ylliX - Online Advertising Network

ရခိုင်ပြည်သိမ်းတိုက်ပွဲအတွင်း မြို့ ၄ မြို့ ထပ်သိမ်းတော့မည်ဟု AA ဆို 


တစ်နှစ်တာစစ်ဆင်ရေးကာလအတွင်း ရခိုင်ပြည်နယ် မြို့နယ်အများအပြားကို သိမ်းပိုက်နိုင်ခဲ့ပြီး လက်ရှိတွင် တစ်ပြိုင်နက်ထိုးစစ်ဆင်နေသည့် မြို့နယ် ၄ ခုကိုလည်း  ရလုနီးပါးဖြစ်နေပြီဟု အာရက္ခတပ်တော် (AA) ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။ 

ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၁၃ မှ စတင်ခဲ့သော AA ၏ ရခိုင်ပြည်သိမ်းတိုက်ပွဲသည် ယမန်နေ့က တစ်နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ 

“ တစ်နှစ်တာကာလအတွင်းမှာ ULA/AA က သိမ်းပိုက်ခဲ့တဲ့ မြို့နယ်စာရင်းကတော့ အားလုံးပေါင်း ၁၁ ခု ပေါ့နော်။ အဲ့ဒီ ၁၁မြို့နယ်ကတော့ အပြည့်အဝ သိမ်းပိုက်၊ ထိန်းချုပ်ထားပြီး ဖြစ်ပါတယ်” ဟု AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ပြောသည်။ 

AA သည် ရခိုင် ၁၇ မြို့နယ်အနက် မြေပုံ၊ မင်းပြား ၊ မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ ပုဏ္ဏား ကျွန်း ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ရမ်းဗြဲ၊ သံတွဲ တို့အပြင်  ချင်းပြည်နယ်၊ ပလက်ဝတို့ကို သိမ်းပိုက် ထားသည်။ 

လက်ရှိတွင် မောင်တော၊ အမ်း၊ ဂွ၊ တောင်ကုတ်တို့တွင် တိုက်ပွဲပြင်းထန်လျက်ရှိပြီး ရေနက်ဆိပ်ကမ်း တည်ဆောက်ရန် ပြင်ဆင်နေသော ကျောက်ဖြူမြို့၊ ပြည်နယ်မြို့တော် စစ်တွေနှင့် မာန်အောင်မြို့တို့ တွင် AA ထိုးစစ် မရှိသေးပေ။  

 မောင်တောတွင်  AA  သိမ်းရန် အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ စခန်းသာ ကျန်တော့သည်အထိ တိုက်ခိုက်ထားနိုင်သည်ဟု   AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ပြောသည်။

“နောက်ထပ် သိမ်းပိုက်နေဆဲ မြို့နယ်တွေပေါ့နော်။ တချို့ မြို့နယ်တွေဆိုရင် ၉၅ ရာခိုင်နှုန်း သိမ်းပိုက်ထားတယ်။ တချို့ဆိုရင်တော့ ၉၀ ရာခိုင်နှုန်း အထက်ပေါ့ နော်။ အဲ့လိုသိမ်းပိုက်ထားတဲ့ မြို့နယ်တွေ။ အဲ့မှာ ၄ မြို့နယ်ဗျ” ဟု ၎င်းက ဆိုသည်။ 

ယခုကဲ့သို့ အောင်မြင်မှုရရှိခဲ့ခြင်းမှာ အာရက္ခတပ်တော်နှင့်ပြည်သူလူထု၏ စုစည်းညီညွတ်မှုကြောင့် ဖြစ်သည်ဟု ၎င်းက ပြောသည်။

“ရှေ့ဆက်ပြီးတော့လည်း ကျွန်တော်တို့ချမှတ်ထားတဲ့ စစ်ရေး ၊ နိုင်ငံရေး ရည်မှန်းချက်တွေ အောင်မြင် တဲ့အထိ ကျွန်တော်တို့ရဲ့ရက္ခိတလမ်းစဥ်အတိုင်း တသွေးမတိမ်း ဆက်လက်ပြီးချီတက်သွားမှာ ဖြစ်ပါ တယ် “ဟု ၎င်းက ဆိုသည်။

-AA သိမ်းပိုက်ထားသောမြို့များနှင့် တိုက်ပွဲပြင်းထန်နေသည့်မြို့များပြမြေပုံ။

အလုံးစုံသိမ်းပိုက်ရရှိထားသည့် မြို့များတွင်  အုပ်ချုပ်ရေးလုပ်ငန်းများကို ထိုးစစ်ဆင်နေစဉ်မှာပင်  ဆောင်ရွက်ရသောကြောင့် လိုအပ်ချက်များရှိနေဆဲဖြစ်သည်။  လိုအပ်သည်များကို အနှေးနှင့် အမြန် ဖြည့် ဆည်းပေးသွားမည် ဟု AA ထုတ်ပြန်ချက်က ဆိုသည်။ 

“ကျွန်တော်တို့ အပြည့်အဝ သိမ်းပိုက်၊ ထိန်းချုပ်ထားတဲ့ ၁၁မြို့နယ်ထဲမှာ အုပ်ချုပ်ရေး၊ တရားစီရင် ရေး၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲရေး၊ လုံခြုံရေး ကိစ္စတွေအားလုံးကို ပုံမှန်လည်ပတ်လျက် ရှိနေပါတယ်” ဟု ဦးခိုင်သုခက ဆိုသည်။ 

