ylliX - Online Advertising Network
စစ်မီးရှောင်တစ်ယောက်၏ ရွာငံ ခရီးသွားအတွေ့အကြုံ   - Myanmar Now

စစ်မီးရှောင်တစ်ယောက်၏ ရွာငံ ခရီးသွားအတွေ့အကြုံ   – Myanmar Now


ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့လေးသို့ ရောက်ရန်  ၂ နာရီသာ လိုတော့ကြောင်း မြေပုံညွှန်းဆိုချက်ကိုကြည့်ကာ စိတ်ရွှင်လန်းလာသည်။ 

မိတ်ဆွေတစ်ဦးနှင့်အတူ  မန္တလေးမှ ကျောက်ဆည်မြို့အထိ  တစ်နာရီခွဲနီးပါး ဆိုင်ကယ်စီး ခရီးနှင် လာခဲ့ရသည်။  တိုက်ပွဲများနီးကပ်လာပြီး လူနေမှုကြပ်တည်းခက်ခဲလှသည့် မန္တလေးမြို့မှ ရွှေ့ပြောင်းသွားလိုသောကြောင့် ရွာငံသို့ သွားနေခြင်းဖြစ်သည်။

မန္တလေးနှင့်ကျောက်ဆည်မြို့ ဆိုင်ကယ်ခရီးမှာ နာရီဝက်ကျော်မျှသာ ရှိသော်လည်း လမ်းတွင်   ရဲကင်းဂိတ်အများအပြားရှေ့   ဆိုင်ကယ်ရပ်၊ လမ်းလျှောက်အစစ်အဆေးခံနေကြရသောကြောင့် အချိန်ကုန်လွန်းလှသည်။ 

ထိုအခြေအနေသည် အာဏာသိမ်းပြီးနောက်မှ ဖြစ်ပေါ်လာခြင်းပင်။ 

နိုင်ငံအနှံ့စစ်အာဏာသိမ်းမှု ဆန့်ကျင်ခဲ့သူများကို ပစ်ခတ်သတ်ဖြတ်နှိမ်နှင်းခဲ့သည့် စစ်တပ်က ၃နှစ်ကျော်အကြာ အာဏာသိမ်းမှုဆန့်ကျင်သူတို့မှ ပေါက်ဖွားလာသည့် လက်နက်ကိုင်တော်လှန်သူတို့၏ ရန်ကြောင့်  နောက်ကျောမလုံ ဖြစ်နေကြသည်။

အတွေးစတို့ ခေတ္တရပ်တန့်သွားသည်။    

ကျောက်ဆည်မြို့နယ်အတွင်း  သံရွာရဲစခန်းရှေ့ စစ်ဆေးရေးဂိတ်တွင် ကွန်ကရစ်ဖြင့် ဆောက်လုပ်ထားသည့် အလုံပိတ်ကင်းမျှော်စင်နှစ်ခု ရှိသည်၊   သံပေပါပုံးများကိုလည်း အရောင်ခြယ်ထားလျက် လမ်းမထက်တွင် အစီအရီချထားသည်။သံ ဆူးကြိုးလမ်းတားတုံးများ၊ သဲအိတ်ကာ ဘန်ကာတဲများကိုပါတွေ့ရသည်။   ပြောက်ကျားတိုက်ခိုက်မှုကို  ကာကွယ်ထားခြင်းဖြစ်နိုင်သည်။ 

အောက်တိုဘာလအတွင်း ကျောက်ဆည်မြို့တွင်းနေရာတစ်ခုတွင် ဒေသခံများတွေ့ရစဉ် (ပေးပို့) 

ဘန်ကာတဲ ၃ခုတွင် စစ်သားနှင့်ရဲများ နေရာယူထားကြပြီး အချို့က ဘန်ကာရှေ့ ပလတ်စတစ်ထိုင်ခုံအမြင့်များတွင် ထိုင်နေကြသည်။ ဖြတ်သွားသော ဆိုင်ကယ်၊ ကားများကို တားဆီးစစ်ဆေးနေကြသည်။

လက်နက်ကိုင်ရဲတစ်ဦးက လေသံ ခပ်မာမာဖြင့် ” ဘယ်ကိုသွားကြမလို့လဲ” ဟု မေးသည်။ 

ပြည်သူကိုကာကွယ်ပေးရမည့်သူများမှာ ၎င်းတို့ကိုယ်တိုင်အတွက် ကြိုးစားပမ်းစား ကာကွယ်၍ လုံခြုံရေးယူထားရသည်။

