ylliX - Online Advertising Network

အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက် ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ (၁၇)ကြိမ်မြောက် အစည်းအဝေးသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်


အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက် ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ (၁၇)ကြိမ်မြောက် အစည်းအဝေးသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်

နေပြည်တော် နိုဝင်ဘာ ၂
ဗီယက်နမ်နိုင်ငံ ဟွိုင်အန်းမြို့တွင် အောက်တိုဘာလ ၂၈ ရက်မှ နိုဝင်ဘာလ ၂ ရက်အထိ ကျင်းပသည့် အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ (၁၇)ကြိမ်မြောက် အစည်းအဝေးနှင့် ဗီယက်နမ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ လက်ခံကျင်းပသည့် အာဆီယံအသိုက်အဝန်း လမ်းပြမြေပုံ(၂၀၂၅)အား ပြန်လည်သုံးသပ်ခြင်းနှင့် အာဆီယံမျှော်မှန်းချက်(၂၀၄၅)ဆိုင်ရာ ဒေသတွင်းဆွေးနွေးပွဲများသို့ မြန်မာနိုင်ငံ၏ အဆင့်မြင့်လုပ်ငန်းအဖွဲ့ခေါင်းဆောင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင် ဦးဆောင်၍ နိုင်ငံခြားရေးဝန်ကြီးဌာန အာဆီယံရေးရာဦးစီးဌာနမှ ဘာသာရပ်တာဝန်ခံအရာထမ်း နှစ်ဦး တက်ရောက်ခဲ့သည်။
ယင်းအစည်းအဝေးနှင့် ဆက်စပ်၍ အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့၏ အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်းနှင့် စပ်လျဉ်းသည့် မဟာဗျူဟာစီမံချက် မူကြမ်းရေးဆွဲရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ပြီး ဆွေးနွေးရန်ကျန်ရှိနေသည့် နယ်ပယ်များကို ဆက်လက်ညှိနှိုင်းဆွေးနွေးခဲ့ရာ ၉၂ ဒသမ ၉ ရာခိုင်နှုန်းအထိ ပြီးစီးခဲ့သည်။
အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ (၁၇) ကြိမ်မြောက်အစည်းအဝေးကို အာဆီယံဥက္ကဋ္ဌဖြစ်သည့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ အဆင့်မြင့်လုပ်ငန်းအဖွဲ့ခေါင်းဆောင်Mr. Chatoulong Boua-sisavath နှင့် အာဆီယံအသိုက်အဝန်း မျှော်မှန်းချက်စာတမ်း ရေးဆွဲရေးဆိုင်ရာ အမြဲတမ်းဦးဆောင်အဖွဲ့ဝင် မလေးရှားနိုင်ငံ၏ အဆင့်မြင့်လုပ်ငန်းအဖွဲ့ခေါင်းဆောင် Mr. Dato Zainuddin Yahya တို့က ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့်လုပ်ငန်းအဖွဲ့ခေါင်းဆောင်များ၊ အဆင့်မြင့်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်းဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ်နှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးအတွင်း အဆင့်မြင့်လုပ်ငန်းအဖွဲ့ခေါင်းဆောင်များသည် ဗီယက်နမ် မဟာဗျူဟာလေ့လာရေးနှင့် အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုး တိုးတက်မှုစင်တာနှင့် အာဆီယံသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုနှင့် လူသားချင်းစာနာမှု ညှိနှိုင်းဆောင်ရွက်ရေး ဗဟိုဌာနမှ ကိုယ်စားလှယ်များနှင့် မျက်နှာစုံညီ ဆွေးနွေးပွဲပြုလုပ်ခဲ့ရာ ကိုယ်စားလှယ်များက ၎င်းတို့ဆောင်ရွက်လျက် ရှိသော လုပ်ငန်းစဉ်များ၊ အာဆီယံအသိုက်
အဝန်း (၂၀၄၅) အား ရေးဆွဲအကောင်အထည်ဖော်ရာတွင် ပံ့ပိုးဆောင်ရွက်နိုင်သည့် ကိစ္စရပ်များနှင့် အကြံပြုချက်များကို တင်ပြခဲ့ကြသည်။ သက်ဆိုင်ရာကိုယ်စားလှယ်များ၏ တင်ပြအကြံပြုချက်များနှင့် ဆွေးနွေးမှုများအပေါ် အဆင့်မြင့်လုပ်ငန်းအဖွဲ့ ခေါင်းဆောင်များက ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် အာဆီယံအသိုက်အဝန်း လမ်းပြမြေပုံ(၂၀၂၅)အား ပြန်လည်သုံးသပ်ခြင်းနှင့် အာဆီယံမျှော်မှန်းချက် (၂၀၄၅)ဆိုင်ရာ ဒေသတွင်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ရာ ဆွေးနွေးပွဲတွင် အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေး၊ စီးပွားရေး၊ လူမှု-ယဉ်ကျေးမှု၊ ဒေသတွင်း ဆက်သွယ်ရေးဆိုင်ရာ မဟာဗျူဟာများနှင့် အာဆီယံပေါင်းစည်းရေး ကနဦးအစီအစဉ်တို့၏ အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေများ၊ အာဆီယံအသိုက်အဝန်း မျှော်မှန်းချက် (၂၀၄၅) နှင့် မဟာဗျူဟာစီမံချက်များရေးဆွဲရေးလုပ်ငန်းစဉ်များ၏ ဖြစ်ပေါ်တိုးတက်မှုများနှင့် ကဏ္ဍစုံပါဝင်နေသည့်ကိစ္စရပ်များအပေါ် မဏ္ဍိုင် (၃) ခုအောက်ရှိ ကဏ္ဍအလိုက်အဖွဲ့အစည်းများ အကြား နီးကပ်စွာပူးပေါင်းဆောင်ရွက်ရေးတို့အပေါ် တက်ရောက်လာသူများနှင့် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေး၏ ရလဒ်များအနေဖြင့် အာဆီယံအသိုက်အဝန်း မျှော်မှန်းချက် (၂၀၄၅)၏ အာဆီယံနိုင်ငံရေးနှင့်လုံခြုံရေးအသိုက်အဝန်း မဟာဗျူဟာစီမံချက်အား တတိယအကြိမ် ဖတ်ကြားဆွေးနွေးမှုကို ဆောင်ရွက်နိုင်ခဲ့သည့်အပြင် လာမည့် (၁၈)ကြိမ်မြောက်နှင့် (၁၉)ကြိမ်မြောက် အစည်းအဝေးတို့တွင် အပြီးသတ်ညှိနှိုင်းရေးဆွဲသွားရန်၊ အာဆီယံအသိုက်အဝန်း မျှော်မှန်းချက် (၂၀၄၅) အား ကောင်အထည်ဖော်မည့် အာဆီယံမဏ္ဍိုင် (၃) ရပ်နှင့် အာဆီယံပေါင်းစပ်ဆက်သွယ်မှု မဟာဗျူဟာစီမံချက်များကို ၂၀၂၅ ခုနှစ်တွင် မလေးရှားနိုင်ငံ၌ ကျင်းပမည့် (၄၆) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် အချိန်မီအတည်ပြုနိုင်ရေးအတွက် ရေးဆွဲဆောင်ရွက်နေကြောင်း သိရသည်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *