စပိန်နိုင်ငံ၌ အောက်တိုဘာ ၂၉ ရက်မှစ၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နိုင်ငံအရှေ့ပိုင်းရှိ ဗလင်စီယာဒေသတွင် ရေကြီးရေလျှံမှုများဖြစ်ပွားလျက်ရှိပြီး လူ ၂၁၈ ဦးထက်မနည်း သေးဆုံးခဲ့သည်။
ယင်းဖြစ်ရပ်ကြောင့် ပြီးခဲ့သည့်တစ်ပတ်က စပိန်ဘုရင့်ဖလား၊ လာလီဂါ၊ ဆီဂန်ဒါနှင့် အမျိုးသမီးလိဂ်ပွဲစဉ်အချို့ ရွှေ့ဆိုင်းခဲ့ရသလို ယခုတစ်ပတ်ကစားမည့် လာလီဂါ၊ ဆီဂန်ဒါနှင့် အမျိုးသမီးလိဂ်ပွဲစဉ် တစ်ပွဲစီ ထပ်မံရွှေ့ဆိုင်းရခြင်းဖြစ် သည်။
လာလီဂါပွဲစဉ် (၁၀) အဖြစ် မြန်မာစံတော်ချိန် နိုဝင်ဘာ ၉ ရက် ည ၁၂ နာရီတွင် ကစားမည့် အက်စ်ပန်ညို-ဗလင်စီယာပွဲ၊ ဆီဂန်ဒါ ပွဲစဉ် (၁၄) အဖြစ် မြန်မာစံတော်ချိန် နိုဝင်ဘာ ၁၀ ရက် ည ၁၂ နာရီတွင်ကစားမည့် တယ်နာရယ်ဖီ-လီဗန်တေးပွဲ၊ အမျိုးသမီးလိဂ် ပွဲစဉ် (၉) အဖြစ် မြန်မာစံတော်ချိန် နိုဝင်ဘာ ၁၀ ရက် ည ၉ နာရီ ၄၅ မိနစ်တွင်ကစားမည့် လီဗန်တေး-ဗလင်စီယာပွဲတို့ကို ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း စပိန်ဘောလုံးအဖွဲ့ချုပ်(RFEF) က နိုဝင်ဘာ ၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ရေကြီးရေလျှံမှုကြောင့် တံတားများကျိုးခြင်း၊ ကားများ ရေစီးနှင့်အတူ မျောပါခြင်း၊ လမ်းများပေါ်တွင် ရွှံ့နွံများဖုံးလွှမ်းခြင်း၊ ကားလမ်းနှင့် ရထားလမ်းများ ပိတ်ဆို့ပျက်စီးခြင်း၊ အစားအစာ၊ ရေနှင့် လျှပ်စစ်မီးပြတ်တောက်ခြင်းများ ဖြစ်ပွားခဲ့သော်လည်း ပြီးခဲ့သည့်တစ်ပတ်က ပွဲစဉ်အချို့သာရွှေ့ဆိုင်း၍ ကျန်ပွဲများကို ယှဉ်ပြိုင်ကစားစေသောကြောင့် ဝေဖန်မှုများထွက်ပေါ်ခဲ့သည်။
Related