“ကူညီပါရစေ” ဟူသည့် ဆိုင်းဘုတ်ကို မြင်၍ တချက်မဲ့ပြုံးပြုံးလိုက်မိသည်။

ထိုရဲကင်းဂိတ်ရှိရာ သံရွာ  အပါအဝင် ကျောက်ဆည်မြို့ပြင်ရှိ ဈေးရွာ၊ အရှေ့သပြေကုန်း၊ နောင်ခမ်းကြီး စသည့်ရွာများသည် စက်မှုလက်မှုလုပ်သားများ၊ လယ်ယာစိုက်ပျိုးရေးလုပ်ကိုင်သူများ၊ ဈေးသူဈေးသားများ နှင့် လှုပ်ရှားအသက်ဝင်လျက်ရှိသည်။



သံရွာကိုကျော်လာပြီးနောက်  လမ်းဘေး ဝဲယာတွင် စိမ်းစိမ်းစိုစိုလယ်ကွင်းများကို တွေ့ရသည်။

မန္တလေးမှ ရှမ်းပြည်သို့အဝင်လမ်း 

တဖြည်းဖြည်းနှင့် တောင်တန်းများကို တွေ့မြင်လာရပြီး ရှူရသောလေလည်း ပိုလတ်ဆတ်လာသည်။  ကျွန်တော်တို့ ဆင်ခေါင်းတောင်ကို ဖြတ်သန်းနေရပြီဖြစ်သည်။

ဆင်ခေါင်းတောင်သည် မန္တလေး-ကျောက်ဆည်-ဟန်မြင့်မိုရ်-ရွာငံ ကားလမ်းပေါ်တွင် တည်ရှိပြီး မန္တလေးတိုင်းမှ ရှမ်းပြည်နယ်တောင်ပိုင်းသို့ ဝင်ရောက်ရာ ခရီးအစဖြစ်သည်။

ဆင်ခေါင်းတောင်၏ အောက်ဘက်တွင် မြို့ကြီးဆည်မှ ရေလွှတ်ပေးထားသော ဇော်ဂျီမြစ်ငယ်လေး ရှိသည်၊ မန္တလေးမြို့ခံများအပါအဝင် အပန်းဖြေခရီးသွားများအကြား အပူရှောင်အပန်းဖြေတဲစခန်းရှိရာ အရပ်ဟုလူသိိများသော နေရာတစ်ခုဖြစ်သည်။

ယခင်က အပန်းဖြေလည်ပတ်သူ၊ စက်တပ်သမ္ဗာန်လှေတို့ဖြင့် ပျားပန်းခပ်မျှ စည်ကားလှသည့် ထိုနေရာသည်လည်း ယခုအခါ လည်ပတ်သူ နည်းပါးနေသည်ကို တွေ့ခဲ့ရသည်။

ကိုဗစ်ကပ်ဘေး၊ စစ်တပ်အာဏာသိမ်းမှုတို့ကြောင့်  အခြားခရီးသွားအထင်ကရနေရာများကဲ့သို့ပင် ဤနေရာလည်း ခြောက်ကပ်ကပ်  ဖြစ်လာသည်။ 

ဧည့်သည်မျှော် ဈေးဗန်းရွက်၊ သနပ်ခါးပါးကွက်ကြားများ လိမ်းခြယ်ထားသည့် ချိုးကြော်၊ ငှက်ကြော် သည်လေးများကမူ အပန်းဖြေရပ်နားရန် ခရီးဦးကြိုပြုနေကြသည်။

သို့သော် အချိန်ဖင့်မည်စိုး၍ ခရီးထပ်ဆက်ရပြန်သည်။

 ဆင်ခေါင်းတောင်ခြေရှိ ဧည့်သည်မျှော် ရှုခင်းသာ စားသောက်ဆိုင် ( ဓာတ်ပုံ- ပေးပို့) 

မြစ်တဖက်ကမ်းမှ တောင်တန်းစိမ်းစိမ်း ဆင်ခေါင်းတောင်ကို မျှော်ငေးရင်း လမ်းအကွေ့အပတ်များကို စတင်၍ တက်ရသည်။

ထို့နောက် မြို့ကြီးရဲစခန်းရှေ့အရောက်  အဟန့်အတားတစ်ခုကို ရုတ်တရက်ရင်ဆိုင်လိုက်ရသည်။

မျက်နှာကိုအဝတ်မည်းစည်းထားသော၊ ယူနီဖောင်း ဝတ်ထားသော ရဲတစ်ဦးက သေနတ်ဖြင့် ချိန်ရွယ်ကာ ဆိုင်ကယ်ကို တားလိုက်၍ ဖြစ်သည်။

