ylliX - Online Advertising Network

စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ခရီးစဉ်စတင်



အာဏာသိမ်းစစ်ခေါင်းဆောင် စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ တရုတ်ပြည်ခရီးစဉ် ဒီကနေ့အင်္ဂါနေ့ မနက်ပိုင်းမှာ စတင်လိုက်ပြီဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ် အတွင်း သူနဲ့အတူ စစ်ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီးညိုစောအပါအဝင် စစ်ကောင်စီခန့် ဝန်ကြီးတွေ တနင်္သာရီတိုင်း ရန်ကုန်တိုင်း ဧရာဝတီတိုင်း ဝန်ကြီးချုပ်တွေ နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကြည်းက စစ်တပ်အရာရှိတွေ အတူလိုက်ပါသွားတယ်လို့လည်း စစ်ကောင်စီက ဒီကနေ့ နိုဝင်ဘာလ ၅ရက်နေ့ နေ့စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။ တရုတ်ကိုသွားမယ့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ကို စစ်ကောင်စီဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်းနဲ့စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ တရုတ်သံရုံးဒုတိယအကြီးအကဲတွေက ပို့ဆောင်ခဲ့တယ်ဆိုတာကို သတင်းထုတ်ပြန်ပါတယ်။

စစ်တပ်က အရပ်သားအစိုးရလက်ကနေ စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်း စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရဲ့ ပထမဆုံးအကြိမ် တရုတ်ပြည်ခရီးစဉ်အဖြစ် သွားရောက်မယ့် ခရီးစဉ်ဟာ တရုတ်အစိုးရရဲ့ဖိတ်ကြားချက်အရ သွားရောက်တာဖြစ်ပြီး ခရီးစဉ်အတွင်း တရုတ်အစိုးရအဖွဲ့ တာဝန်ရှိသူတွေနဲ့တွေ့ဆုံဆွေးနွေးမှာဖြစ်သလို တရုတ်နိုင်ငံမှာ ကျင်းပပြုလုပ်မယ့် မဲခေါင်ထိပ်သီးအစည်းအဝေးတွေကိုလည်း တက်ရောက်ဖို့ အဓိက ထွက်ခွာတာဖြစ်တယ်လို့လည်း ဒီကနေ့ စစ်ကောင်စီရဲ့ထုတ်ပြန်ချက်ထဲပါရှိပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တရုတ်နိုင်ငံခရီးစဉ်ထဲမှာ တရုတ်-မြန်မာ နှစ်နိုင်ငံကြား ချစ်ကြည်ရေး စီးပွားရေး ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးတွေကို ပိုပြီးတော့မှ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်သွားမှာဖြစ်တဲ့အကြောင်း စစ်ကောင်စီက သတင်း ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံ ကူမင်းမြို့ကို ဆိုက်ရောက်တဲ့နေ့မှာပဲ တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေနဲ့တွေ့ဆုံဆွေးနွေးခဲ့တယ်ဆိုတာ ဒေသတွင်းသတင်းတွေမှာ ဖော်ပြနေပါတယ်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Mao Ning ကလည်း နိုဝင်ဘာလ ၄ရက်နေ့ တရုတ်နိုင်ငံ ပေကျင်းမြို့တော် သတင်းစာရှင်းလင်းပွဲမှာ မဲခေါင်မြစ်ဝှမ်း ၅ နိုင်ငံဖြစ်တဲ့ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနဲ့ ဗီယက်နမ် နိုင်ငံက ခေါင်းဆောင်တွေနဲ့အတူ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ဥက္ကဋ္ဌတို့ ထိပ်သီးအစည်းအဝေးတက်ဖို့ ဖိတ်ကြားထားတယ်ဆိုတာ အတည်ပြုထားပါတယ်။

အခုလို တရုတ်နိုင်ငံက စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို တရုတ်သို့လာရောက်ရန် ဖိတ်ကြားတဲ့အပေါ် ဖိတ်ခေါ်မှုကို ပြန်လည်သုံးသပ်သင့်ကြောင်းနဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့ စိတ်မကောင်း၊ စိုးရိမ်ပူပန်မှုဖြစ်မိကြောင်း NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက (အောက်တိုဘာ ၃၀ရက်)တွင် ပြည်သူလူထုနှင့်နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း(Press Briefing)အစီအစဉ်မှတဆင့် ပြောကြားထားပါတယ်။

တရုတ်-မြန်မာနှစ်နိုင်ငံကြား သံတမန်ရေး စစ်ရေး အကဲခတ်လေ့လာသူတွေကတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖိတ်ကြားတဲ့ ခရီးစဉ်ဟာ စစ်ကောင်စီ အုပ်ချုပ်မှုကို တရားဝင် ထောက်ခံကြောင်း တရုတ်နိုင်ငံက ပြသလိုက်သလို၊ တရုတ်နိုင်ငံရဲ့ အခိုင်အမာ ကျောထောက်နောက်ခံ ပေးထားမှုကို နိုင်ငံတကာကို ပြသတဲ့ ခရီးစဉ်လို့ ယူဆကြပါတယ်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *