ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ပူချယ်ကျေးရွာကနေ ကောက်ရိတ်ပြီး ပြန်လာတဲ့ အရပ်သား အယောက် ၂၀၀ ကို စစ်ကောင်စီက ဖမ်းဆီးပြီး ပင်လောင်းမြို့နယ်ထဲ ထိန်းသိမ်းထားတာပါ။ အခုဖမ်းဆီးခံရတဲ့သူတွေထဲက လူအယောက် ၆၀ ကျော်ကို ကျပ်ငွေ သုံးသောင်းပေးလို့ ပြန်လွှတ်လိုက်ပြီး ကျန်တဲ့သူတွေကိုထိန်းသိမ်းထားဆဲပဲလို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ဗွီအိုအေကို ပြောပါတယ်။ စစ်ရေးပဋိပက္ခပြင်းထန်နေတဲ့ဒေသတွေမှာ အရပ်သားတွေကို ဖမ်းဆီးနေတဲ့အခြေအနေက စိုးရိမ်စရာပါလို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ကလည်းပြောပါတယ်။ ဖယ်ခုံက အရပ်သား ရာချီ ဖမ်းဆီးခံရတဲ့ နောက်ဆုံးရအခြေအနေ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။
(၁၁၁၁) စစ်ဆင်ရေးတစ်နှစ်ပြည့်တဲ့နေ့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ရက်နေ့က ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ပူချယ်ကျေးရွာကနေ ကောက်ရိတ်ပြီး ပြန်လာတဲ့ အရပ်သား အယောက် ၂၀၀ ကို စစ်ကောင်စီတပ်က ဖမ်းဆီးထိန်းသိမ်းထားတဲ့အကြောင်း ကရင်နီအမျိုးသားများတပ်ကာကွယ်ရေးတပ်(KNDF) က နိုဝင်ဘာလ ၁၃ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်ဖွဲ့က ပင်လောင်းမြို့နယ်ကနေ ဖယ်ခုံမြို့နယ်ဖက်ကို စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားနေချိန် အရပ်သားပြည်သူတွေကို ဖမ်းဆီးပြီး ပင်လောင်းမြို့ အားကစားရုံးအတွင်းမှာ စစ်ကောင်စီတပ်က ထိန်းသိမ်းလိုက်တာလို့ ကရင်နီအမျိုးသားများတပ်ကာကွယ်ရေးတပ်(KNDF)ပြောပါတယ်။
အခု ဖမ်းဆီး ထိန်းသိမ်းခံရတဲ့ အရပ်သား ကျပ်ငွေ ၃၀,၀၀၀(သုံးသောင်း) ပေးပြီး ပြန်ရွေးလို့ လူ ၃ပုံ ၁ပုံလောက်က ပြန်လွှတ်လာတဲ့ အကြောင်း နောက်ဆုံးရ အခြေအနေကို KNDF ရဲ့ ဗဟိုပြန်ကြားရေး တာဝန်ရှိသူ တာအယ်စိုးက ဗွီအိုအေကို ခုလို ပြောပါတယ်။
“ကျနော်တို့ နောက်ဆုံးရတဲ့သတင်းတွေကပေါ့နော်၊ ဒီစစ်ကောင်စီက ငွေ သုံးသောင်းပေးပြီးတော့မှ ပြန်လာရွေးခိုင်းတယ်ပေါ့နော်။ ဆိုတော့ ငွေ သုံးသောင်းပေးပြီးတော့မှ လွှတ်လာတဲ့ လူတွေရှိတယ်ပေါ့နော်၊ လောလောဆယ် ဒီ ၂၀၀ ကျော်ထဲမှာ ၃ပုံ ၁ပုံလောက်ကတော့ ပိုက်ဆံ သုံးသောင်းပေးပြီးတော့ ပြန်လွှတ်လာတယ်လို့ လောလောဆယ် သိထားရပါတယ်ပေါ့နော်။ စစ်ကောင်စီက ပင်လောင်မှာ သူတို့ ထိန်းသိမ်းထားတယ်၊ ပင်လောင်းမှာ ဆွေမျိုးသားချင်းရှိတဲ့လူတွေကတော့ ဒါပိုက်ဆံပေးပြီးတော့ ပြန်ပြီးတော့ ရွေးပြီးတော့မှ ခေါ်ထုတ်လို့ရတဲ့ အခြေအနေမျိုးဖြစ်တယ်ပေါ့နော်။ ပိုက်ဆံမရှိတဲ့ လူတွေ ဆွေမျိုးမရှိတဲ့ လူတွေကတော့ ခေါ်ထုတ်လို့မရဘူးဆိုတဲ့ အခြေအနေ ကျနော်တို့ ကြားသိရတာဖြစ်ပါတယ်။”
ဖယ်ခုံမြို့နယ်အတွင်း စစ်ကြောင်းထိုး လှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပင်လောင်းမြို့နယ်နဲ့ ဖယ်ခုံမြို့နယ်စပ်မှာရှိတဲ့ နန့်ဖာမူကျေးရွာ၊ ပင်စုံကျေးရွာ၊ လွှင်ကြိုင်းကျေးရွာ၊ ကုန်းပေါကျေးရွာ၊ ဗန်းမောက်ကျေးရွာတွေနဲ့ ဖယ်ခုံမြို့ပေါ်ရပ်ကွက်ရှိ နေအိမ်တွေကို ဖောက်ထွင်း လုယက်တာ မီးရှို့ဖျက်စီးတာတွေ လုပ်ဆောင်နေတာလို့ KNDF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကြောင်းထိုးနေတဲ့ လမ်းတလျှောက်မှာလည်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ (၁၀၀) ထက်မနည်း လုပ်ဆောင်ခဲ့တဲ့အပြင် စစ်ရေးပစ်မှတ်နဲ့ မဆိုင်တဲ့ လူနေကျေးရွာနဲ့ စစ်ရှောင်စခန်းတွေကိုလည်း လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း အခု နိုဝင်ဘာလဆန်ပိုင်းအထိ ဖယ်ခုံမြို့နယ်မှာတော့ လေကြောင်းနဲ့ ဒရုန်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် အသက် ၈ နှစ်အရွယ် ကလေး ၁ဦး အပါအဝင် အရပ်သားပြည်သူ ၆ ဦးသေဆုံး၊ ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ KNDF က ဆိုပါတယ်။
စစ်ရေးပဋိပက္ခတွေ သဘာဝဘေးအန္တရာယ်တွေစတဲ့ အခက်အခဲအကျပ်အတည်းတွေကြားက ဝမ်းစာအတွက် ရုန်းကန်နေကြတဲ့ အရပ်သားတွေကို ခုလို ဖမ်းဆီးတာဟာ လုပ်ကိုင်စားသောက်ရေးအတွက် ခြိမ်းခြောက်ရာရောက်သလို စစ်မှုထမ်း စစ်သားစုဆောင်းတာ စတဲ့ အသက်အန္တရာယ်ထိပါးနိုင်တဲ့ အခြေအနေတွေကလည်း အထူးစိုးရိမ်စရာဖြစ်နေတယ်လို့ကရင်နီလူ့အခွင့်အရေးတည်ထောင်သူ ကိုဗညားက ခုလို ပြောပါတယ်။
“စစ်ကောင်စီက အခုနောက်ပိုင်း လုပ်နေတဲ့ လုပ်ရပ်တွေက လူထုကို သာမာန်လူထုလို မမြင်ဘဲနဲ့ ဖမ်းဆီးနှိပ်စက်တာတွေ အတင်းအဓမ္မငွေကြေးတောင်းဆိုပြီးတော့မှ လုပ်တာတွေ နောက်ပြီးတော့မှ စစ်မှုမထမ်းမနေရ အတင်းအဓမ္မ စုဆောင်းတာတွေပေါ့။ အတင်းအဓမ္မတာဝန်ထမ်းခိုင်းတာ အဲ့ဟာက ပိုအန္တရာယ်ရှိပါတယ်။ ဒါက အသက်အန္တရာယ်ကို တိုက်ရိုက်ကိုရောက်ရှိစေတယ်။ အတင်းအဓမ္မစေခိုင်းခြင်းဖြစ်တယ်။ မြန်မာက ILO ရဲ့ စာချုပ်ကို ချုပ်ဆိုပြီးမှ ဝင်နေတဲ့ နိုင်ငံတစ်နိုင်ငံအနေနဲ့ အခုလိုမျိုး အတင်းအဓမ္မ အလုပ်အားစေခိုင်းခြင်းကိုတော့ ဥပဒေကို သူတို့ကိုယ်တိုင်း ချိုးဖောက်ရာရောက်သလို လူထုတွေရဲ့ အသက်အိုးအိမ်စည်းစိမ်းကို မတရားအားဖြင့်ပေါ့နော် ဖမ်းဆီးခြင်းကို ကျနော်တို့ စိုးရိမ်ပူပန် ပြင်းပြင်းထန်ထန်ရှုတ်ချတယ်လို့ ပြောလိုပါတယ်ခင်ဗျ။”
ပင်လောင်းမြို့နယ် နမ့်နိန်းကျေးရွာကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် မတ်လဆန်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းခဲ့ပြီးနောက် နမ့်နိန်းဘုန်းကြီးကျောင်းမှာ ခိုလှုံနေတဲ့ ဘုန်းကြီးအပါအဝင် ရွာသား ၂၀ ကျော် သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်ရှိခဲ့ဖူးပါတယ်။
အခု ဖမ်းဆီးခံထားရတဲ့ အရပ်သားတွေဟာ ဘယ်သူတွေပါဝင်သလဲဆိုတာ စုံစမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြောရေဆိုခွင့်ရှိသူ စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်ကို ဗွီအိုအေက တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံပြောဆိုတာမရှိပါဘူး။ စစ်ကောင်စီဘက်က တစုံတရာပြန်ထုတ်တာမျိုး မတွေ့ရသေးပါဘူး။