့ကြတာပါ။ “ ပဲစင်းငုံခင်းကိုဖြတ်ပြီး ရွာမကိုရောက်အလာမှာ တိုက်ပွဲဖြစ်ကြောင်း၊ သာလွန်အင်အားကို ရင်မဆိုင်နိုင်လို့ ဆုတ်ခဲ့ရကြောင်းနဲ့ မိမိတို့ဘက်မှ ကျဆုံးမှုအခြေအနေကို ဘဏ္ဍာရေးနဲ့သတင်းမှန်ပြန်ကြားရေးတာဝန်ခံ ကိုကျော်ထိုက်က ပြောပြပါတယ်။ တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ပေတနှင့်အတူ ရဲဘော်အောင်လေး၊ ပူးပေါင်းတပ်ဖွဲ့ဘက်မှ နောက်ထပ်ရဲဘော်တဦး ကျဆုံးကာ ၇ ဦးဒဏ်ရာရ၊ သေနတ်တလက်ဆုံးရှုံးသွားပါတယ်။ စစ်ကောင်စီက မီးရှို့ဖျက်ဆီးရာမှာ သေနတ်တလက်အတွက် လုပ်နေဆဲကမ်ပိန်းမှာ မဲဖောက်မယ့် ဆိုင်ကယ်လည်း သိမ်းဆည်းခံလိုက်ရပါတယ်။ ခေါင်းဆောင်ဗိုလ်ပေတရဲ့ဖုန်းကိုလည်း စစ်ကောင်စီတပ်က သိမ်းဆည်းသွားတာဖြစ်လို့ ဆက်နွှယ်သူတွေအနေနဲ့ သတိထားဖို့လိုကြောင်းကိုလည်း တာဝန်ခံကိုကျော်ထိုက်က ပြောပါတယ်။ ကိုပေတရဲ့ ဖေ့ဘွတ်အကောင့်ကိုဝင်ပြီး ပက်သတ်နေသူတွေကို ဒုက္ခပေးနိုင်ကြောင်း သူကဆိုပါတယ်။ စစ်ကြောင်းထိုး မီးရှို့မှုတွေကြောင့် ရွာမ၊ နရွဲတော၊ ကတိုင်တောင်၊ သရက်ပင်၊ ကူဖြူ၊ ကံကြီးကုန်း၊ ကတိုင်မြောက် စတဲ့ကျေးရွာများမှ အရပ်သားပြည်သူ ၄၀၀၀ ကျော်ခန့်ဟာလည်း စစ်ရှောင်ထွက်ပြေးနေရပါပြီ။ အာဠာဝက ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်ကျသွားပေမယ့် စစ်အာဏာရှင်ကို ဆက်လက်တော်လှန်တိုက်ပွဲဝင်သွားမယ့်အကြောင်း တပ်ဖွဲ့ဘက်က အသိပေးထုတ်ပြန်ထားပါသည်။