ylliX - Online Advertising Network

အကြမ်းဖက်မင်းအောင်လှိုင်ကိုတရုတ်ကထောက်ခံပြီးနောက် တရုတ်မြန်မာ နယ်စပ်မှာ ကုန်စည်ပိတ်ဆို့မှုတွေ ပိုဆိုးလာနေပါတယ်


အာဏာသိမ်းချိန်ကစလို့ အထွေထွေကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့အတူ လူမှုဒုက္ခအဝဝကို ပြည်သူတွေခံစားနေရပါတယ်။ အငတ်ဘေးနဲ့အတူ စစ်မှုထမ်းဘေး အလုပ်အကိုင်ရှားပါးမှုတွေကို ခါးစည်းခံနေရတဲ့ကြားမှာပဲ စစ်ကောင်စီကတော့ တရုတ်ခရီးစဉ်အောင်မြင်ခဲ့ကြောင်းပြောပြီး ပြည်သူတွေအတွက် လူမှုစီးပွားဘဝတွေ ပိုမိုမြင့်တက်စေမှာဖြစ်တယ်လို့ ဝါဒဖြန့်ပြောဆိုလာပါတယ်။

အာဏာသိမ်းပြီး သုံးနှစ်ကျော်အတွင်းမှာ စစ်တိုင်းကြီးတွေ ကျဆုံးသွားသည်အထိ စစ်ကောင်စီအပေါ် တော်လှန်ရေးက ပြင်းထန်ခဲ့ပါတယ်။ အဲ့ဒီနောက်တရုတ်က စစ်ကောင်စီကျဆုံးသွားမှာကို မလိုလားကြောင်း သဘောထားတွေ ထုတ်ပြခဲ့ပြီး မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်ကို စီစဉ်ပေးခဲ့ကြပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဘက်ကတော့ တရုတ်ရဲ့လုပ်ရပ်ဟာ နှစ်နိုင်ငံပြည်သူတွေကြား ဆက်ဆံရေးကို အဖုအထစ်ဖြစ်စေတယ်လို့ နိုဝင်ဘာလ ၅ ရက်နေ့က ပြောဆိုထားပါတယ်။ တရုတ်ကတော့ တချိန်တည်းမှာပဲ မြောက်ပိုင်းတပ်တွေ သိမ်းပိုက်ထားတဲ့ နယ်စပ်မြို့တွေကို ပိုမိုပြီး ပိတ်ဆို့လာနေတာတွေ့ရပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ တရုတ်-မြန်မာနယ်စပ် ဆင်ဖြူဂိတ်မှတစ်ဆင့် ကုန်သယ်ယူမှုများ အားလုံးကို တရုတ်က ယနေ့မှ စတင်ပိတ်ပင်လိုက်ပြီး အခြားနယ်စပ်ဂိတ်ပေါက်ဖြစ်တဲ့ မန်ဝိန်းပေါက်ဂိတ်ကိုတော့ စစ်ကောင်စီက ပိတ်ထားလို့ ကုန်သည်များအားလုံး အခက်ကြုံနေရပါပြီ။ နိုဝင်ဘာလ ၁၁ ရက်နေ့မှစတင်ပြီး တရုတ်နိုင်ငံက လုပ်ငန်းသုံးမဟုတ်သော သယ်ယူပို့ ဆောင် ရေးယာဉ်များဖြစ်သည့် ခရီးသည်တင်ကား၊ သုံးဘီးဆိုင်ကယ်၊ လက်တွန်းလှည်း စသည် ယာဉ်များဖြင့် ကုန်စည်များ သယ်ယူပို့ဆောင်ခွင့်မပြုကြောင်း၊ ကြယ်ဂေါင်မှ ပြည်ဝင်ပြည်ထွက်ကုန်များအားလုံးသည် ကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းမှတစ်ဆင့် ဝင်ထွက်ရမည်ဖြစ်ကြောင်း၊ အဆိုပါ ကြေ ညာချက်သည် နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက် ၈ နာရီမှစတင်၍ အကျုံးဝင်မှာဖြစ်ကြောင်း နိုဝင်ဘာ ၉ ရက်နေ့မှာ ကြေငြာခဲ့ပါတယ်။ ဒါဟာ မြောက်ပိုင်းတပ်များရဲ့ ထိုးစစ်ကိုရပ်တန့်စေပြီး စစ်ကောင်စီပြုတ်ကျတော့မှာကို တရုတ်က မလိုလားကြောင်း ထင်ရှားစေပါတယ်။