“ဆင်းတွန်းကြ။ ဆင်းတွန်းကြ ”ဟု ဒေါသသံစွက်နေသည့် ထိုသူက လမ်းသွားလမ်းလာများကို အော် ဟစ်နေပြီး Light Truck အမျိုးအစားကားတစ်စီးပေါ်မှ  လူငယ်လူရွယ်များနှင့် လူကြီးပိုင်းအထိ အမျိုးသား အများအပြားကို တွေ့ရသည်။

ကားသမားက ၎င်းတို့ ဟန့်တားခံနေရသဖြင့် ကျောင်းထိုင်ဘုန်းကြီးကို ဖုန်းဆက် အကူအညီတောင်းဟန်  တူသည်။ ရဲက ကားသမား၏ဖုန်းကို ယူပြီး ဘုန်းကြီးနှင့် စကားပြောသည်။ 

”ဒီ ၁၃ ယောက်က ဦးဇင်း ခေါ်လိုက်တဲ့ အလုပ်သမားတွေ သေချာလား။ ဦးဇင်းအာမခံလား” ဟု ပြောဆိုသံနှင့်အတူ ကားဆရာကိုလည်း မေးခွန်းများတရစပ်မေးနေချိန် နောက်ထပ်ရဲတစ်ဦးက မိမိတို့အနားရောက်လာသည်။ 

“ဘယ်ကိုသွားမှာလဲ။ ကလောကို သေချာလား။ ဘာသွားလုပ်မှာလဲ။ ဘယ်ကလာတာလဲ”စသဖြင့် မေးခွန်းပေါင်းများစွာ ထုတ်ပြီး ကျွန်တော်တို့နှစ်ဦး၏ နိုင်ငံသားစိစစ်ရေးကတ်ပြား တို့ကို စစ်ဆေးတော့သည်။

ခြေဖျားများအေးစက်လာပြီး စိတ်နည်းနည်းပူနေသော်ငြား အဆိုပါရဲမေးမြန်းသမျှကို  ခေါင်းအေးအေးထားပြောဆိုနေရသည်။ ၎င်းကလည်း မျက်လုံးချင်းဆုံအောင်ကြည့်ကာ အကဲခတ်သည်။ 

ထို့နောက် ဆိုင်ကယ်ပေါ်မှ ခရီးဆောင်အိတ်ငယ်ကိုလည်း ဖွင့်ပြခိုင်းသေးသည်။ ဆိုင်ကယ်တူးဘောက် လည်းမချန် ရှာဖွေသည်။ 

သူ့စိတ်ကြိုက် ရှာဖွေပြီး ၅မိနစ်ခန့်မျှ စစ်ဆေးမေးမြန်းသည်။

“အလည်အပတ်ပဲ သေချာတယ်နော်၊ သေချာရင်လွှတ်ပေးလိုက်မယ်”ဟု သူကပြောဆိုပြီး ကျွန်တော်တို့ကို သွားခွင့်ပေးလိုက်သည်။ 

တားဆီးခံထားရသော Light truck ကား နှင့် အခြားယာဉ်များ၏ ဂိတ်တွင်  ဘာဆက် ဖြစ်မည်မှန်း မသိရတော့ပေ။

ရှေ့သို့နည်းနည်းမျှ မောင်းလာလျှင် ထန်းရွက်များအုပ်မိုးထားသော နေမလုံတလုံ ရွက်ဖျင်တဲများရှိရာ မြို့ကြီးငါးချဉ်ဈေးတဲများကို တွေ့ရသည်။ ရွက်ဖျင်တဲအမိုး အစွန်အောက် ငှက်ပျောရွက်ဖြင့်ထုပ်ပိုးထား သော ဒေသထုတ်ကုန် ငါးချဉ်ထုပ်များပေါ် နေရောင်ခပ်ပြင်းပြင်း ကျနေသည်။  

တစ်ချိန်က ခရီးသည်များနှင့် တိုးတိုးကြိတ်စည်ကားသည့် ထိုဈေးတန်းမှာ ယခုအခါ စျေးသည်များသာရှိသည်။ 

ထိုစျေးတန်းမှ ပုစွန်ချဉ်၊ ငါးလေးချဉ်၊ ငါးကြီးချဉ်တို့သည် မန္တလေး နှင့် အထက်မြန်မာပြည် ခရီးသွား များကြား အလွန်နာမည်ကြီးသည့် ဒေသအစားအစာ ဖြစ်သည်။  

ခရီးအပြန်မှသာ လက်ဆောင်ဝယ်တော့မည်။ 

မန္တလေး မှ ရွာငံသို့ သွားရာလမ်းပေါ်ရှိ မြို့ကြီးငါးချဉ်စျေးဆိုင်တစ်ဆိုင်။ (ဓာတ်ပုံ-ပေးပို့) 

ရွာငံသို့ရောက်ရန် အချိန်တစ်နာရီခန့်သာလိုတော့ချိန်တွင် ခရီးတစ်ထောက်နားကြသည့် 

စားသောက်ဆိုင်တစ်ဆိုင်ကို တွေ့ရသည်။ 

ခရီးသွားကားသမားများ ထိုနေရာတွင် ကားများကို ရေဖြည့်၊ ဆီထည့်လုပ်နေကြသည်။ 

ခရီးသည်များလည်းထမင်းစားနားကြရာ “ရွှေတောင်ခြေ”ဟု အမည်ရသည့် ဓနုရိုးရာ ထမင်းဆိုင်လေးထဲ ဝင်လိုက်သည်။ 

အသက် ၅၀ ကျော်အရွယ် ဆိုင်ရှင်အမျိုးသမီးကြီးက ဘာသုံးဆောင်မလဲဟု အသံဝဲဝဲဖြင့် လာရောက်မေးသည်။ ဆိုင်တွင် စားပွဲထိုးလည်း သူကိုယ်တိုင်ပင်။ စားပွဲဝိုင်း သုံးဝိုင်းခန့်ကို တာဝန်ယူပေးနေသည်။ 

ထမင်းနှင့်ဟင်းတချို့ရရှိကြောင်း၊ လက်ဖက်ရည်၊ ကော်ဖီဆိုလျှင် အသင့်ဖျော်အထုပ်များရှိကြောင်း သူက ပြောဆိုသည်။ 

”ဘယ်ကလာကြတာလဲ။ ဘယ်ကိုသွားမှာလဲ” ဟူသည့်မေးခွန်းကို စားပွဲဝိုင်းတိုင်းတွင် မေးမြန်းနေသောကြောင့် မိမိစိတ်ထဲစနိုးစနောင့်အနည်းငယ်ဖြစ်မိသည်။ 

သို့သော် စိတ်ရင်းအရိုးခံဖြင့် မိတ်ဖွဲ့ခြင်းသာဖြစ်မည်ဟုတွေးမိသည်။ 

ခရီးပန်းလာ၍ ရေသန့်အေးအေးမှာရာ လျှပ်စစ်မီးမလာ၍ ရေသန့်မှာ မအေးကြောင်း၊  ၃ရက်လျှင်မီးတစ်ကြိမ်သာလာပြီး လာလျှင်ပင် နာရီအနည်းငယ်သာရရှိကြောင်း သူက ငြီးတွား၍ ပြောသည်။ 

ထိုစဉ် ရွာငံ ဟူသော စကားသံတချို့ထွက်ပေါ်လာ၍ နားစွင့်ကြည့်ရာ 

“ကျွန်တော်တို့တော့ ရွာငံတင်ပဲမို့ တစ်သိန်းတောင်းပြီး လွှတ်ပေးလိုက်တယ်၊ လားရှိုးသွားမယ့်ကား တွေလှည့်ပြန်ရတယ် ” ဟု ဘေးစားပွဲဝိုင်းမှ ကားဆရာတစ်ဦးက သူ့မိတ်ဆွေကိုဖုန်းဖြင့်လှမ်းပြောပြ နေခြင်းဖြစ်သည်။  

ထိုအချိန်က တော်လှန်ရေးပူးပေါင်းတပ်များက အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို တိုက်ခိုက်သိမ်းပိုက်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြိို့ကို ထိန်းချုပ်လိုက်သည့် အချိန် ဖြစ်သည်။ 

ကျွန်တော်တို့ ဖြတ်သန်းခဲ့ရသော မြို့ကြီးရဲစခန်းစစ်ဆေးရေးဂိတ်အကြောင်း ကားသမား အချင်းချင်း သတင်းစကားမျှဝေနေခြင်းဖြစ်သည်။ 

ငွေတစ်သိန်းပေးခဲ့ရသည်ဆိုသောကြောင့် စဉ်းစားကြည့်မိသည်။ 

ထိုဂိတ်တွင်မြင်ခဲ့ရသော ကားတန်းတွင် အများစုမှာ အိမ်သုံးကားများဖြစ်သည်။ ထိုဂိတ်တွင် စစ်ဆေးခံရသည့် မိနစ်ပိုင်းအတွင်း ကား ၅ စီးထက်မနည်း တွေ့ခဲ့ရပြီး ထိုဂိတ်၏ ငွေအတောင်းကြမ်းမှုကို အံ့ဩမိသည်။ 

ရွှေတောင်ခြေ ဓနုရိုးရာစားသောက်ဆိုင်ကို ယခုနှစ်အတွင်း တွေ့ရစဉ် (ဓာတ်ပုံ-ပေးပို့) 

လွန်ခဲ့သော တစ်လခန့်က ကလောမြို့သို့ ဆိုင်ကယ်ဖြင့် အလည်အပတ်သွားထားသည့် မိတ်ဆွေတစ်ဦး၏ သတိပေးချက်ကို ရုတ်တရက် သတိရလိုက်သည်။  

မန္တလေးမှ ကလောအထိ ကြုံခဲ့ရသော စစ်ဆေးရေးဂိတ်ပေါင်းများစွာတွင် တစ်ဂိတ်လျှင်  ကျပ်နှစ်ထောင်နှုန်း အနည်းဆုံး  ပေးသွားလျှင် အစစ်အဆေးမကြမ်းတမ်းဟု သူက ပြောထားခြင်း ဖြစ် သည်။  

သူပြောသည့်နည်းလမ်းကို ကျွန်တော် အသုံးမပြုခဲ့ပေ။

လားရှိုးသို့သွားမည့်ကားများကို ဂိတ်များတွင် လှည့်ပြန်ခိုင်းသည်ဟူသည့် သတင်းကြောင့် လားရှိုးခရီးသည်များ အတွက် စိတ်မကောင်းဖြစ်ရသည်။  

စစ်ကောင်စီက ရှမ်းမြောက်မှ လားရှိုးသို့ သွားသည့်လမ်းတွင် ပြင်ဦးလွင်မြို့ ဝက်ဝံဂိတ်မှစကာ ခရီးသည်များကို  ဖြတ်သန်းခွင့်ပိတ်ထားသည့် အချိန်ဖြစ်ပြီး ယခုအခါ ရှမ်းတောင်လမ်းပိုင်းမှ လားရှိုးသို့ သွားရာကိုလည်း ပိတ်ပင်မည်ဖြစ်၍ ခရီးသည်များ အခက်ကြုံကြရဦးမည်။  

ရွာငံက ကြိုဆိုပါသည်  

ဓနုရိုးရာ ထမင်းဆိုင်တွင် လူနှင့်ဆိုင်ကယ် အနည်းငယ် အနားပေးပြီး နောက် ကျွန်တော်တို့သည် ထိုဆိုင်မှ ထွက်ခွာကာ လိုရာခရီးသို့ ဆက်လက် မောင်းနှင်ခဲ့ကြသည်။ 

လမ်းတွင် ကုန်ကားများအပါအဝင် ကားကြီးကားငယ်များကို စက်ဖြင့် ယာဉ်စစ်ဆေးသည့် ကားသမားများအခေါ် “X ray”ဂိတ်ကိုလည်း ဖြတ်သန်းရသည်။ 

အဆိုပါဂိတ်၌ ရှမ်းတောင်ဘက်မှ မန္တလေးဘက်သို့ ဆင်းလာသော ကားများ စီတန်းပိတ်ဆို့နေ သည်ကိုတွေ့ရပြီး ယာဉ်မောင်းတချို့က ယာဉ်စစ်ဆေးသူတို့ကို ငွေပေးနေရသည်။ 

ဆိုင်ကယ်များကိုမူ အသာတကြည်သွားလာခွင့်ပြုထားသည်။

တစ်နာရီခန့်ကြာလျှင် ရွာငံမြို့သို့ရောက်မည်ဟု ဖုန်းရှိ မြေပုံကညွှန်ပြနေသည်။ ထို့အပြင် အကွေ့အကောက်၊ အတက်အဆင်းများဖြင့် တောင်တန်းများကို ဖြတ်သန်းမောင်းနှင်နေရသည့်လမ်းကလည်း လမ်းကောင်း အမျိုးအစား ဖြစ်သည်။ သို့သော်လည်း ဝေးလှသည်ဟုခံစားရသည်။ 

အုံ့မှိုင်းသည့်မိုး နှင့် လေနုစိမ်းများကြောင့် အပန်းပြေသည်။ 

ခန္ဓာကိုယ်ချမ်းအေးမှုကို စတင်၍ခံစားလာရသည်၊ မြူခိုးများက လမ်းမထက် နေရာယူနေသည်။ မိုးအနည်းငယ်ကျလာ၍ မိုးကာ နှင့် အနွေးထည်ထုတ်ကာ ဝတ်ရသည်။

ကျောက်ဆည် နှင့် မန္တလေးတို့တွင် ပူပြင်းသည့်ရာသီဥတုကိုအံတုနေခဲ့ရသော်လည်း တောင်ပေါ် နှင့် မြေပြန့်မှ ရာသီဥတုသည် မိုး နှင့် မြေလို ကွာခြားသည်။ 

