ylliX - Online Advertising Network

မိုးမောက်မြို့ကိုပြန်သိမ်းရန်  ဒရုန်းအများအပြားသုံးပြီး စစ်တပ်ထိုးစစ်ဆင် – Myanmar Now


ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ထိန်းချုပ်ထားသည့် ကချင်ပြည်နယ်တောင်ပိုင်းရှိ  မိုးမောက်မြို့၊ အမှတ် (၃၄၇) ခြေမြန်တပ်ရင်းစခန်းတို့ကို ပြန်သိမ်းရန် စစ်ကောင်စီက ဒရုန်းအများအပြားသုံးကာ ထိုးစစ်ဆင်နေသည်ဟု သိရသည်။

ဗန်းမော်မြို့အရှေ့ဘက် ၁၀ မိုင်ခန့်အကွာတွင်ရှိသည့် မိုးမောက်မြို့ကို ယခုနှစ် မေလမှစတင်ကာ KIA နှင့် ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်(KPDF)များက တိုက်ခိုက်ကာ ၄ လခန့် အကြာတွင် မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။

 ဗန်းမော်မြို့အခြေစိုက် စစ်ကောင်စီတပ်က အမှတ် (၃၄၇) ခြေမြန်တပ်ရင်းစခန်းကို ပြန်ရလိုသဖြင့် အဓိက အားပြုသည်မှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်သည်၊  လက်နက်ကြီးပစ်ကူနှင့်  ဒရုန်းများကိုပါ အများအပြား အသုံးပြုပြီး ဗုံးကြဲနေသည်ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“နောက် ဒရုန်းက တိုက်ပွဲပြင်းထန်တဲ့နေ့တွေဆို တစ်ခါသုံးရင် ဒရုန်းအလုံးတစ်ဆယ်ကျော် ဗုံးလာကြဲတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“တော်တော်ကြီးတဲ့ ဒရုန်းတွေသုံးတယ်၊ (၁၂၀ မမ)ဗုံးသီးတွေ ၂လုံး၊ ၃လုံး သယ်နိုင်တဲ့ ဒရုန်းတွေသုံးတာ”

မြေပြင်စစ်ကြောင်းထိုးမှု၊ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုများ ရပ်တန့်ထားချိန်တွင်ပင်   ဒရုန်းများဖြင့်  ဗုံးကြဲတိုက်ခိုက်နေသည်ဟု သိရသည်။

တော်လှန်ရေးအင်အားစုက တော်လှန်ရေးကာလ ၃ နှစ်ကျော်အတွင်း ဒရုန်းများ အသုံးပြုကာ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်ကာ ခြိမ်းခြောက်ထားနိုင်သည်။ 
အလားတူ စစ်ကောင်စီကလည်း လတ်တလော စစ်သင်တန်းများတွင် ဒရုန်းအသုံးပြုနည်းကိုပါ ထည်သွင်း သင်ကြားပေးနေသည်ဟု ဝါဒဖြန့်ထားသည်။ စစ်ခေါင်းဆောင်၏ ယခုတစ်ပတ်အတွင်း တရုတ်ပြည်ခရီးစဉ်တွင်လည်း   ချုံချင့်မြို့အခြေစိုက် ဒရုန်းထုတ် လုပ်ရေးကုမ္ပဏီသို့ သွားရောက်ခဲ့သေးသည်။

နိုဝင်ဘာ ၈ ရက်က ချုံချင့်မြို့ ဒရုန်းများကို ကြည့်ရှုနေသည့် စစ်ခေါင်းဆောင်။ (ဓာတ်ပုံ-MOI)
 

မိုးမောက်မြို့ကို ပြန်သိမ်းရေး

မိုးမောက်မြို့ လက်လွှတ်ထားရခြင်းကြောင့်   စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ် စကခ(၂၁)အခြေစိုက်ရာ ဗန်းမော်မြို့၏ လုံခြုံရေးကိုပါ ခြိမ်းခြောက်ခံနေရချိန်တွင် မိုးမောက်မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ရန် ရည်ရွယ်ဟန် တူသည့် တန်ပြန်ထိုးစစ်ကို ဩဂုတ် ၂၄ ရက် မှ စတင်ခဲ့သည်။

နေ့စဉ် လက်နက်ကြီးပစ်ခတ်မှုများကို ဗန်းမော်မြို့ တစ်မြို့လုံးမှ ကြားနေရကြောင်း ဗန်းမော်မြို့ဒေသခံ အသက်(၃၀)ကျော်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

