ylliX - Online Advertising Network
အတိတ်အရိပ်ဆိုးကို အနိုင်ယူခဲ့တဲ့ တောထဲက ဆေးမှူး - BUR.MIZZIMA.COM

အတိတ်အရိပ်ဆိုးကို အနိုင်ယူခဲ့တဲ့ တောထဲက ဆေးမှူး – BUR.MIZZIMA.COM


ခယ်မေရှင် ရေးသည်

သာမန်ညတွေလိုပဲ မှောင်မိုက်နေတဲ့ ညတညရဲ့ ညဦးအချိန်။ ၂၀၂၃ရဲ့ မိုးတွင်းကာလ ဩဂုတ်လရဲ့ ညတည။ အဲ့ဒီညရဲ့ ထိန့်လန့်ဖွယ် အဖြစ်အပျက်ကို အသက် ၁၉ နှစ်အရွယ်တော်လှန်ရေးရဲဘော်ရာဇာ(အမည်လွှဲ)တယောက် ဘယ်တော့မှမေ့ပျောက်နိုင်မှာမဟုတ်ပါဘူး။

ရဲဘော်ရာဇာဟာ လိင်စိတ်ခံယူမှုကွဲပြားသူ LGBTQ+တဦးဖြစ်ပြီး စစ်အာဏာရှင်တော်လှန်ရေးမှာ သတ္တိရှိရှိပါဝင်နေသူဖြစ်ပါတယ်။ အဲ့ဒီညက ရဲဘော်ရာဇာရှိနေတဲ့ တော်လှန်ရေးနယ်မြေတခုရဲ့ဆေးခန်းလေးမှာ ဘက်ထရီအိုးနဲ့ ချိတ်ထားတဲ့ မီးလုံးငယ်လေးတခုရဲ့ ခပ်မှိန်မှိန်အလင်းသာ ရှိနေချိန်ဖြစ်ပါတယ်။ ဆေးခန်းလေးက တောင်ထန်းဖက် အမိုး၊ အချောမသတ်ထားတဲ့ ပျဉ်တွေခင်းထားတဲ့ ခပ်အုပ်အုပ်အဆောက်အဦလေးပါ။ဒီဆေးခန်းဟာ တော်လှန်ရေးရဲဘော်တွေအတွက် သာမက ဒေသခံ ရွာသားတွေရဲ့ ကျန်းမာရေးအတွက်လည်း အားထားရတဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ဂေဟာဖြစ်ပါတယ်။

အသားဖြူဖြူ၊ပိန်သွယ်သွယ် ခန္တာကိုယ်နဲ့ ရုပ်ရည်ကြည်ကြည်လင်လင်ရှိတဲ့ရာဇာဟာ အဲ့ဒီနေ့ညက ဆေးခန်းရဲ့ ဆေးမှူးနားနေခန်းမှာ ရေချိုးပြီးစ အဝတ်အစားလဲနေပါတယ်။ သူအဝတ်အစားလဲနေစဉ်မှာပဲ အသက် ၂၀ ကျော်အရွယ် တခြားရဲဘော်တဦး အခန်းထဲ၀င်လာပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ဖို့ ကြိုးစားခြင်းခံပါတော့တယ်။

ရုတ်တရက်မို့ ရာဇာလည်းကြောင်သွားပါတယ်။ ဒါပေမယ့် သတ္တိရှိရှိငြင်းပယ်လိုက်ပြီး လူမဆန်တဲ့ဒီလိုလုပ်ရန်မျိုးမလုပ်ဖို့ တုန့်ပြန်ပြောဆိုလိုက်ပါတယ်။ဒါပေမယ့် သူ့ကို လိမ်ပိုင်းဆိုင်ရာစော်ကားဖို့ကြိုးစားတဲ့ရဲဘော်က ရှေ့ဆက်တိုးလာပြီး အတင့်ရဲလာပါတယ်။

စခန်းက တာဝန်ရှိတဲ့သူတွေနဲ့တိုင်မယ်လို့ ပြောသည့်တိုင်အောင် ရပ်တန့်ခြင်းမရှိပါဘူး။ ရာဇာရဲ့ ကိုယ်ခန္ဓာကို ထိပါးဖို့ လက်ရဲဇက်ရဲကြိုးစားလာပါတယ်။

အဲဒီအချိန်မှာပဲ ဆေးခန်းပြဖို့လူနာတယောက်ရောက်ရှိလာပါတယ်။ ဒါကြောင့်ပဲ အဲ့ဒီရဲဘော်ရဲ့ ရာဇာအပေါ် လိင်အကြမ်းဖက်မှု အဆုံးထိ မအောင်မြင်လိုက်တာပါ။ ဒါဟာ မျှော်လင့်မထားတဲ့ကံကောင်းမှုလို့ ရဲဘော်ရာဇာကဆိုပါတယ်။

“သူက ပြောသွားတယ်။ လူနာရောက်လာလို့ နင် ကံကောင်းသွားတယ်မှတ်တဲ့”

လိင်ပိုင်းဆိုင်ရာထိပါးဖို့ကြိုစားသူက ပြောသွားတဲ့ ခြိမ်းခြောက်စကားကို ရဲဘော်ရာဇာက ပြန်ပြောပြတာပါ။

LGBTQ+ တဦးဖြစ်တဲ့ ရာဇာအတွက် ဒီလို ကိုယ်ထိလက်ရောက်ပြုခံရတာမတိုင်ခင်ကလည်း နှုတ်စကားတွေနဲ့ လှောင်ပြောင်တာတွေ၊ နှိမ်တဲ့စကားတွေကို မကြာခဏဆိုသလို ကြားခဲ့ရတယ်လို့ဆိုပါတယ်။
 
ရာဇာဟာ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းက တောင်ပေါ်ဒေသတခုကို အာဏာသိမ်းစစ်အုပ်စုကို လက်နက်ကိုင် တော်လှန်ဖို့ ရောက်နေခဲ့တာ ၂၀၂၁ ခုနှစ်၊ နှစ်ကုန်ပိုင်းကတည်းကပါ။ လက်နက်ကိုင် တော်လှန်ရေးထဲ စတင်ဝင်ရောက်စဉ်က သူဟာ ကိုးတန်းအောင် ကျောင်းသားတဦးဖြစ်ပြီး အသက် ၁၇ နှစ်သာ ရှိပါသေးတယ်။
 
တောထဲစတင်ဝင်ရောက်လာချိန်ကစပြီး  စစ်သင်တန်း၊ ဆေးသင်တန်း စသဖြင့် အဆင့်ဆင့် သင်တန်းတွေ တက်ရောက်ပြီး တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းတခုမှာ ဆေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။ ၂၀၂၃ ခုနှစ် အစောပိုင်းအထိ အဖွဲ့အစည်းအတွင်း လိင်စိတ်ခံယူမှုနဲ့ ပတ်သက်တဲ့ ခွဲခြားဆက်ဆံရမှုတွေ၊ စော်ကားခံရမှုတွေ မရှိခဲ့ပေမယ့် စစ်ကူစစ်ကြောင်းအဖြစ် ရဲဘော်အချို့ ထပ်မံ ရောက်ရှိလာချိန်မှာမှာ အခုအဖြစ်အပျက် တွေ့ကြုံခံစားခဲ့ရတာ ဖြစ်ပါတယ်။
 
“ ကိုယ်တိုင်က LGBT ဖြစ်ပေမယ့် ယောကျာ်းလေးတစ်ယောက်ဆိုတော့ ညအိပ်တဲ့အခါ ယောကျာ်းလေးတွေနဲ့ အတူအိပ်ရတယ်။ အဲ့အချိန်မှာဆို ညဘက်ဖြစ်တဲ့အတွက် ပိုဆိုးကြတယ်” လို့လိင်ပိုင်းဆိုင်ရာနှောက်ယှက်ထိပါးခံရတဲ့အဖြစ်အပျက်တွေကို ပြန်ပြောပြပါတယ်။ဒီလိုအခြေအနေတွေကို မကြာခဏကြုံရပြီး နည်းမျိုးစုံနဲ့ ငြင်းပယ်ခဲ့ရတယ်လို့ဆိုပါတယ်။

“ငြိမ်ခံနေလို့တော့ မဖြစ်တဲ့ အခြေအနေပေါ့၊ ငြိမ်ခံနေရင် သူတို့စိတ်ကြိုက် လုပ်သွားမှာလေ။ အဲ့တော့ ကိုယ့်ဘက်က အလိုမတူဘူးဆိုတဲ့ ပုံစံနဲ့ ပြန်တုန့်ပြန်ရတာပေါ့၊ အများလည်းမသိအောင် သူလည်း နောက်ထပ်မလုပ်အောင်။ အများသိသွားရင် ကိုယ့်အတွက်လည်း မကောင်းဘူးလေ၊ မင်းက အခြောက်ဖြစ်နေတာကိုဆိုတဲ့ စကားသံတွေနဲ့ လာဦးမှာ” လို့ သူက ဆိုပါတယ်။

တကြိမ်ကဆိုရင် အမျိုးသားအင်္ဂါမှာ အနာဖြစ်တဲ့ လူနာကိုဆေးထည့်ကုသပေးနေတုန်း ကြမ်းတမ်းတဲ့ အပြအမူတွေ၊ ပြောစကားတွေနဲ့ နှောက်ယှက်ထိပါးခံခဲ့ရတယ်လို့ဆိုပါတယ်။ ဆေးမှူးတယောက်မို့ ဆေးကုသပေးခဲ့ပေမယ့် စော်ကားခံရတာမို့ ဝမ်းနည်းခဲ့ရတယ်လို့ သူက ပြောပါတယ်။

နှုတ်စကားနဲ့ ပြောတဲ့ အကြမ်းဖက်ပြောဆိုမှုတွေကို ကြုံရတဲ့တချို့သောအချိန်တွေမှာ အဖွဲ့အစည်းအတွင်းက တာဝန်ရှိသူတွေပါ အနီးအနားတဝိုက် ရှိနေတတ်ပေမယ့် ပြောဆိုနေသူတွေကို တားဆီးတာမျိုး မလုပ်ကြဘူးလို့ ရဲ‌ဘော်ရာဇာက ပြောပါတယ်။
 
“ လူကြီးတွေကိုတော့ မတိုင်ပါဘူး။ ကျွန်တော့်ဘာသာ ကျွန်တော်ပဲ သည်းခံလိုက်ပါတယ်။ တခါတလေကျတော့ လူကြီးတွေရှေ့တင် စနေတော့ ကိုယ်က ပြောရတာအခက်၊ လူကြီးတွေကလည်း စနေတယ်ထင်ပြီး ဘာမှမပြောကြဘူး။ သူတို့လည်း ရယ်နေကြတာပဲ”

LGBTQ+ တဦးရဲ့ စစ်မြေပြင်က ဘဝဟာ ထင်တာထက် ကြမ်းတမ်းတယ်လို့ သူက ငြီးတွားပါတယ်။
 
ရဲဘော်ရာဇာဟာ မိမိရဲ့ ဖြစ်တည်မှုကို စတင်သိရှိစဉ်ကတည်းက မိမိကိုယ်ကို လက်ခံလာနိုင်ခဲ့သူတော့ မဟုတ်ပါဘူး။ မိသားစု၊​ဆွေမျိုး၊ အသိုင်းအဝိုင်းထဲ သူ့လို လိင်စိတ်ခံယူမှုကွဲပြားသူ မရှိတဲ့အတွက် သူ့ရဲ့ ဖြစ်တည်မှုကို အချိန်အတိုင်းအတာတခုအထိ မြိုသိပ်ထားခဲ့ရပါတယ်။ သူ့ရဲ့ လိင်စိတ်ခံယူမှုကွဲပြားတဲ့ ဖြစ်တည်မှုကိုတောင် ယနေ့အချိန်အထိ မိဘနှစ်ပါးကို အသိမပေးရဲရှာသူပါ။
 
“ ကျွန်တော် LGBT ဆိုတာ ဖေဖေနဲ့ မေမေပဲ မသိတာ။ ကျန်တဲ့ မိသားစုဝင်တွေက သိတယ်။ လက်လည်း လက်ခံပေးတယ်။ ဖေဖေက ဒေါသတအားကြီးတယ်။ ပြီးတော့ နှလုံးရောဂါလည်းရှိတယ်၊ အဲ့ဒါကြောင့် တခုခုဖြစ်သွားမှာစိုးတာ။ အခုလို ဖြစ်တာတွေကိုလည်း ပြောပြဖို့ မစဉ်းစားဖူးဘူး။ ကျွန်တော့်ကြောင့်နဲ့ အိမ်ကို စိတ်မညစ်စေချင်လို့”  လို့ သူက ပြောပြပါတယ်။

ပြောနေချိန်မှာ သူမျက်နှာသွင်ပြင်ဟာ ညိုးငယ်နေ‌ပါတယ်။တခါတရံမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတဲ့ ဖြစ်စဉ်တွေကို ပြန်မြင်ယောင်ပြီး စိတ်တို၊ ကြောက်ရွံ့မိတဲ့ အချိန်တွေရှိတယ်လို့လည်း ပြောပြပါတယ်။
 
“  အစကတော့ငိုချင်တယ်။ ကိုယ့်ကိုယ်ကို LGBT လို့ ခံယူထားပေမယ့် ကိုယ်က ယောကျ်ားလေးတယောက်ပဲလေ။ စိတ်လည်တိုတယ်။ ကိုယ့်ကိုယ်ကို စိတ်တိုတာ ငါဘာကြောင့် ဒီလိုဖြစ်နေတာလဲဆိုပြီး။ ပြီးတော့ ကြောက်လည်း ကြောက်တယ်၊ ငါနောက်တခေါက်ထပ်ဖြစ်ရင် ဘယ်လိုလုပ်မလဲဆိုပြီးတော့။ အရင်ကဆို ပြန်ပြန်မြင်မိတယ်၊ အဲ့ဒီလူကို မြင်တာနဲ့ ဒေါသထွက်တယ် ပြေးပြီးတော့ ရိုက်လိုက်တာဖြစ်ဖြစ်၊ ထိုးလိုက်တာဖြစ်ဖြစ် လုပ်ချင်တယ်။ နောက်တော့ တဖြည်းဖြည်းနဲ့ လျစ်လျူရှုနိုင်လာတယ်။ နောက်တော့ ကျွန်တော်လွယ်နေကျ လွယ်အိတ်လေးထဲ ဓါးတလက်နဲ့ အမျိုးသမီးဆံပင်ညှပ်ကပ်ကြေးတခုစီ ဆောင်ထားတယ်။ ဘယ်သွားသွားယူသွားတယ်​အိပ်လည်း ဘေးနားချထားတယ်။ ထပ်လုပ်ရင် သူသေသေ ကိုယ်သေသေ လုပ်မယ်ဆိုပြီး ကိုယ်ကိုယ်ကိုပဲ အားကိုးပြီးနေတယ်” လို့ ဆိုပါတယ်။

တော်လှန်ရေးနယ်မြေရောက် LGBTQ+တဦးရဲ့ အားကိုးရာက ဓါးတလက်နဲ့ကပ်ကြေးတလက်ဖြစ်ခဲ့ပါတယ်။
ပြဿနာတွေကို ပိုမကြီးစေလိုတဲ့အတွက်လည်း လိင်ပိုင်းဆိုင်ရာ အနှောင့်အယှက်ပေးခံရမှုတွေနဲ့ ပတ်သက်ပြီး အဖွဲ့အစည်းက တာဝန်ရှိသူတွေထံ တိုင်ကြားလိုခြင်းမရှိဘူးလို့ ဆိုပါတယ်။
 
ရာဇာတာဝန်ထမ်းဆောင်နေတဲ့ အဖွဲ့အစည်းရဲ့ ဗဟိုပြောရေးဆိုခွင့်ရှိသူကတော့ လိင်စိတ်ခံယူမှုကွဲပြားသူတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ကျူးလွန်ပါက အဖွဲ့အစည်းက ရေးဆွဲထားသည့် ဥပဒေအတိုင်း အရေးယူပေးနိုင်ပေမယ့် တိုင်စာ ရောက်မလာတာကြောင့် တစုံတရာ အရေးယူခြင်း မပြုလုပ်နိုင်ခဲ့ဘူးလို့ ပြောပါတယ်။
 
“ စခန်းထဲမှာ တိုင်ကြားတာရှိတယ်လို့ သိထားခြင်း မရှိဘူး။  ရှိရင်တော့ ဥပဒေအတိုင်း အရေးယူရမှာပေါ့”လို့ အဆိုပါ တာဝန်ရှိသူက ဆိုပါတယ်။
 
ယခုအချိန်မှာတော့ ရဲဘော်ရာဇာတယောက် ယခင်ကထက် နေရထိုင်ရ အဆင်ပြေပြီး သက်သာရာရနေပါပြီ။ တချိန်က လိင်ပိုင်းဆိုင်ရာ ကျူးလွန်ဖို့ ကြိုးစားဖူးတဲ့ တော်လှန်ရေးရဲဘော်တွေဟာ ရာဇာရဲ့ ပိုမိုတည်ကြည်လာတဲ့ ပြောဆိုနေထိုင်မှုပုံစံတွေကြောင့် ယခင်ကလို ပြောဆိုတာတွေ၊ ကိုယ်ထိလက်ရောက်စော်ကားတာတွေ မရှိတော့သလို သူ့အနေနဲ့လည်း ဒီထက် ပိုသန်မာအောင် ကြိုးစားနေထိုင်နေတယ်လို့ ပြောပါတယ်။
 
“ တော်လှန်ရေးထဲမှာ ဒါတွေရှိမယ်ဆိုတာတော့ မလာခင်ကတည်းက တွေးဖူးတယ်။ အဲ့ဒီအတွက်လည်း ပြင်ဆင်လာတယ်။တခြားကို ပြောင်းဖို့လည်း စိတ်ကူးဖူးတယ်​။ ဒါပေမယ့် ငါလာတာ တော်လှန်ရေးလုပ်ဖို့ ဒါကြောင့်နဲ့တော့ မိခင်တပ်ရင်းကို စွန့်ပြီး ထွက်မသွားဘူး။ ရင်ဆိုင်နိုင်အောင် ကြိုးစားရင် ပိုသန်မာလာမယ်လို့ ထင်တယ်” လို့ သူက ပြောပြပါတယ်။
 
ပြည်သူ့ကာကွယ်ရေးတပ်တွေအတွင်းမှာတော့ လိင်စိတ်ခံယူမှုကွဲပြားတဲ့ ရဲဘော်တွေအပေါ် နှုတ်ဖြင့်ဖြစ်စေ၊ ကိုယ်ထိလက်ရောက်ဖြစ်စေ အလိုမတူဘဲ လိင်နဲ့ပတ်သက်တဲ့ စော်ကားမှုတွေ ပြုလုပ်လာပါက ကျူးလွန်သူက ခေါင်းဆောင်ပိုင်းများက ခေါ်ယူသတိပေးခြင်း၊ အပြစ်ပေးခြင်းတွေ လုပ်ဆောင်ပေးတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ဆိုပါတယ်။
 
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း ၎င်းတို့ ချမှတ်ထားတဲ့ စစ်သည်ကျင့်ဝတ်တွေရှိပြီး အဲ့ဒီကျင့်ဝတ်တွေအတွင်း အမျိုးသမီးတွေနဲ့ လိင်စိတ်ခံယူမှုကွဲပြားသူတွေအပေါ် ကာကွယ်စောင့်ရှောက်ကြဖို့နဲ့ သူတို့အပေါ် လိင်ပိုင်းဆိုင်ရာ ထိခိုက်လှောင်ပြောင်ခြင်းမပြုဖို့ တားမြစ်ထားကြောင်း သိရပါတယ်။
 
