ylliX - Online Advertising Network
လက်နက်ကိုင်တပ်တွေ ဘာသာရေးအဆောက်အအုံမှာ တပ်စွဲတာမလုပ်ဖို့ ရှမ်းမြောက်ပြည်သူတောင်းဆို - Kachin News Group (KNG)

လက်နက်ကိုင်တပ်တွေ ဘာသာရေးအဆောက်အအုံမှာ တပ်စွဲတာမလုပ်ဖို့ ရှမ်းမြောက်ပြည်သူတောင်းဆို – Kachin News Group (KNG)



ရှမ်းပြည်မြောက်ပိုင်း စစ်ရေးပဋိပက္ခတွေအကြား  ဘာသာရေးအဆောက်အအုံ ထိခိုက်ပျက်စီးမှု ပိုမြင့်တက်လာတဲ့အတွက် လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ ဘာသာရေးအဆောက်အအုံအတွင်းနဲ့အနီးဝန်းကျင်မှာ နေရာယူတပ်ချတာ၊ ထိခိုက်ပျက်စီးစေတာတွေ မလုပ်ကြဖို့ ဒေသခံတွေက တောင်းဆိုနေကြပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလတစ်လအတွင်း ရှမ်းပြည်မြောက်ပိုင်းတစ်ခွင် စစ်ကောင်စီရဲ့လေကြောင်းပစ်ခတ်မှုကြောင့် ဘာသာရေးအဆောက်အအုံ ၄ ခုထက်မနည်း ထိမှန်ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေကောက်ယူထားတဲ့ အချက်အလက်အရ သိရပါတယ်။ 

လက်နက်ကိုင်တွေအားလုံး ဘယ်သူမဆို အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာ ဘာသာရေးအဆောက်အအုံတွေမှာ တပ်ချတာမျိုးတွေ နေထိုင်တာမျိုးတွေ မလုပ်ဘဲ အများပြည်သူနဲ့မဆိုင်တဲ့နေရာ ဝေးတဲ့နေရာတွေမှာ နေတာမျိုးတွေက ပိုကောင်းမယ်။ စစ်ရေး လုံခြုံရေးကတော့ သူတို့ပိုသိတယ်လေ။ ဒါပေမဲ့ ပြည်သူနဲ့နီးကပ်စွာ နေထိုင်တာမျိုးတွေ မလုပ်ကြဖို့ တောင်းဆိုချင်ပါတယ်လို့ ရှမ်းပြည်မြောက်ပိုင်း တက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦးကပြောပါတယ်။

စစ်တပ်ရဲ့လေကြောင်းပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးသွားတဲ့ ဘာသာရေးအဆောက်အအုံတွေဟာ အောက်တိုဘာလ ၂၉ ရက်နေ့ လားရှိုးမြို့ ရပ်ကွက် ၁ ရှိ ထင်ရှားကျော်ကြားတဲ့ ၂၅၀၀ ပြည်လုံးချမ်းသာစေတီတော်၊ အောက်တိုဘာလ ၂၇ ရက်နေ့ သိန္နီမြို့ ကချင်နှစ်ခြင်းခရစ်ယာန် KBC ဘုရားကျောင်း၊ အောက်တိုဘာလ ၁၄ ရက်နေ့ လားရှိုးမြို့ပြင် အီနိုင်းရွာရှိ ကချင်နှစ်ခြင်းခရစ်ယာန်ဘုရား ကျောင်း၊ အောက်တိုဘာလ ၄ ရက်နေ့ လားရှိုးမြို့ထဲက တရုတ်မျိုးနွယ်စုတွေရဲ့ အထွဋ်အမြတ်ထားရာ ကွမ်ရင်စန်ဘုံကျောင်းတွေဖြစ်ပါတယ်။

အခုလို စစ်ကောင်စီတပ်တွေဘက်က ဘာသာရေးအဆောက်အအုံကို ပစ်မှတ်ထားတိုက်ခိုက်နေတာဟာ ဘာသာရေးကျောင်းနဲ့အနီး တစ်ဝိုက်တော်လှန်ရေးတပ်ဖွဲ့ နေရာယူလှုပ်ရှားတာတွေရှိတာကြောင့် ဗုံးကြဲတာဖြစ်တယ်လို့ ဒေသခံတွေ ယူဆနေကြပါတယ်။  