တိုက်ပွဲများပြင်းထန်နေသည့်အတွက် မိုးမောက်မြို့တွင် ဖွင့်ထားသည့် ဈေးဆိုင်ကိုပိတ်ကာ ဘေးလွတ်ရာ ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် စစ်ရှောင်နေရသည်ဟု အဆိုပါအမျိုးသမီးက ပြောသည်။

“အခုထိမပြန်ရဲသေးဘူးလေ၊ တိုက်ပွဲကတော့ ဒီရက်ထဲ နည်းနည်းငြိမ်တယ်လို့ပြောပေမယ့် လက်နက်ကြီးကတော့ တအုန်းအုန်းပစ်နေတုန်းပဲ၊ လေယာဉ်လည်းလာနေတော့ အိမ်တော့မပြန်ရဲသေးဘူး” ဟု အဆိုပါ အမျိုးသမီးက ပြောသည်။



သံချပ်ကာကားများအပါအဝင် အင်အားအလုံးအရင်းနှင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က မိုးမောက်မြို့နှင့် ၃ မိုင်ဝန်းကျင်ခန့်အထိ ရောက်ရှိနေပြီး KIA ပူးပေါင်းတပ်များကလည်း အပြင်းအထန် ခုခံနေသည်ဟု သိရသည်။

ကချင် အထူးဒေသရှိ ပြည်သူ့စစ်စခန်းများကို KIA သိမ်း

 KIA နှင့် ပူးပေါင်းတပ်များက  ကချင်အထူးဒေသ(၁)အတွင်းရှိ  ဆော့လော်မြို့နယ် လန်ဆယ်ပြည်သူ့စစ်စခန်းကိုလည်း နိုဝင်ဘာ ၁၀ တွင်သိမ်းပိုက်ခဲ့သည်။

အထူးဒေသ(၁)ကို KIA နှင့် ပူးပေါင်းတပ်များက စက်တင်ဘာလအတွင်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ပြည်သူ့စစ်အဖွဲ့ဌာနချုပ်ရှိရာ ပန်ဝါမြို့အပါအဝင် ချီဖွေ၊ ဆော့လော်၊ ဆဒုံး၊ ဖီမော်၊ ကန်ဖန့် စသည့် ဒေသများကို   သိမ်းပိုက်လိုက်ရာ အဆိုပါ ဒေသတွင် စစ်ကောင်စီတပ်၊ ပြည်သူ့စစ်တို့ ထိန်းချုပ်ထားသည့် ကန်ပိုက်တီတစ်မြို့သာ ကျန်တော့သည်။

အထူးဒေသ(၁)တိုက်ပွဲများအတွင်း စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်(BGF) နှင့် ပြည်သူ့စစ်အများအပြား KIA ထံ ဘက်ပြောင်းခဲ့သည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။  ထွက်ပြေးနေသည့် ပြည်သူ့စစ်နှင့် BGF များကို လိုက်လံ စည်းရုံးနေသည်ဟုလည်း ဆိုသည်။

လတ်တလော ကချင်ပြည်နယ်အတွင်း မိုးမောက်မြို့မှ လွဲပြီး ကျန်သည့်ဒေသများတွင် တိုက်ပွဲများ ခေတ္တရပ်တန့်နေသော်လည်း စစ်ကောင်စီတပ်က ဖားကန့်တွင် အင်အားဖြည့်တင်းမှုများ ပြုလုပ်နေသည်ဟု ဒေသခံအချို့က ပြောသည်။

နိုဝင်ဘာ ၁၀ ရက်နေ့ ညပိုင်းက   ရဟတ်ယာဉ်နှစ်စီးက ဖားကန့်မြို့ပေါ်ရှိ စစ်ကောင်စီဗျူဟာကုန်းကို စစ်ကူနှင့် လက်နက်ခဲယမ်းများ လာရောက်ပို့ဆောင်ခဲ့သည်ဟု သိရသည်။

ယခုနှစ် မတ်လမှ စတင်သည့် စစ်အာဏာရှင်အမြစ်ပြတ်ရေး ကချင်ပြည်နယ်ထိုးစစ်အတွင်း KIA က ရှမ်းမြောက်မှ မဘိမ်းမြို့နှင့် ကချင်ပြည်နယ်မှ ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆဒုံး၊ ချီဖွေ၊ ဆော့လော်၊ ဖီမော်၊ ပန်ဝါ၊ ဒေါ့ဖုန်းယန်၊ ဆင်ဘို၊ မြို့လှ၊ မိုးမောက်မြို့များနှင့် နယ်စပ်ကုန်သွယ်ရေးမြို့ လွယ်ဂျယ်တို့ကို သိမ်းပိုက်ထားနိုင်သည်။





Source link

Leave a Reply

Your email address will not be published. Required fields are marked *