ယခင်ကတနိုင်တပိုင်သယ်ခွင့်ရှိတဲ့ ဆင်ဖြူဂိတ်ဟာခုတော့ လူကိုသာဖြတ်ခွင့်ပေးပါတယ်။ မန်ဝိန်းဂိတ်ကတော့ စစ်ကောင်စီနှင့် တရုတ်အစိုးရတို့အကြား အခွန်အခရနေတာဖြစ်လို့ အခုလိုဆင်ဖြူဂိတ်ကိုပိတ်ကာ မန်ဝိန်းဂိတ်မှ ကုန်ပစ္စည်းသယ်ယူရန် လုပ်ဆောင်လာခြင်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း အိမ်သုံးပစ္စည်း၊ လူသုံးကုန်၊ ဆေးဝါး၊ လျှပ်စစ်ပစ္စည်း၊ ဆိုင်ကယ်နှင့် ဆိုလာအပါအဝင် ဘိလပ်မြေကဲ့သို့ အိမ်ဆောက်ပစ္စည်းများအား သယ်ယူခွင့်ပိတ်ပင်ကန့်သတ်နေဆဲ ဖြစ်ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကျင်စန်းကျော့၊ ချင်းရွှေဟော်၊ ရန်လုံကျိုင်း၊ မုန်းကိုးနှင့် နမ့် ခမ်းနယ်စပ်ဂိတ်များကို ညီနောင်မဟာမိတ်သုံးဖွဲ့က သိမ်းပိုက်ထားပြီးပါပြီ။ ဒီနောက်ပိုင်းမှာတော့ စစ်ကောင်စီကျဆုံးဖို့နီးလာတာဖြစ်လို့ အခုလို တဖက်သတ်ရပ်တည်ချက်နဲ့ အကြမ်းဖက်မင်းအောင်လှိုင်ကို ကူညီပေးနေရတာပါ။ စစ်ကောင်စီဘက်က သတင်းပြန်ကြားရေးကလည်း တရုတ်မြေကိုအခြေချပြီး စစ်ကောင်စီကို ဆန့်ကျင်ခြင်းမှန်သမျှကို လက်မခံကြောင်းနှင့် မြန်မာမြေပေါ် အခြေချပြီး တရုတ်အား ဆန့်ကျင်သူတွေကိုလည်း လက်မခံဘူးလို့ ရေးသားနေကြပါတယ်။မအောင်မြင်သေးတဲ့ အာဏာသိမ်းမှုကြောင့် အကျပ်ရိုက်နေတဲ့ စစ်ကောင်စီဟာ နိုင်ငံရေးထွက်ပေါက်ဖန်တီးဖို့ကြိုးစားနေရပါတယ်။ တဖက်ကလည်း တရုတ်ရဲ့အကူအညီနဲ့ တော်လှန်တပ်တွေကို ပိတ်ဆို့ဖို့အကြီးအကျယ်အားထုတ်နေတာတွေ့ရပါသည်။

The post အကြမ်းဖက်မင်းအောင်လှိုင်ကိုတရုတ်ကထောက်ခံပြီးနောက် တရုတ်မြန်မာ နယ်စပ်မှာ ကုန်စည်ပိတ်ဆို့မှုတွေ ပိုဆိုးလာနေပါတယ် first appeared on Voice of Revolution Live News.



Source link

Leave a Reply

Your email address will not be published. Required fields are marked *