ဖြစ်နိုင်ရင် လက်နက်ကိုင်တွေက ပြည်သူတွေနဲ့ ရောရောနှောနှော မနေတာက ပိုကောင်းမယ်။သူတို့ဘာသာ သူတို့သီးသန့် နေတာက ပိုကောင်းမယ်။ အခု ဘယ်နေရာကိုမဆိုလေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေ၊ ဘာသာရေးအဆောက်အအုံတွေ ဗုံးကြဲခံနေရတာတွေကို ကြည့်ရင် လက်နက်ကိုင်တွေဘက်က အဲဒီအထဲမှာ ဝင်နေနေတာတွေ၊ အဲဒီအနီးအနားမှာ တပ်ချတာတွေလုပ်တာကြောင့် ဖြစ်တယ်။ အခု ကျမတို့ ကွတ်ခိုင်မှာတော့ TNLA တွေ မြို့ပြင်ဘက်မှာ နေကြတယ်။ ပြည်သူနဲ့ ရောရောနှောနှော နေနေတာမျိုးတွေတော့ သိပ်မတွေ့ရတော့ဘူးလို့ ကွတ်ခိုင်ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ရှမ်းပြည်မြောက်ပိုင်းတစ်ခွင် စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာတွေကြောင့်အရပ်သားတွေသေဆုံးမှုလည်း မြင့်တက်နေပါတယ်။ 

ဒါကြောင့် ခုလိုအရပ်သားထိခိုက်သေဆုံးမှုနဲ့ ဘာသာရေးအဆောက် အအုံ၊ပညာရေးကျောင်း အစရှိတဲ့ အများပြည်သူနဲ့ဆိုင်တဲ့နေရာတွေ ထိခိုက်ပျက်စီးမှုမဖြစ်အောင် လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေ ဘက်ကလည်း ဂရုစိုက်ပေးဖို့၊ လက်နက်ကိုင်တပ်ဖွဲ့အနေနဲ့ ပြည်သူနဲ့ရောရောနှောနှော တပ်ချနေထိုင်လှုပ်ရှားတာ မပြုလုပ်ဖို့ ဒေသခံတွေဘက်က အဓိက တောင်းဆိုနေကြတာလည်းဖြစ်ပါတယ်။  

ဘုရားကျောင်းက ကုန်းမြင့်ပေါ်တွေမှာဆောက်ထားတာတွေလည်းရှိတယ်လေ။ စစ်တပ်ကတော့အရင်ကတည်းက ကျနော်တို့ဒေသဘက်မှာ စစ်ကြောင်းထိုး လာတိုင်း ဘုရားကျောင်းကုန်မြင့်တွေမှာသူတို့က ကတုတ်ကျင်းတွေတူးပြီး တပ်ချလိုက်တာတွေ၊ နေရာယူလိုက်တာတွေပြုလုပ်လျက်ရှိတော့ ကျနော်တို့ရွာသားတွေ အသင်းသားတွေက ကိုယ့်ဘုရားကျောင်း ဝင်းဖြစ်နေရင်တောင် မသွားရဲတော့ဘူး။ကြောက်စိတ်တွေများစွာဖြစ်ခဲ့တာတွေ အများကြီးကြုံခဲ့ရဖူးပြီလို့ ရှမ်းပြည်မြောက်ပိုင်း တက်ကြွလှုပ်ရှားသူ လူငယ်ကဆက်ပြောပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီဘက်က ဘာသာရေးကျောင်း ဆောင်တွေကို မီးရှို့ဖျက်ဆီးတာ၊အဆောက်အအုံတစ်ချို့မှာ လက်နက်ကြီးတပ်ဆင်တာ၊ ဘုရားကျောင်းဝင်းထဲ ကတုတ်ကျင်းတူးပြီး တပ်ချတာတွေ ပုံမှန်လုပ်နေတဲ့အပြင် ခုနောက်ပိုင်း တော်လှန်ရေးတပ်တွေလှုပ်ရှားမှုရှိတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ဘာသာရေးကျောင်းတွေကို ဗုံးကြဲတိုက်ခိုက်ပြီး ဖျက်ဆီးနေမြဲဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုနိုင်ငံတကာဘာသာရေး လွတ်လပ်ခွင့် (USCIRF) အဖွဲ့က အောက်တိုဘာ ၃၁ ရက်နေ့က ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံဟာ ၂ဝ၂၄ ခုနှစ်မှာ ဘာသာရေးလွတ်လပ်ခွင့်အခြေအနေ ဆက်လက်ဆိုးဝါးနေတယ်လို့ ဆိုထားပါတယ်။

By – ဂျာဘောက်ရာ

The post လက်နက်ကိုင်တပ်တွေ ဘာသာရေးအဆောက်အအုံမှာ တပ်စွဲတာမလုပ်ဖို့ ရှမ်းမြောက်ပြည်သူတောင်းဆို appeared first on Kachin News Group (KNG).



Source link

Leave a Reply

Your email address will not be published. Required fields are marked *