ylliX - Online Advertising Network

နွားထိုးကြီးတွင် အကြော်သည်ဇနီးမောင်နှံ လက်နက်ကြီးကျည်ထိမှန်သေဆုံး – Myanmar Now


ယမန်နေ့ (အောက်တိုဘာ ၂၈) တွင်   မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ နွားထိုးကြီးရဲစခန်းရှိ စစ်တပ်က  လက်နက်ကြီးနှင့် ပစ်ခတ်သဖြင့် ရဲစခန်းတောင်ဘက် ၂ မိုင်ကျော်အကွာ ထနောင်းပင်လဲရွာမှ အသက် ၅၀ ကျော်အရွယ်များ ဖြစ်ကြသော အကြော်သည် ဇနီးမောင်နှံ သေဆုံးသွားကြောင်း သိရသည်။ 

သေဆုံးသူတို့မှာ ဦးလှရှိန်နှင့် ဒေါ်ရွှေမြတို့ ဖြစ်ကြောင်း၊  လက်နက်ကြီးကျည်က  တောင်သာ-နွားထိုးကားလမ်းမဘေး ထနောင်းပင်လဲကျေးရွာရှိ ၎င်းတို့၏ နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲကြောင်း နွားထိုးကြီးဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ 

“နှစ်ယောက်စလုံးဆုံးသွားပြီ။  အမျိုးသားက ညကတည်းက အခြေအနေမကောင်းဘူး၊ နောက်ကျော ဖောက်ထွက်သွားတာ တည့်တည့်ကျတာဆိုတော့။ အမျိုးသမီးကလည်း မျက်နှာစုတ်ပြတ်သတ်သွားတယ်” ဟု ၎င်းက ပြောသည်။ 

အမျိုးသမီးဖြစ်သူသည် မျက်နှာနှင့် ခြေသလုံးတို့တွင်လက်နက်ကြီးကျည်စ ပြင်းပြင်းထန်ထန်ထိမှန် သေဆုံးခြင်းဖြစ်ကြောင်း ဓာတ်ပုံမှတ်တမ်းများတွင် တွေ့ရသည်။ 

ထိုအရပ်သားနှစ်ဦးသေဆုံးမှုနှင့်ပတ်သက်၍ စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။ 

စစ်ကောင်စီတပ်က ၆၀ မမ လက်နက်ကြီးဖြင့်ပစ်ခတ်သည်ဟု ယူဆနေကြသည်။ 

သီတင်းနှစ်ပတ်ကျော်ကြာ တိုက်ပွဲများငြိမ်နေသည့် နွားထိုးကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ်က ယမန်နေ့ညတွင် လက်နက်ကြီး၂ကြိမ်ပစ်ခတ်ခဲ့ပြီး ပထမအကြိမ်ပစ်ခတ်မှုတွင် နွားထိုးကြီးမြို့ အမှတ် ၁ ရပ်ကွက်သို့ ကျရောက်ပေါက်ကွဲခဲ့သော်လည်း လူထိခိုက်သေဆုံးခြင်းမရှိဟု သိရသည်။

နွားထိုးကြီးမြို့ပေါ်ရှိ ရဲစခန်း၊ ဆောက်လုပ်ရေးရုံးနှင့် အထက ၁ ကျောင်းများတွင် စစ်ကောင်စီတပ်က အထိုင်ချတပ်စွဲထားကြောင်းသိရသည်။

 ဧရာဝတီမြစ်အရှေ့ဘက်ခြမ်း သုံးပွင့်ဆိုင်ရှိသည့် နွားထိုးကြီး၊ တောင်သာနှင့် မြင်းခြံမြို့နယ်တို့သည် လက်နက်ကိုင် ခုခံမှုအားကောင်းသည့် ဒေသဖြစ်သည်။  

ဩဂုတ် ၁၀ ရက်နေ့တွင် “မြင်းခြံခရိုင်အထူးစစ်ဆင် ရေး (Myingyan District Special Operation) အမည်ဖြင့် စစ်ဆင်ရေးကို  PDF များအပါအဝင် ဒေသတွင်းတော်လှန်ရေးတပ်များဖြင့်စုဖွဲ့ထားသည့် မဟာမိတ်တို့က စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့သည်။ 

ထိုစစ်ဆင်ရေးတွင် နွားထိုးကြီးမြို့ လူဝင်မှုကြီးကြပ်ရေးရုံးအနီး စစ်ကောင်စီတပ်သားများ တပ်စွဲကာ ဆက်ကြေးတောင်းယူနေသည့်ဂိတ်၊ ရဲစခန်းနှင့် စစ်ကောင်စီတပ်စွဲထားရာနေရာများကို   စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရား ဖယိုဖရဲဖြစ်သည်အထိ တော်လှန်ရေးတပ်များအသာစီးရခဲ့သည်ဟု ဆိုသည်။ 

မြေပြန့်လွင်ပြင်ဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးကောင်းသည့် ထိုဒေသတွင် တော်လှန်ရေးတပ်များက ပြောက်ကျားနည်းဖြင့်တိုက်ခိုက်နေရာမှာ မြို့ပေါ်အထိ ထိုးစစ်ဆင်တိုက်ခိုက်လာနိုင်ပြီး စစ်ကောင်စီက လေကြောင်းမှ စစ်ကူပေးရသည့် ဒေသဖြစ်လာသည်။







Source link

Leave a Reply

Your email address will not be published. Required fields are marked *