ylliX - Online Advertising Network

စစ်ကောင်စီအမိန့်အောက်မှာ ကရင့်လက်နက်ကိုင်တပ်များတည်ရှိနေပြီး နိုင်ငံတကာရဲ့အရေးယူမှုတွေကိုလည်း ဂရုမစိုက်ကြောင်း တုံ့ပြန်လိုက်ပါတယ်


စစ်ကောင်စီလက်အောက်ခံအဖြစ်တည်ရှိနေပြီး ရပ်တည်ချက်မပြတ်သားတဲ့ တပ်ဖွဲ့များဟာ အရှေ့တောင်တိုင်းစစ်ဌာနချုပ်(ရတခ) ရဲ့ထိန်းချုပ်မှုအောက်မှာ အမိန့်ပေးခံနေရပါတယ်။ မြဝတီတွင်တိုက်ပွဲပြင်းထန်ခဲ့စဉ်က လူသိများတဲ့ BGF တပ်ဟာ KNA အဖြစ် အမည်ပြောင်းလဲခဲ့ပြီး စစ်ကောင်စီလက်အောက်မှ ခွဲထွက်မယ်လို့ ကြေငြာခဲ့ဖူးပါတယ်။လက်ရှိမှာတော့ ၄င်းတို့စီးပွားရေးလုပ်ငန်းများ တည်ငြိမ်ရေးကိုသာ အာရုံစိုက်နေကြတာ တွေ့ရပါတယ်။ BGF , DKBA , PC စတဲ့အဖွဲ့တွေဟာ အနှစ်သာရမရှိတော့တဲ့ NCA ခေါင်းစဉ်အောက်မှာ စစ်ကောင်စီနဲ့ ပလဲနံသင့် ဖြစ်နေဆဲတွေ့ရပါတယ်။ စစ်ရေးနိုင်ငံရေး ရပ်တည်ချက်မထင်ရှားဘဲ ဖွဲ့စည်းထားတဲ့ အဆိုပါကရင်တပ်များဟာ စစ်ကောင်စီအမိန့်အောက်မှာ ရှိနေဆဲဖြစ်ပြီး တဖက်မှာလည်း ၄င်းတို့ရဲ့တပ်အင်အားကို လစာနှင့်အခွင့်အရေးများပေးပြီး အင်အားတည်ဆောက်နေကြပါတယ်။ဒေသတွင်း နီးနီးကပ်ကပ်လည်းရှိကြတဲ့ အမည်အမျိုးမျိုးနဲ့တပ်တွေဟာ ဟိုဘက်ဒီဘက် တပ်ကူးဘက်ပြောင်းမှုတွေလည်း အမြဲဖြစ်ပေါ်လေ့ရှိပါတယ်။ ဒီအချိန်မှာပဲအရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) သတင်းရင်းမြစ်တွေအရ အဖွဲ့ကူးအဖွဲ့ပြောင်းကိစ္စကို ခွင့်မပြုတဲ့အကြောင်း စစ်ကောင်စီညွှန်ကြားလိုက်တယ်လို့ သိရပါတယ်။ နယ်ခြားစောင့်တပ် (BGF) မှ စစ်သားများအနေဖြင့် ဒီမိုကရေစီအကျိုးပြုအမည်ခံ (DKBA) အဖွဲ့သို့ ကူးပြောင်းခြင်းကို ခွင့်မပြုရန် စစ်ကောင်စီက ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။ ဒီသတင်းတွေဟာ မကြာသေးခင်က ကျင်းပခဲ့တဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) လက်အောက်ရှိ တပ်မှူးများ အစည်းအဝေး၌ ရတခ စစ်တိုင်းမှူးက ပြောဆိုခဲ့တာလို့ သိရပါတယ်။

ဒါ့အပြင် DKBA အဖွဲ့ထံ ဝင်ရောက်သွားသော BGF တပ်ဖွဲ့များအား ပြန်လည်လွှဲပြောင်းပေးရန်နှင့် BGF သို့ ကူးပြောင်းလာသည့် DKBA တပ်ဖွဲ့ဝင်များကိုလည်း မူရင်းအဖွဲ့သို့ ပြန်ပို့ရန် စစ်ကောင်စီတိုင်းမှူးက ညွှန်ကြားလိုက်ပါတယ်။ BGF ဟာ စီးပွားရေးကြွယ်ဝတဲ့ အဖွဲ့ဖြစ်ပေမယ့် ပြည်သူတွေက မနှစ်သက်တာများတဲ့အတွက်ကြောင့် DKBA တပ်ဖွဲ့ထံ ပြောင်းတဲ့သူတွေများကြောင်းကိုလည်း နီးစပ်သူတဦးကဆိုပါတယ်။BGF သို့မဟုတ် KNA ဟာ စစ်ကောင်စီခိုင်းတာမလုပ်တော့ဘူးဆိုတဲ့ ထုတ်ပြန်ချက်တွေ ထုတ်ခဲ့ဖူးတာဟာ ကရင်ပြည်သူတွေရဲ့ယုံကြည်မှုကို ပြန်လည်ရယူလိုတာကြောင့် ဖြစ်နိုင်ကြောင်း vor ကသုံးသပ်ရပါတယ်။ မကြာသေးခင်က မြဝတီမှာ ဆိုင်ကယ်တစီးကို ကားနဲ့တိုက်မိခဲ့ပြီး ပြည်သူတွေက BGF အပေါ် ဝေဖန်မှုတွေ မြင့်တက်ခဲ့ပါသေးတယ်။ ကားနဲ့တိုက်ခံရသူနှစ်ဦးလည်း အသက်ဆုံးရှုံးခဲ့ပါတယ်။ နိုင်ငံတကာရဲ့ အာရုံစိုက်အရေးယူမှုတွေကိုလည်း BGF ကခံနေရပြီး ၄င်းတို့ဘက်ကတော့ ဂရုမစိုက်တဲ့အကြောင်း ထုတ်ပြန်ထားပါတယ်။ မကြာသေးခင်က အောက်တိုဘာ ၂၉ ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်ချက်အရ နယ်ခြားစောင့်တပ်-BGF ခေါင်းဆောင် ဗိုလ်မှူးချုပ်စောချစ်သူ၊ ဗိုလ်မှူးစောမုတ်သုန်၊ ဗိုလ်မှူးစောတင်ဝင်းနှင့် BGF ပိုင် ချစ်လင်းမြိုင် ကုမ္ပဏီကို ဥရောပသမဂ္ဂ (EU)က ဒဏ်ခတ်ပိတ်ဆို့ကြောင်း သိရပါတယ်။