ရာသီဥတုသာမက ပြည်တွင်းစစ်မီးများ ကူးစက်လာနေသော မန္တလေးမြို့မှ ဒေသခံများ၏ စိတ်သောက အပူမီး နှင့် တိုက်ပွဲများမရှိ၍ အေးချမ်းသာယာနေသော ရွာငံ ဒေသခံများ၏ ငြိမ်းချမ်းမှုများသည်လည်း ကွာခြားနေပါလေ့မည်။  

မြူခိုးများကြောင့် ရှေ့မြင်ကွင်း ရှင်းလင်းစွာမမြင်ရ၍ ဆိုင်ကယ်ကို သတိထားမောင်းနေရ သော်လည်း ငြိမ်းအေးမှုများကြောင့် စိတ်ထဲပျော်နေသည်။ 

ထို့နောက် မိနစ်အနည်းငယ်မောင်းနှင်ပြီး ပိုမို ပျော်ရွှင်သွားမိသည်မှာ 

“ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ရွာငံဒေသ” ဟူသည့်ဆိုင်းဘုတ်ကို တွေ့လိုက်ရ၍ ဖြစ်သည်။ 

ပြည်သူကို အတင်းအဓမ္မ ဖမ်းဆီး၊ သတ်ဖြတ်နေသော စစ်တပ်အုပ်စိုးသည့်မြို့များ၌ ၃နှစ်ကျော်ကြာ ကြပ်တည်းခက်ခဲစွာနေထိုင်ရသဖြင့် ရွာငံဒေသသို့ ရောက်ရှိသောအခါ  အနည်းငယ် စိတ်လွတ်လပ် ငြိမ်းချမ်းသွားမိသည်။  

အဖမ်းအဆီးများ၊ ကန့်သတ်ထိန်းချုပ်မှုများနှင့် လုံခြုံမှုမရှိသည့် စစ်တပ်အုပ်ချုပ်နေသော မြို့နှင့် ဒီဒေသ မည်မျှကွာခြားမည်နည်းဟု စူးစမ်းချင်မိတော့သည်။

စိတ်မလုံခြုံ၍ ရုပ်ဖျက်ရန်၊ အပူဒဏ်နှင့်ဖုန်များကာကွယ်ရန် လမ်းတလျှောက် ဝတ်ဆင်လာသည့် နှာခေါင်းစည်းနှင့်လျှာထိုးဦးထုပ်ကို ချွတ်လိုက်သည်။ 

ဒီဒေသတွင် မိမိကျင်လည်သည့်လုပ်ငန်းခွင်မှ မိမိ၏ အသိမိတ်ဆွေများမတွေ့ရနိုင်ဟု ယူဆကာ စိတ်လွတ်လတ်လပ်လပ်ရှိလာသည်။  

ရွာငံမြို့ပြင်ရှိ အရောင်အသွေးစုံလှသော စိုက်ခင်းများနှင့် လမ်းများက ပန်းချီကားတချပ်သဖွယ်လှပ လွန်းသည်။ 

နာမည်ကျော်လွန်းသည့် ရွာငံလမ်းများက ဒီလမ်းများပင်ဖြစ်မည်ဟုတွေးမိသည်။  

လူနေအိမ်ခြေအနည်းငယ်စတင်၍တွေ့လာရပြီးနောက် မြို့အတွင်းသို့စတင်ဝင်ရောက်ချိန်မှာပင် ရဲစစ်ဆေးရေးဂိတ်တစ်ခုကို မထင်ထားလိုက်ဘဲ ဘွားခနဲတွေ့လိုက်ရသည်။

“တစ်ခုခုတော့မှားနေပြီ” ဟုပင် ကျွန်တော့်စိတ်ထဲ အတွေးများ ရှုပ်ထွေးကုန်သည်။  

သို့သော် ထိုဂိတ်သည် ဖြတ်သန်းလာခဲ့ရသော မန္တလေး၊ ကျောက်ဆည်၊ မြို့ကြီးတို့က စစ်ဆေးရေး ဂိတ်များ ကဲ့သို့ အစစ်အဆေးအမေးအမြန်း မရှိပေ။ 

ဆိုင်ကယ်များကို တွန်းသွားရန်သာ ဆိုင်းဘုတ်ရေးသားထားသည်။ ထိုဂိတ်ကို ဖြတ်သန်းအပြီး ရွာငံမြို့အတွင်းသို့ ရောက်ရှိလေပြီ။ 

ရွာငံမြို့သည် မြို့ဟုဆိုသော်ညား ရွာကြီးတစ်ရွာစာမျှသာဖြစ်ပြီး အိမ်ခြေနည်းပါးသည်၊ မြို့ကျဉ်းသည်။  

