ကရင်နီ(ကယား)ပြည်၊ မိုးဗြဲမြို့၊ နိုးကိုးစံပြကျေးရွာနှင့် သရက်ပင်ရွာအတွင်းသို့ စစ်ကောင်စီမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် အကြောင့်မဲ့ ပစ်ခတ်မှုကြောင့် အသက် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် ပြည်သူ ၃ ဦးသေဆုံးခဲ့ပြီး ၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။
နိုဝင်ဘာလ ၈ ရက် ညနေ ၃ နာရီအချိန်တွင် ကရင်နီ(ကယား)ပြည်၊ မိုးဗြဲမြို့နယ်၊ နိုးကိုးစံပြကျေးရွာနှင့် သရက်ပင်ရွာအတွင်းသို့ စစ်ကောင်စီမှပစ်ခတ်လိုက်သော လက်နက်ကြီး (၄) လုံးကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ဘေးရှောင်နေသော ဒေါစဲ၊ ရေကန်ရွာသားများ ထိမှန်သေဆုံးခဲ့ကြောင်း Jobs for Kayah မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“တိုက်ပွဲမရှိဘဲ၊ ရေဘေးနဲ့ စစ်ဘေးရှောင်နေကြတဲ့ပြည်သူတွေ ရှိနေတဲ့ ကျေးရွာကို အကြမ်းဖက်စစ်တပ်က ရည်ရွယ်ချက်ရှိရှိနဲ့ လက်နက်ကြီးပစ်တာကြောင့် အပြစ်မဲ့တဲ့ပြည်သူတွေ ထိခိုက်သေဆုံးခဲ့တာပါ” ဟုပြောသည်။
လက်နက်ကြီး ပစ်ခတ်မှုကြောင့် အသက် (၁၀) အရွယ် ကလေးငယ်တစ်ဦးအပါအဝင်စုစုပေါင်း (၄) ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။
“စကစက နယ်မြေစစ်ကြောင်းလုပ်ရှားမှုတွေ ရှိနေတဲ့အတွက် ပြည်သူတွေ သွားလာ၊ နေထိုင်မှုတွေ အထူးဂရုစိုက်ကြဖို့၊ လက်နက်ကြီး၊ လေယာဉ်ရန်ကိုလည်း ကြိုတင်ကာကွယ်မှုလုပ်ထားဖို့ တိုက်တွန်းပါတယ်” ဟု Jobs for Kayah မှ ပြောကြားထားသည်။
ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း စစ်ကောင်စီနှင့် PNO ပင်လောင်းမြို့နယ်မှတဆင့် မိုးဗြဲမြို့သို့ စစ်ကြောင်းထိုးလာပြီး မိုးဗြဲ ၄၂၂ တပ်အတွင်း အင်အားစုစည်းထားပြီး မိုးဗြဲမြို့ပတ်ဝန်းကျင်ရှိ ကျေးရွာများသို့ နယ်မြေရှင်းလင်းသည့်အကြောင်းပြချက်ဖြင့် လက်နက်ကြီးများပစ်ခတ်မှုများရှိနေခြင်းဖြစ်သည်။
အလားတူ အောက်တိုဘာလ (၃၁) ရက်နေ့ကလည်း ပင်လောင်းမြို့နယ် ဖယ်ခုံမြို့အစပ်တွင် စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) ပူးပေါင်းတပ်ဖွဲ့နှင့် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ (KNDF)၊ တော်လှန်ရေးအင်အားစု PDF တို့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ ထိုတိုက်ပွဲကြောင့် စစ်ဘေးရှောင်ရန်ပြင်ဆင်နေသည့် ဗန်းမောက်ရွာမှ ပြည်သူများအား စစ်ကောင်စီမှ ဒရုန်းဖြင့် ဗုန်းကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူ (၂) ဦးသေဆုံးခဲ့ပြီး (၇) ဦး ဒဏ်ရာရရှိခဲ့သည်။
ထို့အပြင် နိုဝင်ဘာလ ၁ ရက်နေ့က ပင်လောင်း၊ ဖယ်ခုံမြို့နယ်များအတွင်းရှိ ကျေးရွာများမှ နေအိမ်များကို မီးရှို့ဖျက်စီးခံရမှုများလည်း ရှိခဲ့ကြောင်းသိရသည်။ လက်ရှိတွင် စစ်ကောင်စီနှင့် ၎င်း၏ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNOတပ်များနှင့် ကရင်နီ တော်လှန်ရေး တပ်ပေါင်းစုတို့ ပြီးခဲ့သည့် စက်တင်ဘာလ နောက်ဆုံးပတ်မှစ၍ နေ့စဉ် တိုက်ပွဲများပြန်လည် ပြင်းထန်နေကြောင်း သိရသည်။
အလုပ်သင် သတင်းထောက် ယူဂျင်း ရေးသားသည်။