ylliX - Online Advertising Network

စစ်ကောင်စီနယ်ခြားစောင့်တပ်ထံမှသိမ်းပိုက်ထားသည့် ကချင်အထူးဒေသ(၁)တွင် KIA အုပ်ချုပ်ရေးစတင် – Myanmar Now


ကချင်ပြည်နယ် တရုတ်-မြန်မာ နယ်စပ်မျဉ်းတစ်လျောက်ရှိ ကချင် အထူးဒေသ(၁) နယ်မြေတစ်ခုလုံးနီးပါးကို သိမ်းပိုက်ထားသည့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သည် ဒေသအတွင်းစည်းရုံးရေးနှင့် နယ်မြေရှင်းလင်းရေး လုပ်နေသည်ဟု သိရသည်။

အထူးဒေသ(၁)နယ်မြေအတွင်းရှိ ပြည်သူ့စစ်ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်း၏ ပြည်သူ့စစ်အဖွဲ့ဌာနချုပ်ရှိရာ ပန်ဝါမြို့အပါအဝင် ချီဖွေ၊ ဆော့လော်၊ ဆဒုံး၊ ဖီမော်၊ ကန်ဖန့် စသည့် ဒေသများကို KIA တပ်က သိမ်းပိုက်ထားပြီးဖြစ်သည်။

ထိုဒေသအတွင်း နယ်မြေရှင်းလင်းရေး၊ လုံခြုံရေးနှင့် လက်နက်မချသေးသည့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချို့ကို စည်းရုံးနေသည်ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“တော်တော်များများကတော့ ကျွန်တော်တို့ထိန်းချုပ်လို့ရပါတယ်၊ ထိန်းချုပ်ရတယ်ဆိုတာကတော့ ကျွန်တော်တို့ ဝင်စီးတဲ့ ရွာတွေကို စည်းရုံးရေးနဲ့ လုံခြုံရေးကို လုပ်ဆောင်နေပါတယ်။ ထွက်ပြေးသွားတဲ့ ပြည်သူ့စစ်နဲ့ (နယ်ခြားစောင့်တပ်)BGF တချို့ရှိတယ် အဲဒါတွေကိုလည်း ကျွန်တော်တို့ လိုက်ပြီးမှ စည်းရုံးနေတယ်” ဟု ၎င်းက ပြောသည်။

KIA သည် ပြီးခဲ့သည့် စတင်ဘာလမှစတင်ကာ အထူးဒေသ(၁)ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး နယ်စပ်ကုန်သွယ်ရေးမြို့ ကန်ပိုက်တည်မြို့မှလွဲ၍ စစ်ကောင်စီတပ်စခန်းနှင့် ပြည်သူ့စစ်တပ်စခန်းများကို သိမ်းပိုက်ထားသည်။

အထူးဒေသ(၁)တွင် ပါဝင်သည့် ဆဒုံးမြို့ကို ယခုနှစ် ဇွန်လတွင် သိမ်းပိုက်နိုင်ခဲ့ပြီးနောက် တိုက်ပွဲများ ခေတ္တရပ်နားခဲ့သည်။ ထို့နောက် စက်တင်ဘာလတွင် ပြန်လည်စတင်သည့်ထိုးစစ်အတွင်း ချီဖွေ၊ ဆော့လော်၊ ပန်ဝါ၊ ဖီမော်စသည့် မြို့များနှင့် ကန်ဖန့်ဒေသတို့ကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် အဆိုပါ ဒေသများလုံခြုံရေးအတွက် အဓိက တာဝန်ယူထားသည့် နယ်ခြားစောင့်တပ် BGF တပ်ရင်းများဖြစ်သည့် အမှတ် ၁၀၀၁၊ ၁၀၀၂ နှင့် ၁၀၀၃ တို့ကိုလည်း သိမ်းပိုက်ထားပြီးဖြစ်သည်။

အထူးဒေသ(၁)ထိုးစစ်အတွင်း ကန်ဖန့်ဒေသမှ ပြည်သူ့စစ်အဖွဲ့ဝင် ၁၀၀ ကျော် KIA ထံ လက်နက်ချခဲ့ပြီး လက်နက်အများအပြားလည်း သိမ်းဆည်းနိုင်ခဲ့သည်ဟု ဒေသတွင်း သတင်းဌာနများက ရေးသားကြသည်။