လက်ဖက်ရည်ဆိုင်၊ ထမင်းဆိုင်၊ ရှမ်းခေါက်ဆွဲဆိုင်၊ အပ်ချုပ်ဆိုင် နှင့် အရက်ဆိုင်များကိုမူ မြို့အတွင်း အများအပြား တွေ့ရသည်။ 

တည်းခိုခန်း၊ စာသင်ကျောင်းများနှင့် ဆေးရုံဆေးခန်း၊ ဈေးတို့ကိုလည်း တွေ့ရပြီး  သူ့နည်းသူ့ဟန် စည်ကားအသက်ဝင်နေသည်။ 

မန္တလေးမြို့နှင့် ၇၆မိုင်ကွာဝေးသည့်   ရွာငံမြို့သည် တောင်ပေါ်ဒေသဖြစ်သည့် အတွက် အေးမြသည့်ရာသီဥတု၊ လှပသည့်ရှုခင်းများကြောင့် ကျော်ကြားသည်။ 

ဒေသခံ အများအပြား   စိုက်ပျိုးရေး လုပ်ကိုင်ကြသည်။

ရွာငံ မြို့တွင်း လမ်းပိုင်းတစ်နေရာ ( ဓာတ်ပုံ- ပေးပုံ) 

ခရီးထွက်လာရသည့် ရည်ရွယ်ချက်အတိုင်း  ရွာငံမြို့တွင် အိမ်ငှားရန် ရှာရတော့မည်။  

ရွာငံမြို့အဝင်ရှိ စားသောက်ဆိုင် တစ်ဆိုင်တွင် ထိုင်ပြီးနောက် ကြိုတင် ချိတ်ဆက်ထားသော ရွာငံဒေသခံကို ထမင်းစားရင်း စောင့်နေသည်။ 

တစ်နာရီနီးပါးကြာသည်အထိ စောင့်သော်လည်း ထိုသူက မပေါ်လာ၊ ဖုန်းလည်း မကိုင်တော့ပေ။ 

နေရာသစ်တွင် အသိမိတ်ဆွေ၏ အကူအညီမရှိဘဲ အိမ်ရှာရန် စိတ်ညစ်ညူးစွာဖြင့် ကြိုးပမ်းရတော့မည်။

မိမိတို့အခက်အခဲကို ရိပ်မိဟန်ရှိသည့်၊ ဆိုင်ပိုင်ရှင်ဟု ယူဆရသည့် အမျိုးသမီးက  ပွဲစားတချို့နှင့် အသိမိတ်ဆွေများထံ ဖုန်းဆက်မေးမြန်း၍ ကူညီပေးတော့သည်။ 

ဖုန်းဖြင့် ဆက်သွယ်ကာ အိမ်ရှာခြင်း နှင့် နီးစပ်ရာ အိမ်များအထိ သွားရောက်ခဲ့ကြသော်လည်း အခြားဒေသမှလာသော အိမ်ငှားများနှင့် ပြည့်နှက်နေသည်၊ အိမ်ရရန် မလွယ်ကူဟူသော အဖြေများသာ ရခဲ့သည်။ 

“ပြီးခဲ့တဲ့လတွေကတည်းက လားရှိုးဖက်က စစ်ရှောင်တွေ အလုံးအရင်းဝင်လာကြတယ်။ အိမ်တွေက မရနိုင်တော့ဘူး”ဟု ထိုအမျိုးသမီးက ပြောပြသည်။ 

သို့သော် သူက  လက်မလျှော့ဘဲ ထပ်မံမေးမြန်းပေးနေဆဲဖြစ်သည်။

တိုက်ပွဲပြင်းထန်နေသည့် ရှမ်းပြည်မြောက်ပိုင်းနှင့် မန္တလေးတိုင်းအတွင်းနေထိုင်သူ အများအပြားသည်  

နေရပ်စွန့်ခွာထွက်ပြေးကာ ရှမ်းပြည်တောင်ပိုင်းဒေသဖြစ်သည့် ရွာငံ၊ အောင်ပန်း၊ ကလော အစရှိသည့်မြို့များသို့ လာရောက်ခိုလှုံနေကြသည်။ 

ခိုလှုံနေသူအများစုမှာ လားရှိုး၊ မန္တလေး၊ ပြင်ဦးလွင်တို့မှဖြစ်ကြသည်ကိုတွေ့ရသည်။

ထွက်ပြေးလာသည့် စစ်ရှောင်တို့သည် စစ်ကောင်စီ  ဂိတ်များတွင် အစစ်အဆေးတင်းကြပ်ခြင်း၊ မြို့အဝင်မခံခြင်း၊ ငွေကြေးတောင်းခံခြင်းတို့နှင့် ရင်ဆိုင်ရသည်ဟု ကြားသိခဲ့ရသည်။ 