၄င်းတို့ဟာ ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်တွင် အွန်လိုင်းငွေကြေးလိမ်မှုလုပ်ငန်း၊ မူးယစ်ဆေဝါး၊ နိုင်ငံဖြတ်ကျော် လူကုန်ကူးမှုများနှင့် အတင်းအဓမ္မ ခိုင်းစေမှုများ စသည့် တရားမဝင်လုပ်ငန်းများတွင် ခေါင်းဆောင်များဖြစ်ကြပြီး ချစ်လင်းမြိုင်ကုမ္ပဏီက အကျိုးအမြတ်ယူသည့်အတွက် အီးယူအနေဖြင့် ယခုလို ဒဏ်ခတ်တာဖြစ်တယ်လို့ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။ ဒါ့အပြင် တော်လှန်ရေးအင်အားစုများအကြောင်း စစ်ကောင်စီထံ သတင်းပေးခြင်းများရှိသလို စစ်တပ်က တပ်သားသစ်စုဆောင်းမှုများနှင့်လည်း BGF ဆက်စပ်မှုရှိသည်ဟု ထုတ်ပြန်ချက်တွင်ပါဝင်ပါတယ်။ ဒီအရေးယူမှုမျိုးကို ဂရုမစိုက်ကြောင်း ဗိုလ်မုတ်သုံက ပြောပါတယ်။ ကျနော်တို့ဒေသမှာလာပြီး အရေးယူမယ်ဆိုရင် ကျနော်တို့ကလည်း လေးဂွ ကိုင်တာမဟုတ်ဘူး၊ အဓိကက ကျနော်တို့ကရင်တွေကို တိုက်ခိုက်ချင်လို့ နိုင်ငံကြီးတွေကို သွားပြီးတင်ပြတာ၊ နိုင်ငံကြီးတွေမှာလည်း ကာစီနို၊ အွန်လိုင်းကစားတာတွေ အများကြီးရှိတယ် ပြောလို့တောင် မကုန်ဘူး။ ဒီဟာက ကိစ္စကြီးကြီး မဟုတ်ဘူး။ အမေရိကန်မှာဆိုရင် ဒီထက်တောင် များတယ်။ တစ်မြို့လုံးရှိတယ်။ ကျနော်တို့ကို ဘယ်လိုလုပ် အရေးယူလို့ရမလဲ သူတို့နိုင်ငံမှာသွားလုပ်တာမဟုတ်ကြောင်း “ စသဖြင့်ဒေသတွင်း သတင်းမီဒီယာတွေထံ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။ DKBA ဟာ ၁၉၉၄ ခုနှစ်မှာ ကေအန်ယူမှ ခွဲထွက်ခဲ့ပြီးနောက် ကရင့်လက်နက်ကိုင်အင်အားများ ကွဲထွက်သွားပါတယ်။ အဲ့ဒီနောက် စစ်အုပ်စုနဲ့ အပစ်ရပ်ပြီး ခုထိတိုင်အောင် စီးပွားရေးလုပ်ငန်းများနဲ့သာ အချိန်ကြာမြင့်ခဲ့ပါတယ်။ အဲ့ဒီနောက် စစ်တပ်ရဲ့ လက်အောက်ခံအဖြစ် BGF ထပ်မံပေါ်ထွက်လာပြီး ရွှေကုက္ကိုလ်ကဲ့သို့ ကာစီနိုမြို့များထောင်ကာ အခုလို စစ်ကောင်စီအမိန့်အောက်မှာ ရပ်တည်နေရခြင်း ဖြစ်သည်။

The post စစ်ကောင်စီအမိန့်အောက်မှာ ကရင့်လက်နက်ကိုင်တပ်များတည်ရှိနေပြီး နိုင်ငံတကာရဲ့အရေးယူမှုတွေကိုလည်း ဂရုမစိုက်ကြောင်း တုံ့ပြန်လိုက်ပါတယ် first appeared on Voice of Revolution Live News.



Source link

Leave a Reply

Your email address will not be published. Required fields are marked *