NLD အစိုးရရဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်ဟာ မန္တလေးအိုးဘိုအကျဉ်းထောင်မှာ ထောင်ဒဏ် ၂၈ နှစ် ကျခံနေရာကနေ စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး ၁၁ ရက်အကြာ နိုဝင်ဘာလ ၈ ရက်နေ့က မန္တလေးဆေးရုံကြီး ICU အထူးကြပ်မတ်ကုသဆောင်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ဒါဟာ ကျန်းမာရေး ဆိုးဝါးချိန်ကျမှ စစ်ကောင်စီဘက်က လွတ်ငြိမ်းချမ်းသာခွင့် ပေးတာလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ဝေဖန်လိုက်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းပြီးနောက် အမျိုးသားဒီမိုကရေစီအဖဲွ့ချုပ်က အစိုးရပိုင်းဆိုင်ရာဝန်ကြီးတွေ ခေါင်းဆောင်တွေကို ဖမ်းဆီးခဲ့ရာမှာ နိုင်ငံ့ဘဏ္ဍာငွေ ကျပ် ၆ ဘီလီယံခန့် နစ်နာတယ်ဆိုပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ-၅၅ နဲ့ NLD အစိုးရအဖွဲ့ဝင် လျှပ်စစ်စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်ကို ထောင်ဒဏ် ၂၈ နှစ် ချမှတ်ခဲ့တာပါ။
အိုးဘိုထောင်မှာ အကျဉ်းကျနေတဲ့ ဦးဝင်းခိုင်ကို လွန်ခဲ့တဲ့ ၁၀ ရက်ကျော်ကမှ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။ အကျဉ်ထောင်တွင်းရတဲ့ သတင်းအချက်အလက်တွေအရ သူဟာ ကျန်းမာရေး ဆိုးဝါးနေတယ်လို့ ဆိုပါတယ်။
နိုဝင်ဘာလ ၈ ရက်နေ့ကတော့ သူဟာ မန္တလေးဆေးရုံ အရေးပေါ်ခန်းမှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ဦးဆောင်ကော်မတီဝင် ဦးသိုက်ထွန်းဦးကတော့ စစ်ကောင်စီဟာ ကျန်းမာရေးဆိုးဝါးနေတဲ့ သူတွေကို ရည်ရွယ်ချက်ရှိရှိ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တာလို့ အခုလို VOA ကိုပြောပါတယ်။
” အရှေ့တုန်းဖြစ်စဉ်မှာဆိုရင် မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ဆိုရင် နောက်ဆုံး အသက်ရှင်ဖို့ရာခိုင်နှုန်း နည်းတဲ့အချိန်ကျမှ အကျဉ်းဦးစီးဌာနကနေ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တယ်။ အခု ဦးဝင်းခိုင်ဆိုရင်လည်း အလားတူပဲ ၊ ဦးဝင်းခိုင်က ကျန်းမာရေးဆိုးတဲ့အချိန် အသက်ရှင်ဖို့ ရာခိုင်နှုန်း နည်းတဲ့အချိန်ကျမှ လွတ်ငြိမ်း ချမ်းသာခွင့် ပေးခဲ့တယ်။ ဦးဝင်းခိုင်ကတော့ ချက်ချင်း မဆုံးသွားပဲနဲ့ ၁၀ ရက်ကျော်လောက် အသက်ရှင်ခွင့် ရသွားတယ်၊ ဒါဟာ စစ်ကောင်စီနဲ့ အကျဉ်းဦးစီးကပေါင်းပြီး ရည်ရွယ်ချက်ရှိရှိ လွတ်ငြိမ်းချမ်းသာခွင့် ပေးတာဖြစ်ပါတယ်။လွတ်ငြိမ်းချမ်းသာကို ပုံမှန်အချိန်မှာ ပေးတာမဟုတ်ပဲ အခုလို အသက်အန္တရာယ် သေဆုံးဖို့ သေချာနေပြီလို့ ယူဆရတဲ့ အချိန်ကျမှ သူတို့ ပေးတာဟာ ထောင်ထဲမှာ ဆုံးသွားရင် သူတို့ဖြေရှင်းရမယ့်ကိစ္စတွေကို သက်သာစေဖို့ ထောင်တွင်းမှာ ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်တာ နိုင်ငံတကာကရော တက်ကြွလှုပ်ရှားသူတွေကပါ ပြောလာမှာကို ကာကွယ်နိုင်ဖို့အတွက် လွတ်ငြိမ်းချမ်းသာခွင့် ပေးတာလို့ပဲ ပြောချင်ပါတယ်။ “
မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ အောက်တိုဘာလ ၇ ရက်နေ့က ကွယ်လွန်ခဲ့ပြီး တလအကြာမှာပဲ လျှပ်စစ်ဝန်ကြီး ဦးဝင်ခိုင် ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။
အခုဆိုရင် ၂၀၂၄ ခုနှစ်အတွင်း နိုင်ငံရေးအကျဉ်းသားတွေ အကျဉ်းထောင်တွင်း သေဆုံးတာ ထောင်ကလွတ်ပြီးရက်ပိုင်းမှာပဲ သေဆုံးတာဟာ ၁၉ ယောက် ရှိပြီဖြစ်ပါတယ်။ ဦးဝင်းခိုင်ကိုတော့ မကြာသေးခင်ရက်ပိုင်းမှာပဲ မန္တလေးဆေးရုံကြီး ICU အခန်းမှာ သတိမေ့မျောနေစဉ်မှာပဲ စစ်တပ်က လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တယ်လို့ ဆိုပါတယ် ။
လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင်ဟာ NLD အစိုးရလက်ထက်မှာ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီလီမီတက်က ထုတ်လုပ်တဲ့ Ever တံဆိပ် လျှပ်စစ်မီတာတွေကို ဝယ်ယူဖို့ ငြင်းပယ်ခဲ့သူလည်း ဖြစ်ပါတယ်။