ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ် မေလတွင် ပြဋ္ဌာန်းသည့် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေ များ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၉၊ ပုဒ်မခွဲ(က)အရ အပ်နှင်းထားသည့် အခွင့်အာဏာများကိုကျင့်သုံး၍ ရှမ်းပြည်နယ် တောင်ကြီးခရိုင် ရွာငံမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း ၄၇၅ ဧကရှိသောနယ်မြေကို “ရေထွက်ကျောက်ခေါင်း (လင်းဝေး)ဘူမိရုပ်သွင်ထူးခြားသည့်နယ်မြေ” အဖြစ် အမိန့်ကြော်ငြာစာ အမှတ် (၉၃/၂၀၂၄) အရ ၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော်(၈)ရက် (၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်)မှစ၍ သတ်မှတ်ကြောင်း ကြေညာလိုက်သည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ထုံးကျောက်တောင်များတွင် ကျက်စားသည့် ရှားပါးတောရိုင်းတိရစ္ဆာန်မျိုးစိတ်များနှင့် ယင်းတို့၏ ထုံးကျောက်တောင် ဂေဟစနစ်ကို ထိန်းသိမ်းကာကွယ်ရန်၊ သိပ္ပံဆိုင်ရာသုတေသနလုပ်ငန်းများကို အထောက်အကူပြုစေရန်၊ သဘာဝအခြေခံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုရန်နှင့် ပန်းလောင်နှင့် ဇော်ဂျီမြစ်တို့၏ ရေဝေရေလဲသစ်တောများကို ထိန်းသိမ်းရန်ရည်ရွယ်၍ ရေထွက်ကျောက်ခေါင်း(လင်းဝေး) ဘူမိရုပ်သွင်ထူးခြားသည့်နယ်မြေကို သတ်မှတ်ခြင်းဖြစ်ပါသည်။
ရေထွက်ကျောက်ခေါင်း(လင်းဝေး)ဘူမိရုပ်သွင် ထူးခြားသည့်နယ်မြေသည် ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၃၇၀၀ ကျော်တွင် တည်ရှိကာ မြေပြန့်လွင်ပြင်နည်းပါး၍ တောင်ကုန်း၊ တောင်စွယ်များ၏ သဘာဝအလှများဖြင့် တင့်တယ်လှပါသည်။ ရေထွက်ဂူတည်ရှိရာ ထုံးကျောက်လိုဏ်ဂူတောင်တန်းသည် အနောက်မှအရှေ့သို့ သွယ်တန်းနေပြီး အရှေ့မှတောင်ဘက်စူးစူးသို့ ငါးမျှားချိတ်သဏ္ဌာန် တည်ရှိနေပါသည်။ ထုံးကျောက်တောင်၏ ဝန်းကျင်ရှိ ဧက ၂၀ ခန့် ကျယ်ဝန်းသည့် ဒေသအခေါ် နဂါးအင်းကော ရေဝပ်ဧရိယာသည်ဇွန်လမှ အောက်တိုဘာလအထိ ငါးလတာကာလအတွင်း ပြာလဲ့လဲ့ရေပြင်ဖုံးလွှမ်းနေပြီး အင်းရေကျချိန်တွင် ဒေသခံတောင်သူများ စိုက်ပျိုးသည့် ကိုင်းသီးနှံခင်းများ၏ စိမ်းလဲ့လဲ့အရောင်သို့ ပြောင်းလဲတွေ့မြင်ရပါသည်။
ရေထွက်ကျောက်ခေါင်းတွင် ဂူနှစ်ခုကိုတွေ့ရှိရပြီး ဂူအမှတ်(၁)၏ အဝင် ဂူမျက်နှာဝသည် ၃၆ ပေ ကျယ်ဝန်းပြီး ၄၈ ပေ အမြင့်ရှိကာ ရေငုပ်၍ဝင်ရောက်ပါက အတွင်းသို့ ပေ ၂၆၅၀ အထိသာ ဝင်ရောက် နိုင်စွမ်းရှိကြောင်း သိရပါသည်။ ဂူအမှတ်(၂)၏ အဝင် ဂူမျက်နှာဝအကျယ်သည် ၃၅ ပေကျယ်ဝန်းပြီး ၁၀ ပေ အမြင့်ရှိကာ အတွင်းပိုင်းသို့ ပေ ၂၀၀ ခန့်အထိသာ ဝင်ရောက်နိုင်ကြောင်း သိရသည်။ ဂူ၏အရှေ့ဘက် တွင်လည်း တောင်ပေါ်မြက်ခင်းတောကို တွေ့မြင်နိုင်သည်။ ယမနေ၊ ထောက်ကြံ့၊ သင်းဝင်ဖို၊ သပြေ၊ ကြို့၊ သံသေ၊ ဇောင်းပလွေး၊ သတီအပါအဝင် ဒေသသစ်မျိုး ၄၇ မျိုး၊ တပင်တိုင်မြနန်း၊ တပင်ရွှေထီး၊ ဥပတကာနွယ်၊ ဆင်တုံးမနွယ်စသည့် ပရဆေးပင် ခုနစ်မျိုး၊ ဝါးပိုးဝါး၊ မျှင်ဝါးနှင့် သိုက်ဝါး စသည့် ဝါးသုံးမျိုး ပေါက်ရောက်လျက်ရှိသည့် အထက်ပြတ် ရောနှောတောနှင့် တောင်ပေါ်အမြဲစိမ်းတောတို့ကို တွေ့ရှိရပါသည်။
ရေထွက်ကျောက်ခေါင်း(လင်းဝေး) ဘူမိရုပ်သွင် ထူးခြားသည့်နယ်မြေ သတ်မှတ်ခြင်းအားဖြင့် ယင်းဒေသတွင် ကျက်စားနေထိုင်သည့် ချေ၊ ကြောင်မြင်း၊ ကြောင်ဝံပိုက်၊ ကြောင်နံ့သာ၊ မျောက်လေပွေ၊ ခွေးတူဝက်တူ၊ ခွေးအ၊ ဖျံခြေသည်းငယ်၊ ဖြူမြီးဖွာ၊ ဝါးဘိုးကြွက်နှင့် လင်းနို့မျိုးစိတ်များ အပါအဝင် နို့တိုက်သတ္တဝါမျိုးစိတ် ၂၄ မျိုး၊ ဒေါင်းစိမ်း၊ ငူ၊ ဖိုးခေါင်ငှက်၊ ကြက်တူရွေး၊ ဗွတ်ကလုံ၊ အောက်ချင်းငှက်၊ ဝါးယောင်းငှက်၊ လင်းယုန်၊ ချိုး၊ ချိုးသိန်း၊ ငှက်ရွှေဝါ၊ ရစ်ငှက်စသည့် ငှက်မျိုးစိတ် ၄၆ မျိုးအပြင် ဆောင်းခိုငှက်များ၊ လိပ်ဝါနှင့် အထူးသဖြင့် မြန်မာ့ဒေသရင်းမျိုးစိတ်ဖြစ်သည့် လင်းဝေးဒေသ၏ ထုံးကျောက်တောင် တောက်တဲ့(Cyrtodactylus Linnwayensis)မျိုးစိတ်များကို ထိန်းသိမ်းကာကွယ် နိုင်ခြင်း၊ သိပ္ပံပညာရပ်များအတွက် တန်ဖိုးမဖြတ်နိုင် သည့် သုတေသနအခွင့်အလမ်းများစွာကို ထောက်ပံ့ ပေးနိုင်ခြင်း၊ ရေထွက်ထုံးကျောက်ဂူများ၏ ဂေဟစနစ်များနှင့် ထူးခြားသည့် သဘာဝအနေအထားများ ကို အခြေပြု၍ သဘာဝအခြေခံ ခရီးသွားလုပ်ငန်းများ ဖော်ဆောင်နိုင်ခြင်း၊ နိုင်ငံတကာခရီးသွားများကို ဆွဲဆောင်နိုင်ခြင်းဖြင့် ဒေသခံတိုင်းရင်းသားများ၏ လူမှုစီးပွားဖွံ့ဖြိုးမှုကို အထောက်အကူပြုနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်
ထိန်းသိမ်းရေးဝန်ကြီးဌာန