ကန်ဖန့်ဒေသမှ ပြည်သူ့စစ်များ ၎င်းတို့နှင့်ပူးပေါင်းလာသည်မှာ မှန်ကန်ကြောင်းနှင့် အသေးစိတ်အချက်အလက်များကို မသိနိုင်သေးဟုလည်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“(ပြည်သူ့စစ်)သူတို့ကတော့ ကန်ဖန့်ဘက်မှာ စုနေတာ၊ အခုတော့ ကျွန်တော်တို့နဲ့ ပြန်ပြီးမှ ပူးပေါင်းသွားတာဖြစ်ပါတယ်၊ အလင်းဝင်တာမဟုတ်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့က ညီအကိုတွေဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

ပြည်သူ့စစ်နှင့် BGF တပ်ဖွဲ့ဝင်များမှာ တစ်စုတစ်စည်းထဲ ပူးပေါင်းလာခြင်းမဟုတ်ဘဲ ကျေးရွာတစ်ခုချင်းစီမှ အသီးသီးပူးပေါင်းလာသည့်အတွက် အရေအတွက် သေးစိတ်ကို အတည်မပြုနိုင်သေးကြောင်းလည်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)မှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်က ကန်ဖန့်ဒေသမှ ပြည်သူများကလည်း KIA တပ်ဖွဲ့ဝင်များကို ကြိုဆိုခဲ့ကြကြောင်း နိုဝင်ဘာ ၄ ရက်က ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။



KIA မှ ခွဲထွက်ကာ ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)တပ်မှူးအဖြစ် တာဝန်ယူခဲ့ဖူးသူ ဦးဇခုန်တိန့်ယိန်းက ဗပက ပြိုကွဲပြီးနောက် ကချင်ဒီမိုကရေစီသစ်တပ်မတော်(NDA-K)အဖြစ်ပြောင်းလဲဖွဲ့စည်းခဲ့သည်။  ထို့နောက် ယခင်စစ်အစိုးရလက်ထက်တွင် နယ်ခြားစောင့်တပ်(BGF)အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

လတ်တလော အထူးဒေသ(၁)တွင် တိုက်ပွဲများ ငြိမ်နေသည်ဟု သိရသော်လည်း ကချင်ပြည်နယ်တောင်ပိုင်းရှိ မိုးမောက်နှင့် ဗန်းမော်မြို့များအနီးတွင်မူ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု KIA စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

စစ်ကောင်စီတပ်က ၎င်းတို့ လက်လွှတ်ထားရသည့် မိုးမောက်မြို့အနီးရှိ ခမရ(၄၃၇)စခန်းကို ပြန်လည်သိမ်းပိုက်နိုင်ရန်မြေပြင်၊ လက်နက်ကြီးပစ်ကူများအပြင် လေကြောင်းကပါ အပြင်းအထန် ထိုးစစ်ဆင်နေသည်ဟု သိရသည်။

“စစ်တပ်ဘက်က ၄၃၇ စခန်းကို ပြန်ရဖို့ပေါ့နော် ကြိုးစားတဲ့သဘောရှိပါတယ်။ မြေပြင်ကလည်း တိုက်တယ်၊ လေကြောင်းတွေ၊ လက်နက်ကြီးတွေနဲ့ သူတို့ရဲ့ သံချပ်ကာကားတွေနဲ့ ထိုးစစ်ဆင်တာရှိပါတယ်။ ဒါပေမယ့် မြေပြင်အခြေအနေကိုတော့ မကြားရသေးပါဘူး” ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ဖားကန့်မြို့နယ်နှင့် စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် နယ်စပ်မျဉ်းအနီးတွင်ရှိသည့် ရှမ်းနီပြည်သူ့စစ်များ၏ တပ်စခန်းကြီးအချို့ကိုလည်း KIA နှင့် ပူပေါင်းတပ်များက သိမ်းပိုက်ထားသည်။

ယခုနှစ် မတ်လမှ စတင်သည့် စစ်အာဏာရှင်အမြစ်ပြတ်ရေး ကချင်ပြည်နယ်ထိုးစစ်အတွင်း KIA က ရှမ်းမြောက်မှ မဘိမ်းမြို့နှင့် ကချင်ပြည်နယ်မှ ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆဒုံး၊ ချီဖွေ၊ ဆော့လော်၊ ဖီမော်၊ ပန်ဝါ၊ ဒေါ့ဖုန်းယန်၊ ဆင်ဘို၊ မြို့လှ၊ မိုးမောက်မြို့များနှင့် နယ်စပ်ကုန်သွယ်ရေးမြို့ လွယ်ဂျယ်မြို့တို့ကို သိမ်းပိုက်ထားသည်။





Source link

Leave a Reply

Your email address will not be published. Required fields are marked *