မြန်မာနိုင်ငံနဲ့ နယ်စပ်ဂိတ်တွေကို တရုတ်နိုင်ငံက မကြာသေးခင်ကပဲ ပိတ်လိုက်တာဟာ လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေကို ဖိအားပေးဖို့ ရည်ရွယ်တဲ့ လုပ်ရပ်အဖြစ် သုံးသပ်သူတွေက ခန့်မှန်းနေကြပါတယ်။ နယ်စပ်ဂိတ်တွေ ပိတ်တဲ့အကြောင်းရင်းကို တရုတ်နိုင်ငံက တရားဝင် ပြောဆိုတာ မတွေ့ရပေမဲ့ တရုတ်နိုင်ငံက သတင်းစာတချို့နဲ့ လူမှုကွန်ရက်တွေမှာတော့ တရုတ်-မြန်မာ ရေနံပိုက်လိုင်းလုံခြုံရေးနဲ့ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် လုံခြုံရေး ထိခိုက်မှာ စိုးရိမ်ကြောင်း သုံးသပ်၊ ရေးသားနေကြတာပါ။ ဒီရက်ပိုင်း တရုတ်-မြန်မာ နယ်စပ်ဒေသ လှုပ်လှုပ်ခတ်ခတ် အခြေအနေတချို့နဲ့ ပတ်သက်ပြီး သုံးသပ်ချက်အမြင်တွေကို စုစည်းပြီး ရန်ကုန်က သတင်းပေးပို့ထားပါတယ်။
ဒီသီတင်းပတ်ထဲမှာပဲ တရုတ်က မြန်မာနဲ့ဆက်သွယ်ထားတဲ့ နယ်စပ်တံခါးတွေကို ပိတ်ပြီး ကုန်စည်စီးဆင်းမှုကို ရပ်တန့်လိုက်တာဟာ ကချင်နဲ့ ရှမ်းမြောက်မှာရှိတဲ့ တော်လှန်ရေး အင်အားစုတွေကို ချိနဲ့အောင်လုပ်လိုတဲ့ တရုတ်ရဲ့ ရည်ရွယ်ချက် ဖြစ်တယ်လို့ နိုင်ငံရေး သုံးသပ်သူတွေက ပြောပါတယ်။ အကြောင်းကတော့ တရုတ်ဟာ တော်လှန်ရေးအဖွဲ့တွေ အင်အားချိနဲ့သွားစေမဲ့ နည်းလမ်းအစုံကို အသုံးချပြီး စစ်ကောင်စီကို တဖက်လှည့်နဲ့ အားပေးကူညီနေတယ်လို့ ပြောကြတာပါ။
ရှမ်းပြည်နယ်ဟာ ‘လွတ်လပ်ရေး’ ရဖို့ အစဉ်အဆက် တောက်လျှောက် ကြိုးပမ်းနေတဲ့အတွက် အခုချိန်အထိ ပဋိပက္ခတွေ ဖြစ်နေရလို့ တရုတ် ဆောင်းပါးရှင်တချို့က ဝေဖန်ထားပါတယ်။ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ စစ်ကောင်စီဟာ အရေးပါတဲ့ ခံတပ်တွေကို လက်လွတ်လိုက်ရပါတယ် ဒါကြောင့် တရုတ်နိုင်ငံက ပါဝင်ကူညီခဲ့ရတယ်ဆိုပြီး တရုတ်ဘာသာနဲ့ ရေးသားထားတဲ့ ယူနန်သတင်းတချို့မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံထဲမှာ ဖရိုဖရဲဖြစ်ရင် တရုတ်နိုင်ငံအတွက်လည်း အကျိုးရှိမှာမဟုတ်ဘူး တရုတ်ဆောင်းပါးတွေက ဖော်ပြထားတာပါ။ စစ်ကောင်စီမရှိရင် တရုတ်စီမံကိန်းတွေလည်း ပျက်စီးသွားလိမ့်မယ်လို့ တရုတ်က မှားယွင်းစွာ ယူဆထားကြောင်း နိုင်ငံရေးသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။
“ဗမာပြည်ရဲ့ စစ်ရေးပဋိပက္ခအောက်မှာ တရုတ်ရေနံပိုက်လိုင်း အပါအဝင် ရေနက်ဆိပ်ကမ်းလုပ်ငန်း၊ တခြားသော တရုတ်ရဲ့ပိုင်ဆိုင်မှု ၉ခုလောက်ပေါ့ဗျာ အခုက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ လက်ထဲကို ရောက်နေပါပြီ။ ဒါပေမဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေကလည်း တရုတ်ပြည်နဲ့ နှစ်နိုင်ငံ ချစ်ကြည်ရေးကို ထောက်ထားသောအားဖြင့် ဖျက်လို့ဖျက်စီး တခုမှမလုပ်ပါဘူး၊ ဆက်လက် ထိန်းသိမ်းထားတာ။ ဒါပေမဲ့ ဒီအင်အားစုတွေကို ဆက်သွယ် ညှိနှိုင်းမှုမလုပ်ဘဲနဲ့ စစ်ကောင်စီရဲ့ အကာအကွယ်ကို မျှော်လင့်တာာဟာ တရုတ်ရဲ့ ဗမာပြည်ဆိုင်ရာ ပေါ်လစီမှာ ကြီးမားတဲ့ အမှားအယွင်း ဖြစ်ပါတယ်။”
ကချင်ပြည်နယ်ဘက်မှာလည်း လွယ်ဂျယ်၊ ကန်ပိုက်တီ နယ်စပ်ဂိတ်တွေအပါအဝင် တပ်စခန်းအများစုကို KIA က သိမ်းပိုက်အပြီးမှာ စစ်ဆင်ရေးလုပ်နေတာတွေကို ရပ်ဆိုင်းဖို့ တရုတ်ဘက်က KIA ကို ဖိအားပေးခဲ့ပါတယ်။ အဲဒီနောက် ကချင်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းက ဒေသခံတွေ အဓိကမှီခို၊ အားထားနေရတဲ့ စာသောက်ကုန်နဲ့ စက်သုံးဆီတွေကို တရုတ်ဘက်က မရောင်းချတော့ပါဘူး။ ကချင်နဲ့ ရှမ်းမြောက်က နယ်စပ်ထွက်ပေါက်တွေကိုလည်း အောက်တိုဘာလ ၁၈ရက် နောက်ပိုင်းကစပြီး ပိတ်လိုက်ပါတယ်။
‘ဝ’ နဲ့ မိုင်းလား နယ်စပ်ဂိတ်တွေပါမချန် အကုန်နီးပါးကို တရုတ်ဘက်က ပိတ်လိုက်တာပါ။ ဓာတ်ဆီ၊ လျှပ်စစ်ပစ္စည်းနဲ့ လုံခြုံရေးသုံး ပစ္စည်းတွေကို မြန်မာဘက်မပို့ဖို့ နယ်စပ်ဂိတ်တွေမှာ ကြေညာထားပါတယ်။ ပြီးတော့ လုံခြုံရေးကိုလည်း နယ်စပ်တလျှောက် တင်းတင်းကျပ်ကျပ် ချထားကြောင်း ဒေသခံတချို့က ဗွီအိုအေကို ပြောပါတယ်။
တကယ်လို့ မြန်မာပြည်ထဲမှာ စစ်ပွဲတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာမယ်ဆိုရင် တရုတ်နိုင်ငံအတွက် အကျိုးရှိမှာ မဟုတ်ဘူးလို့ တရုတ်သတင်းတချို့မှာ ရေးသားထားပါတယ်။ အကြောင်းကတော့ ရခိုင်ပြည်နယ် ကျောက်ဖြူဆိပ်ကမ်းကလာတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းဟာ တရုတ်အတွက် အရေးကြီးကြောင်း ဖော်ပြထားပါတယ်။ အခုနှစ် ဩဂုတ်လအထိ အဲဒီပိုက်လိုင်းကနေ ရေနံနဲ့ သဘာဝဓာတ်ငွေ့တန်ချိန် သန်း၁၀၀ကျော် ရရှိထားတယ်လို့ ရေးသားထားပါတယ်။