အာရက္ခ (ရခိုင် ဒေသ)တွင်းရှိ “စစ်ကောင်စီတပ်ဖွဲ့များအားလုံး အလုံးစုံချုပ်ငြိမ်းစေရေး” ကို ဆက်လက် အကောင်အထည်ဖော်လျက်ရှိသည်ဟု AA က ဆိုထားသည်။



တစ်နှစ်တာစစ်ဆင်ရေးကာလအတွင်း စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲများအတွင်း အသက်ပေးဆပ်စွန့် လွှတ်ခဲ့ကြသော၊  ကိုယ်လက်အင်္ဂါပေးဆပ်ခဲ့ကြသော AA တပ်ဖွဲ့ဝင်များနှင့် မိတ်ဖက်အဖွဲ့အစည်း တချို့မှ တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများအပါအဝင် ပါဝင်ဆောင်ရွက်ခဲ့ကြသူများကို အလေး အနက် မှတ်တမ်းတင်ကြောင်း AA က ဖော်ပြထားသည်။

အမ်းတွင် စစ်စခန်း ၈ ခု AA သိမ်းပိုက်ထား၊ လက်ကျန်တပ်စခန်းများ ဆက်တိုက်နေ

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)တည်ရှိ အမ်းမြို့နယ်တွင် စစ်ကောင်စီစခန်း ၈ ခုကို သိမ်းပိုက် ထားပြီး လက်ကျန်တပ်စခန်း ၁၀ ခုကို ဆက်လက်ထိုးစစ်ဆင်နေကြောင်း   ထုတ်ပြန်ချက်က ဆိုသည်။

သိမ်းပြီးသည့် စခန်းကြီးများမှာ အမှတ် (၃၇၃) ခြေမြန်တပ်ရင်း၊အမှတ် (၃၇၄) အမြောက်တပ်ရင်း ၊ အမှတ် (၇၅၇) လျှပ်စစ်အလုပ်ရုံ တပ်ခွဲ၊ အမှတ် (၃၄၅) စစ်လက်နက်ပစ္စည်းတပ်ခွဲ ၊အမှတ် (၈) တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်း ၊ အမှတ်-၂ /ကုတင် ၃၀၀ တပ်မတော်စစ်ဆေးရုံ ၊လေကြောင်းရန်ကာကွယ်ရေးတပ် ၊ စစ်ဖက်ရေးရာ လုံခြုံရေးတပ်တို့  ဖြစ်သည်ဟု  ဆိုသည်။ 

ဆက်တိုက်ရမည့် စခန်းများမှာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အမှတ် (၉၄၆) ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲ၊ ခြေမြန်တပ်ရင်း အမှတ် (၃၇၁) နှင့် (၃၇၂) ၊အမှတ် (၇၅၇/၂) လျှပ်စစ်အလုပ်ရုံတပ်ခွဲ၊ အမှတ် (၉၂၆) ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ခွဲ၊ အမှတ် (၉) ဆက်သွယ်ရေးလုံခြုံမှုတပ်ရင်း၊အမှတ် (၈) အဆင့်မြင့် ဆက်သွယ်ရေးတပ်ရင်း၊ အမှတ် (၁၀) တပ်ထိန်းတပ်ခွဲ၊ အမှတ် (၉၁၉) စစ်မြေပြင်အင်ဂျင်နီယာ တပ်ရင်းတို့ ဖြစ်သည်ဟု ဖော်ပြထားသည်။

၎င်းတို့သိမ်းပိုက်ရရှိထားပြီးသောစခန်းများမှ ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီ တပ်ဖွဲ့ဝင် များကို လိုက်လံတိုက်ခိုက်လျက်ရှိသောကြောင့်  နပခဌာနချုပ် ပတ်ဝန်းကျင်၌ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း သိရသည်။

စစ်ကောင်စီက တိုက်ပွဲသတင်း အမှောင်ချထားတတ်သည်။ ပြီးခဲ့သည့် ရက် ၃၀ အတွင်း စစ်တပ်၏ ထုတ်ပြန်ချက်များတွင် ရခိုင်ပြည်နယ်အကြောင်း သတင်းတိုတစ်ပုဒ်သာ ရှိသည်။

 အောက်တိုဘာလ  ၂၁ ရက်နေ့ ရက်စွဲတပ် ထိုထုတ်ပြန်ချက်တွင်   မောင်တောမြို့နယ်၊ ဖားဝပ်ချောင်းကျေးရွာကို လေတပ်က တိုက်ခိုက်သဖြင့်  ပြည်သူ ၅ ဦးသေဆုံးသည်ဟူသော သတင်းမှာ မှားနေကြောင်း၊  အရပ်သားပြည်သူများ ဝင်ရောက်နေထိုင်ခြင်း ရှိ၊ မရှိကို စစ်တပ်က နည်းလမ်းမျိုးစုံဖြင့် စိစစ်ပြီးမှ တိုက်ခိုက်လေ့ရှိ ကြောင်း ဖော်ပြထားသည်။

အမ်းအခြေစိုက် စစ်ဖက်ရေးရာ လုံခြုံရေးတပ်ကို AA က သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ (ဓာတ်ပုံ- AA Info Desk)





Source link

Leave a Reply

Your email address will not be published. Required fields are marked *