ylliX - Online Advertising Network

ကွတ်ခိုင်မြို့ကို လေတပ် ဗုံးကြဲ၊  အမျိုးသားတစ်ဦး သေဆုံး


တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA)  ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ကို  ယနေ့ (နိုဝင်ဘာ ၁) နံနက်တွင် စစ်လေယာဉ်က သုံးကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးသည်ဟု မြို့ခံများက ပြောကြသည်။ 

TNLA ကလည်း ထိုဖြစ်ရပ်အကြောင်း သတင်းထုတ်ပြန်ထားပြီး အရုဏ်တက်ချိန်တွင် စစ်လေယာဉ် ၂ စီးက ၂ ကြိမ်ခွဲ၍ မြို့ပေါ်ကို ဗုံးကြဲချခဲ့ခြင်း ဖြစ်သည်၊    ၅ နေရာထက် မနည်းတွင် ဗုံး ၈ လုံး ကြဲချခဲ့သည်ဟု  ထုတ်ပြန်ချက်က ဆိုသည်။ မပေါက်ကွဲသေးသည့်ဗုံးတစ်လုံးလည်း ရှိသည်ဟု ဆိုသည်။ 

မြို့အဝင် အေးရှားဝေါလ်တိုးဂိတ်အနီးရှိ မူးယစ်ရုံး၊  ကိုဗစ်စင်တာတစ်ခု၊  မီးသတ်ရုံး၊  အမှတ် (၂) ရပ်ကွက်ရှိ အကောက်ခွန်ဌာနရုံး၊ EPC ရုံးတို့ ထိခိုက်ပျက်စီးခဲ့ကြောင်း မြို့ခံများနှင့် TNLA ထံက သိရသည်။ 

 ကွတ်ခိုင်မြို့ခံ အမျိုးသားတစ်ဦးက လေယာဉ်ပျံအသံကြောင့် လန့်နိုးရသည်ဟု ပြောသည်။ 

“မနေ့က လေယာဉ်ပျံတာကလည်း တအားနိမ့်တယ်၊ ကျွန်တော်တို့  အသံကြားလို့ နိုးနိုးချင်းပဲ ကြဲသွားတာ” ဟု သူက ပြောသည်။ 

“နှစ်ကြိမ်က တိုက်လေယာဉ်ပဲ။  နောက်ဆုံးတစ်ကြိမ်က ဗုံးက ၈ လုံးလောက်ကြဲတာ ဘာလေယာဉ်မှန်း မသိဘူး။ မူးယစ်ရုံးအဆောက်အဦက အမိုးတွေ ပွင့်ထွက်သွားတယ်” 

သေဆုံးသူ အမျိုးသားနှင့်ပတ်သက်၍ အခြေအနေ အသေးစိတ် မသိရှိရသေးပေ။

ဗုံးကျရောက်ပေါက်ကွဲသည့် နေရာနှင့် နှစ်ဖာလုံခန့်အကွာတွင် နေထိုင်သည့် အခြားမြို့ခံတစ်ဦးက ကလေးငယ်များ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထိတ်လန့်သွားကြသည်ဟု ပြောသည်။

“ဗုံးကျတဲ့ အချိန် အသံက အရမ်းကျယ်လို့ ကလေးတွေ လန့်ကုန်ပြီး ငိုတဲ့သူက ငိုနဲ့၊ အဲ့အချိန် နောက်ထပ် ဗုံးတစ်လုံးထပ်ကျသေးတယ်။ ကျွန်တော့်မိသားစုနဲ့ ကလေးတွေတော့ ဘေးကင်းပါတယ်”ဟု ထိုမြို့ခံက ပြောသည်။

TNLA ထိန်းချုပ်မြို့များကို စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်လေ့ရှိရာ ပြီးခဲ့သည့် သြဂုတ် ၅ ရက်ကလည်း လေကြောင်းတိုက်ခိုက်မှုကြောင့် ကွတ်ခိုင်မြို့ မြို့မစျေး ထိခိုက်ပျက်စီးပြီး ဒေသခံ ၆ ဦး သေဆုံးခဲ့သည်။ 

ယနေ့နံနက် ဗုံးကြဲတိုက်ခိုက်မှုအပြီး မြို့ပေါ်တွင် လူအသွားအလာနည်းပါးပြီး စျေးများ၊‌ ကျောင်းများပိတ်ထားရကြောင်း မြို့ခံများက ပြောကြသည်။ 

“စျေးမှာလည်း လူတော့ပါးသွားတယ်။ ဆိုင်တွေသိပ်မခင်းကြဘူး။ ဗုံးကြဲမယ်ဆိုပြီးခဏ ခဏ သတင်းထွက်နေလို့ တော်တော်လည်း လူမရှိဘူး။ လူတွေလည်းအပြင်မထွက်ကြတော့ဘူး”ဟု ကွတ်ခိုင်မြို့ခံ အမျိုးသား နောက်တစ်ဦး က ပြောသည်။ 

ကွတ်ခိုင်မြို့တွင် တရုတ်လူမျိုးများ အများစုရှိပြီး တအောင်း (ပလောင်)၊ ကချင်နှင့် ရှမ်းလူမျိုးများလည်း နေထိုင်သည်။ 



ကွတ်ခိုင်မြို့ကို  TNLA  က  ဇန်နဝါရီ ၈ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ 

ကွတ်ခိုင်မြို့နယ်တွင်  ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့်  ကိုးကန့် (MNDAA) တပ်များလည်း အခြေစိုက် လှုပ်ရှားနေသည်။





Source link

Leave a Reply

Your email address will not be published. Required fields are marked *