ခြံအမှတ် (၅၄)လေလံတင် ရောင်းချမှုအပြီး ဒေါ်အောင်ဆန်းစုကြည် သေပြီလို့ စစ်ကောင်စီက ကြေညာလို့ တကမ္ဘာလုံး ထိတ်လန့်တုန်လှုပ်ကြရတယ်ဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာဟာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။ ရန်ကုန်က ဒေါ်အောင်ဆန်းစုကြည် နေအိမ်ကို အကိုဖြစ်သူက ရောင်းချလိုနေတာဖြစ်ပြီး လက်ရှိအချိန်အထိ ရောင်းချနိုင်ခြင်းမရှိသေးပါဘူး။
အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။
“ခြံအမှတ် (၅၄)လေလံတင် ရောင်းချမှုအပြီး
အမေစု အသက်မရှိတော့ဘူးဟု ကြေညာလို့
တကမ္ဘာလုံး ထိတ်လန့်တုန်လှုပ်ကုန်ကြပြီ”
မူရင်းလင်ခ့် – Youtube link | Archive link
ဒီချန်နယ်က အလားတူတဲ့ရေးသားမျှဝေမှုမှာ ဒေါ်အောင်ဆန်းစုကြည် အကျဉ်းထောင်ထဲမှာ လေဖြတ်သေပြီလို့ စစ်တပ်ပြန်ကြားရေးက ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောတယ်လို့ ဆိုထားပါတယ်။ ဒီနေရာမှာကြည့်ပါ။
အချက်အလက်စိစစ်ချက်
“Local Celegram”ယူကျူ့ချန်နယ်ကတော့ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့ပြီးဖြစ်တဲ့ အကြောင်းအရာတွေကို သတင်းခေါင်းစဉ်တုတပ်ဖြန့်ဝေလေ့ရှိပါတယ်။ တခါတရံမှာ သတင်းခေါင်းစဉ်အပြင် လုပ်ကြံ သတင်း အကြောင်းအရာတွေကို ဖော်ပြပါတယ်။
Also read – Fact Check: တောင်ငူအကျဉ်းထောင်မှာ သမ္မတဦးဝင်းမြင့်ကို သေဒဏ်ပေးတဲ့ သတင်းတု
အခုလည်း သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေထဲမှာ ဖော်ပြထားတဲ့ သတင်းအကြောင်းအရာဟာ “ခြံအမှတ် ၅၄ ကို ဈေးလျှော့ပြီး လေလံတင်ဖို့ ဦးအောင်ဆန်းဦးဘက်က တင်ပြ”ဆိုတဲ့ လွတ်လပ်တဲ့ အာရှအသံ မြန်မာပိုင်းက သတင်းကို ပြန်လည်ဖော်ပြနေခြင်းဖြစ်တယ်။ ဒီသတင်းတပုဒ်လုံးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေအကြောင်းမပါဝင်ပါဘူး။ ဒီလိုပဲ ခြံအမှတ် ၅၄ ရောင်းချနိုင်ဖို့အတွက် လေလံကို ၂ ကြိမ်တိုင်ဈေးလျော့လေလံတင်ခဲ့ပေမဲ့ လေလံဆွဲသူမရှိခဲ့တာကို ဖော်ပြထားပါတယ်။
မူရင်းလင်ခ့် – RFA | Archive link
နောက်ထပ် ဒီချန်နယ်က ဖြန့်ဝေထားတဲ့ ဒေါ်အောင်ဆန်းစုကြည် အကျဉ်းထောင်ထဲမှာ လေဖြတ်သေပြီဆိုတဲ့ သတင်းခေါင်းစဉ်တု တပ်ဗွီဒီယိုထဲမှာ ပါတဲ့အကြောင်းအရာဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ ထားဝယ်ထောင်မှာ လုံလောက်တဲ့ ဆေးကုသခွင့် မရရှိဘဲ နိုင်ငံရေးအကျဉ်းသား တစ်ဦးဖြစ်တဲ့ အသက် ၆၂ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ဦးရဲအောင် ခေါ် ကိုချင်းသည် လေဖြတ်ရောဂါနဲ့ သေဆုံးမှုသတင်းကို ဖော်ပြထားတယ်။
သုံးသပ်ချက်
“Local Celegram”ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့ပြီးဖြစ်တဲ့ အကြောင်းအရာတွေကို သတင်းခေါင်းစဉ်တုတပ်ပြီး သတင်းတွေကို ပြန်လည်ဖြန့်ချိနေတဲ့ နေရာတွေဖြစ်တာတွေ့ရပါတယ်။ ခြံအမှတ် ၅၄ လျော့ဈေးနဲ့ လေလံတင်ရောင်းချမှု၊ ထားဝယ်ထောင်က နိုင်ငံရေးအကျဉ်းသားတဦး လေဖြတ်ရောဂါနဲ့ သေဆုံးမှု သတင်းကို ဒေါ်အောင်ဆန်းစုကြည် သေဆုံးမှုအဖြစ် သတင်းခေါင်းစဉ်တု တပ်ထားခြင်းဖြစ်တယ်။
Title:Fact Check: ခြံအမှတ် ၅၄ လေလံတင်ရောင်းချအပြီး ဒေါ်အောင်ဆန်းစုကြည် သေဆုံးတဲ့ သတင်းတု
Written By: နေရာမောင်
Result: False