တကယ်လို့ တရုတ်ရဲ့ ရေနံလမ်းကြောင်း မလက္ကာရေလက်ကြားမှာ အင်အားပြိုင်ဆိုင်မှုတွေ ပေါ်လာပြီဆိုရင် မြန်မာနိုင်ငံက ရေနံပိုက်လိုင်းကို အဓိက အသုံးပြုသွားမယ်လို့ အဲဒီသတင်းတွေမှာ တရုတ်ဘာသာနဲ့ ရေးသားထားပါတယ်။ ဒါကြောင့် စစ်ကောင်စီကို အကာအကွယ်ပေးတာဆိုရင် တရုတ်ရဲ့ ဆုံးဖြတ်ချက်ဟာ မှားယွင်းနေတယ်လို့ မြန့်မာ့အရေး သုံးသပ်သူတွေက ပြောတာပါ။
တကယ်တော့ တရုတ်အစိုးရအနေနဲ့ ရေနံပိုက်လိုင်းတလျှောက်က တော်လှန်ရေး အင်အားစုတွေ၊ PDF တွေနဲ့ ရခိုင်က အာရက္ခတပ်တော် ဒီလိုအဖွဲ့တွေနဲ့ အပေးအယူမျှဖို့၊ နားလည်မှု ရရှိဖို့ အရေးကြီးတယ်လို့ နိုင်ငံရေးသုံးသပ်သူ ဦးဖေသန်းက ဗွီအိုအေကို ပြောပါတယ်။
“ဒီမိုကရေစီ တော်လှန်ရေးနဲ့ တိုင်းရင်းသား ဖက်ဒရေးရှင်း ရရှိရေးအတွက် ဒါ တရုတ်ရဲ့ လုပ်ဆောင်ချက်ဟာ တော်တော့်ကို အဟန့်အတားဖြစ်ပါတယ်၊ အနှောက်အယှက်လည်း ဖြစ်တယ်။ ဆိုလိုတာကတော့ သူတို့ သိပ်မကြိုက်ဘူးပေါ့နော်။ ဒီ NUG တို့က အနောက် အမေရိကန်ဘက်ကို ယိမ်းနိုင်တယ်၊ ဒါကြောင့် သူတို့အကျိုးစီးပွားတွေဟာ ထိခိုက်နိုင်တဲ့သဘောမျိုး အပြိုင်အဆိုင် ဖြစ်လာနိုင်တဲ့ သဘောမျိုး သူတို့သိပ်မကြိုက်ဘူး။ စစ်အစိုးရရဲ့ လုပ်ဆောင်မှုအပေါ်မှာ တနိုင်ငံလုံး တကမ္ဘာလုံးက ကန့်ကွက်၊ ရှုတ်ချနေတာရှိပေမဲ့ တရုတ်က စစ်ကောင်စီဘက်ကို ပိုပြီး ယိမ်းတယ်ပေါ့။ သူတို့ဘက်က ဝင်ကူမယ်လို့တောင် ပြောလို့ရတယ်ပေါ့။”
ယူနန်အာဏာပိုင်တွေက မြန်မာအရေးမှာ ပါဝင်နေတဲ့ အဓိက ဇာတ်ကောင်တွေ ဖြစ်ပါတယ်။ ယူနန်ပြည်နယ် ပါတီအတွင်းရေးမှူး မစ္စတာ Wang Ning နဲ့ ပြည်နယ် အုပ်ချုပ်ရေးမှူး မစ္စတာ Wang Yubo က စစ်ကောင်စီနဲ့ မကြာသေးခင်က တွေ့ဆုံထားပါတယ်။ ယူနန်ပြည်နယ် အိမ်နီးချင်းနိုင်ငံရေးရာ အကြီးအကဲ Guo Bao ကတော့ မြောက်ပိုင်းမဟာမိတ် အဖွဲ့တွေနဲ့ စစ်ကောင်စီတို့ရဲ့ ကူမင်းမြို့က တွေ့ဆုံပွဲတွေမှာ တရုတ်နိုင်ငံရဲ့ ကိုယ်စားလှယ်အဖြစ် တာဝန်ယူခဲ့ပါတယ်။