ဆိုင်ရှင်က ဖြစ်သလိုနေတတ်လျှင်  စစ်ရှောင်အိမ်တန်းလျားတစ်ခုတွင် နေနိုင်သည်ဟု  ပြောဆိုပြီး  ဖုန်းများ ထပ်ဆက်ကာ ချိတ်ဆက်ကူညီပေးသေးသည်။ 

သို့သော် ထိုစစ်ရှောင်အိမ်တန်းလျားသည်လည်း လူပြည့်နေပြန်သည်။  

“ရွာငံကို စစ်ရှောင်တွေက ဘာကြောင့်စိတ်ဝင်စားနေကြတာလဲမသိဘူး။ တကယ်တမ်း ရွာငံကလည်း  

စစ်မီးကူးလာနိုင်တယ်။ အစ်မတို့တောင် ရွာငံမှာ စစ်ဖြစ်လာရင် ရေဦးဘက်ပြောင်းနေကြမလို့” ဟု သူက ပြောဆိုရင်း ၎င်း၏ အမျိုးများကိုဖုန်းဆက်ပြီး အိမ်စုံစမ်းပေးနေပြန်သည်။  

ရွာငံတွင် ရဲကင်းဂိတ် အများအပြားကို တွေ့ရသည်။ 

ကျယ်ပြန့်လာနေသော ပြည်တွင်းစစ်မီးကြောင့် ရွာငံ တွင်လည်း တိုက်ပွဲများဖြစ်လာနိုင်သည်ဟု ဒေသခံတို့က ယူဆနေကြသည်။ 

ရွာငံမြို့အနီး ရေဦးကျေးရွာတွင် အိမ်ရနိုင်ကြောင်း သိရသဖြင့် ဆက်လက် စုံစမ်းကြည့်ရာ   ဖုန်းလိုင်းမှာ   Mytel တစ်ခုသာ အဆင်ပြေကြောင်း သိရသည်။  အဆင်ပြေမည်မဟုတ်ဟု ငြင်းဆန်ချိန်ပင်မရလိုက်ပေ၊ ထိုရွာတွင်လည်း အိမ်ငှားများပြည့်နှက်နေကြောင်း သိလိုက်ရသည်။ 

ထို့ကြောင့် ရွာငံတွင် စစ်ရှောင်နေထိုင်မည့် ရည်ရွယ်ချက်ကို လက်လွှတ်ကာ နောက်ကြောင်းပြန်လှည့်ရန်သာ ရှိတော့သည်။ 

အပြန်လမ်းတွင် ရွာငံမြို့ပြင်ရှိ အိမ်ခြေကျဲကျဲဖြင့် ရွာငယ်များကိုတွေ့ရပြီး အိမ်တိုင်းလိုလိုတွင် ဆိုလာပြား တပ်ဆင်ထားကြသည်၊ နေအိမ်မှာပင် ဟင်းသီးဟင်းရွက်များစိုက်ပျိုးထားကြသည်၊ တချို့က အိမ်ရှေ့တွင်ပင် ခြံထွက် သီးနှံများရောင်းချနေကြသည်။ 

ခြံထွက်သီးနှံများကို နေအိမ်ရှေ့ ခင်းကျင်းရောင်းချထားသော ရွာဒေသခံနေအိမ်။ (ဓာတ်ပုံ- ပေးပို့) 

စာသင်ကျောင်းတချို့ကိုလည်း တွေ့ရပြီး ကျောင်းဖွင့်ရက်ဆိုလျှင် ကလေးငယ်တို့၏ စာအံသံများ ဆူညံနေပေလိမ့်မည်။ 

ရွာငံသည် ရဲကင်းဂိတ်အချို့ခြံရံလျက်၊ လာရာလမ်းသည် အစစ်အဆေး အတားအဆီးများခြံရံလျက်  

အာဏာသိမ်းဆန့်ကျင်သူတို့အဖို့ ရှောင်တိမ်းရန် လုံခြုံသည်ဟု မခံစားရသော်ငြား သူ့နည်းသူ့ဟန်ဖြင့်  လည်ပတ်အသက်ဝင်နေသည်။

စစ်ရိပ်သမ်း အဖမ်းအဆီးကြမ်းသော မန္တလေးနှင့် နှိုင်းယှဉ်လျှင် ရွာငံသည် မဖွံ့ဖြိုးသော်လည်း အေးချမ်းလှသည့်ဒေသဟု  မှတ်ချက်ပြုရမည် ဖြစ်သည်။





Source link

Leave a Reply

Your email address will not be published. Required fields are marked *