ylliX - Online Advertising Network

စစ်ခေါင်းဆောင်၏ တရုတ်ခရီးစဉ်ကို ထုတ်ဖော်ကြေညာ – Myanmar Now


စစ်တပ်အာဏာသိမ်းပြီး ၄ နှစ်နီးပါးအကြာတွင်  စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်နိုင်ငံသို့ ပထမဆုံးအကြိမ်သွားရောက်မည်ဖြစ်ကြောင်း  ယနေ့ (နိုဝင်ဘာ ၄) တွင် ကြေညာသည်။

ကူမင်းမြို့တွင်ကျင်းပမည့် တရုတ် နှင့် မဲခေါင်ဒေသတွင်းနိုင်ငံများကြား ပူးပေါင်းဆောင်ရွက်သော စီးပွားရေးဆိုင်ရာဆွေးနွေးပွဲကို တက်ရောက်မည်ဟု  ကြေညာချက်တွင် ဖော်ပြသည်။

မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေး၊  ဧရာ၀တီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ ထိပ်သီးအစည်းအဝေး၊ ကမ္ဘောဒီးယား-လာအို-မြန်မာ- ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှုထိပ်သီးအစည်းအဝေးများ ဖြစ်သည်ဟုဆိုသည်။

စစ်ခေါင်းဆောင်၏ ယခုတရုတ်ခရီးစဉ်မတိုင်မီတွင်  စစ်ထောက်လှမ်းရေး  ဗိုလ်မှူးချုပ်ဟောင်းသိန်းဆွေ၊ ဗိုလ်မှူးကြီးဟောင်းလှမင်းတို့သည် တရုတ်နိုင်ငံသို့ရောက်ရှိနေပြီး  တရုတ်အစိုးရ၏ မူဝါဒအကြံပေး အဖွဲ့များနှင့် တွေ့ဆုံနေသည်။

ဒီမိုကရေစီလိုလားသူများ၊   နိုင်ငံရေးအကျဉ်းသားများကို ရက်ရက်စက်စက်နှိမ်နှင်းမှုများကြောင့် နာမည်ကြီးသည့်  စစ်ထောက်လှမ်းရေးတပ်မှ အရာရှိဟောင်းများက Paragon Institute အမည်ဖြင့် တရုတ်နိုင်ငံ ပေကျင်းအခြေစိုက်  Think-Tank ဟုခေါ်သည့် သုတေသနနှင့်မူဝါဒရေးရာ အကြံပေးများနှင့် လိုက်လံတွေ့ဆုံနေခြင်းဖြစ်သည်။

ထိုခရီးစဉ်မတိုင်မီ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည် သြဂုတ်လဒုတိယပတ်တွင် နေပြည်တော်သို့  ရောက်လာခဲ့ပြီး စစ်ခေါင်းဆောင်၊ အာဏာရှင်ဟောင်း ဗိုလ်ချုပ်သန်းရွှေတို့ကို တွေ့ဆုံခဲ့သေးသည်။ 

ယင်းခရီးစဉ်အပြီး ရှမ်းပြည်မြောက်ပိုင်းတွင် စစ်ကောင်စီကို တော်လှန်မှုများရပ်ရန် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)  တို့ကို တရုတ်က ဖိအားပေးခဲ့သည်။

အလားတူ စစ်ကောင်စီကိုဆန့်ကျင်တိုက်ခိုက်မှုများရပ်ရန် ကချင်တော်လှန်ရေးတပ်ဖွဲ့ KIO/KIA တာဝန်ရှိသူများနှင့် တရုတ်အစိုးရတာဝန်ရှိသူများက အောက်တိုဘာ ၁၇ ရက်နေ့ကတွေ့ဆုံစဥ် ထပ်မံ ဖိအားပေးခဲ့သည်။

ထိုသို့တရုတ်၏ ဖိအားပေးမှုများရှိနေသည့်တိုင် ပြီးခဲ့သည့် အောက်တိုဘာလ ဒုတိယပတ်တွင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ သီပေါမြို့ကို TNLA က ထပ်မံသိမ်းယူထားသည်။ 

ထို့ပြင် ကချင်ပြည်နယ်အတွင်း စစ်ကောင်စီနှင့် KIA တို့ တိုက်ပွဲဆက်ဖြစ်နေပြီး KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လကလည်း စစ်အာဏာရှင်ပြုတ်ကျရန် နွေဦးတော်လှန်ရေးတွင် ပါဝင်နေသည့် အဖွဲ့အစည်းများနှင့် ပူးပေါင်းတိုက်ထုတ်သွားမည်ဟု  အောက်တိုဘာ ၂၅ ရက်နေ့တွင်  ထုတ်ဖော်ပြောဆိုထားသည်။

ထိုအချိန်တွင် တရုတ်ကလည်း  နယ်စပ်ကုန်သွယ်ရေး ဂိတ်များကို ပိတ်လိုက်သည့်နည်းဖြင့် ကုန်စည်စီးဆင်းမှုကို  ကန့်သတ်လာသည်။

“ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်(UWSA) ထိန်းချုပ်ထားသည့် “ဝ” ဒေသ၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဌာနချုပ်တည်ရှိရာ လိုင်ဇာ၊ ကိုးကန့်နှင့် မိုင်းလားဒေသစသည့် နယ်စပ်ဂိတ်များအပါဝင် ရှမ်းနှင့် ကချင်ပြည်နယ်တို့မှ နှစ်နိုင်ငံကုန်သွယ်နေသည့် နယ်စပ်ဂိတ်များကိုပါ ကန့်သတ်ထားခြင်းဖြစ်သည်။



 စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာတွင် ဒေသခံ ၂၀၀ ခန့် စုဝေးနေသည့် အကျွေးအမွေး အစီအစဉ်တစ်ခုကို လေတပ်က ဗုံးကြဲအပြီး တွေ့ရသည့် မြင်ကွင်းတစ်ခု။

တရုတ်နိုင်ငံသည် စစ်အာဏာရှင်ပြုတ်ကျပြီး ဒီမိုကရေစီအင်အားစုများ အားကောင်းလာမည်ကို မလိုလားကြောင်းကို ဩဂုတ်လ ၂၇ ရက်နေ့၌ ယူနန်ပြည်နယ်တောင်ပိုင်း ဖူးအာမြို့ (Pu’er City) တွင် ပြုလုပ်သည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာန အာရှရေးရာအထူးကိုယ်စားလှယ် တိန့်ရှီကျွင်းက “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ/တပ်မတော် (UWSP/UWSA) ခေါင်းဆောင်များနှင့် တွေ့ဆုံရာတွင် ပြောဆိုခဲ့သည်ဟု ဆွေးနွေးမှုမှတ်တမ်းတွင် ဖော်ပြသည်။

Myanmar Now က ရရှိထားသည့် ထိုအစည်းအဝေးမှတ်တမ်း အထောက်အထားအရ တရုတ် အစိုးရသည် MNDAA နှင့်ကိုးကန့်ဒေသကို  လျှပ်စစ်မီး၊ ရေ၊ အင်တာနက်၊ ထောက်ပံ့ရေးပစ္စည်းများ (လောင်စာဆီ၊ ဆေးဝါးနှင့် ဆန် အပါအဝင် လူသုံးကုန်ပစ္စည်းများ) ပိတ်ဆို့ခြင်းနှင့် လူအဝင်အထွက်ကို တားမြစ်ထားသည်။

မြန်မာစစ်တပ်သည် မြန်မာနိုင်ငံကို ထူထောင်ထားသူဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ သို့မဟုတ် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီသည် စစ်တပ်နေရာတွင် အစားထိုး မရနိုင်ကြောင်း၊ စစ်တပ်ပြိုကျပြီး အနောက်နိုင်ငံများနှင့်နီးစပ်သည့် NUG နှင့် PDF အုပ်စုများ အနိုင်ရသွားမည်ကို လုံးဝလက်ခံ မည်မဟုတ်ကြောင်း တရုတ် အထူးကိုယ်စားလှယ်တိန့်ရှီကျွင်းက “ဝ” ခေါင်းဆောင်များအား ပြောကြားခဲ့သည်ကို အစည်းအဝေးမှတ်တမ်းတွင် တွေ့ရသည်။

စစ်ခေါင်းဆောင်သည် အာဆီယံဘုံသဘောတူညီချက် (၅) ရပ်ကို အကောင်အထည် ဖော်မပေးခြင်းကြောင့် အာဆီယံက ထိပ်သီး အစည်းအဝေးများတက်ရောက်ခွင့် ပိတ်ပင်ထားသည်။

သို့သော် စစ်ခေါင်းဆောင်ကို တရုတ်နိုင်ငံက တရားဝင်ဖိတ်ကြားကာ ပွဲထုတ်လာသည်။ 

မဲခေါင်ဒေသတွင်းနိုင်ငံများကြား ပူးပေါင်းဆောင်ရွက်သော စီးပွားရေးဆိုင်ရာဆွေးနွေးပွဲသို့ တရုတ်၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် လာအိုနိုင်ငံတို့မှ ခေါင်းဆောင်များ တက်ရောက်ကြမည်ဖြစ်သည်။

၂၀၂၁ တွင် အာဏာသိမ်းပြီးနောက် အရပ်သားများကို နေ့စဉ် ပစ်ခတ် သတ်ဖြတ်နေသဖြင့် နိုင်ငံတကာက စစ်ခေါင်းဆောင်ကို ပိတ်ဆို့ အရေးယူ ကန့်သတ်နေသော်လည်း ထိုအထဲတွင် ရုရှား၊ တရုတ်တို့ မပါဝင်ပေ။ ထို့ပြင် ကုလသမဂ္ဂအစည်းအဝေးများတွင်လည်း ရုရှားနှင့်တရုတ်တို့က မြန်မာ့အာဏာရှင် အဆက်ဆက်ကို အကာအကွယ်ပေးထားခဲ့ကြသည်။

ရုရှားက ပြီးခဲ့သည့် ၄ နှစ်အတွင်း စစ်ခေါင်းဆောင်ကို အကြိမ်ကြိမ် ပြည်ဝင်ခွင့် ပေးခဲ့ရာ စစ်ခေါင်းဆောင်က  ရုရှားခေါင်းဆောင် မစ္စတာပူတင်ကို ကမ္ဘာ့ခေါင်းဆောင်ကြီးဟု ခေါ်ဆိုခဲ့သည်။





Source link

Leave a Reply

Your email address will not be published. Required fields are marked *