အလားတူပဲ ပေကျင်းအစိုးရရဲ့ နိုင်ငံခြားရေးဌာန အဆင့်မြင့် အရာရှိတချို့ဟာ အခု အောက်တိုဘာလအထိ သုံးလဆက်တိုက် မြန်မာစစ်ကောင်စီရဲ့ ထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဌာနက သတင်း ထုတ်ပြန်ထားပါတယ်။
တရုတ်ဘက်က နယ်စပ်ဂိတ်တွေ ပိတ်လိုက်လို့ ကချင်နဲ့ ရှမ်းမြောက်မှာ စားသောက်ကုန်နဲ့ စက်သုံးဆီတွေ ပြတ်လပ်သွားပါတယ်။ ဒေါသဖြစ်နေတဲ့ ဒေသခံတွေကတော့ ဒီတကြိမ် တရုတ်ရဲ့ တုံ့ပြန်ပုံနဲ့ ပတ်သက်ပြီး ရှုတ်ချနေကြပါတယ်။ ရေရှည်အကျိုးစီးပွားကိုငဲ့ပြီး တော်လှန်ရေး အင်အားစုအားလုံးနဲ့ တရုတ်က ညှိနှိုင်းဖို့ ကြိုးစားရလိမ့်မယ်လို့ ဦးသန်းစိုးနိုင်က ပြောပါတယ်။
” တရုတ်အပေါ်မှာ ပြည်သူလူထုရဲ့ အမြင်က လုံးဝကို မကောင်းပါဘူး။ အဲဒါတွေက ထိန်းမနိုင်၊ သိမ်းမရ ဖြစ်လာရင်တော့ သူ့အကျိုးစီးပွားတွေ ထိခိုက်လာနိုင်ပါတယ်။ ဆိုလိုတာက ရှိနေတဲ့ အခြေအနေကို မှန်မှန်ကန်ကန် နားလည်ပြီးတော့ ဗမာပြည်သူတွေရဲ့ နွေဦးတော်လှန်ရေး လှုပ်ရှားမှုကို သဘောပေါက် နားလည်အောင် ချဉ်းကပ်ပြီးတော့ ဆွေးနွေးညှိနှိုင်းမယ်ဆို သူ့အကျိုးစီးပွားတွေကို ကာကွယ်နိုင်တဲ့ အခွင့်အရေး တရုတ်ကရရှိနိုင်ပါတယ်။ စစ်ကောင်စီသက်ဆိုးရှည်ရေး ဆက်ပြီးကာကွယ်နေမယ် ဆိုရင်တော့ တချိန် လူထုပေါက်ကွဲမှုတွေ ဖြစ်လာပြီဆိုရင် တရုတ်အကျိုးစီးပွားတွေ ထိခိုက်လာနိုင်ခြေ ရှိတယ်ဆိုတဲ့အကြောင်း သတိပေးချင်ပါတယ်။”
ကုလအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် Julie Bishop ကတော့ မြန်မာနိုင်ငံထဲက ပဋိပက္ခနဲ့ ရာဇဝတ်မှုတွေဟာ ထိန်းဖို့ခက်တဲ့ အခြေအနေကို ရောက်နေပြီ မြန်မာ့နိုင်ငံရေး ဇာတ်ကောင်တွေဟာ လက်ရှိဖြစ်နေတဲ့ ဘယ်သူမှ အကျိုးအမြတ်မရှိတဲ့ သဘောထားတွေကို ကျော်ပြီးတော့ ကြည့်ရလိမ့်မယ်လို့ အင်္ဂါနေ့ကလုပ်တဲ့ ကုလလူ့အခွင့်အရေးဆိုင်ရာ ကော်မတီ၊ အထွေထွေညီလာခံမှာ ပြောပါတယ်။
လတ်တလောမှာတော့ တရုတ်အာဏာပိုင်တွေက ကချင်ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့တွေ့ဆုံပြီး တရုတ်နယ်စပ်လုံခြုံရေးကိုမထိခိုက်ဖို့ မြန်မာပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေမဖြစ်ဖို့ ကချင်လွတ်မြောက်ရေး တပ်မတော်(KIA) ကို တရုတ်ဘက်က တောင်းဆိုထားတယ်လို့လည်း KIA ပြောခွင့်ရကလည်း ဗွီအိုအေကို ပြောထားပါတယ်။