 “ စစ်သည်တိုင်း လေးစားလိုက်နာရမယ့် Military Code of Contact စစ်သည်ကျင့်ဝတ်များကို NUG ရဲ့ လက်အောက်မှာရှိတဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေအကုန်လုံး လိုက်နာဖို့အတွက် ပြဌာန်းပြီးသားပါ။ အဲ့ထဲမှာ အမျိုးသမီးများနဲ့ လိင်စိတ်ကွဲပြားသူများအပေါ်မှာ ကာကွယ်စောင့်ရှောက်ရမယ့်အရာတွေ သူတို့ရဲ့ အပေါ်မှာ လိင်ပိုင်း ထိခိုက်လှောင်ပြောင်ခြင်းမပြုဖို့ တားမြစ်ပြီးသားဖြစ်ပါတယ်။ အဲ့တော့ တခါတလေကျရင်တော့ ဒီစခန်းတွေအတွင်းမှာ ရဲဘော်တွေအချင်းချင်း လှောင်ပြောင်မှုတွေရှိတယ်။ ဒါပေမယ့် တကယ် ဒါကို လက်မခံနိုင်လောက်တဲ့အထိ ဖြစ်လာတယ် တိုင်ကြားမှုတွေ ရှိလာရင်တော့ စစ်သည်ကျင့်ဝတ်မှာပါတဲ့အတိုင်း သက်ဆိုင်ရာဝန်ကြီးဌာနဖြစ်တဲ့ ကာကွယ်ရေးဝန်ကြီးဌာနကနေ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ခဲ့တာ ရှိပါတယ်” လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။

LGBTQ+ အရေး တက်ကြွလှုပ်ရှားသူတွေက‌တော့ လူ့အဖွဲ့အစည်းအနေနဲ့ LGBTတွေကို ပိုပြီးနားလည်ဖို့ တိုက်တွန်းပါတယ်။ လိင်ပိုင်းဆိုင်ရာထိပါးစော်ကားခံရတဲ့ ရဲဘော်ရာဇာရဲ့ အဖြစ်မျိုးက မဖြစ်သင့်ဘူးလို့ဆိုပါတယ်။

” တော်လှန်ရေးမှာ ပါဝင်နေကြတဲ့ LGBT တွေကို လူသားထဲက လူတွေ၊ အတူတူပဲ၊တန်းတူပဲဆိုတဲ့ ပုံစံမျိုးနဲ့ ဆက်ဆံစေချင်ပါတယ်” လို့LGBTQ+ အရေး တက်ကြွလှုပ်ရှားသူ အတာက မှတ်ချက်ပြုပါတယ်။
  
ရဲဘော်ရာဇာကတော့ ရှေ့ဆက်ပြီး သူ့ရဲ့လက်နက်ကိုင်တော်လှန်ရေးလမ်းကြောင်းတလျှောက် သူ့လိုဖြစ်ရပ်မျိုး တခြားရဲဘော်၊ ရဲမေတွေ ထပ်မဖြစ်စေဖို့ တက်နိုင်သမျှ အကာအကွယ်ပေးသွားမယ်လို့ ဆိုပါတယ်။
 
တော်လှန်ရေးကာလ မတိုင်ခင်ကအထိ ဆရာဝန်ဖြစ်ဖို့ ရည်မှန်းချက်ကြီးမားခဲ့တဲ့ ရာဇာအတွက် တော်လှန်ရေးကာလအတွင်းမှာ ဆေးမှူးအဖြစ်တာဝန်ထမ်းဆောင်ရတာက စိတ်ကျေနပ်စရာဖြစ်တယ်လို့ သူက ဆိုပါတယ်။ ဒါ့ကြောင့် ဒီအလုပ်အပေါ် သင်ယူစရာရှိတာတွေ ထပ်သင်ယူရင်း၊ တော်လှန်ရေးအတွင်း အဖွဲ့အစည်းက ပေးတဲ့ ဆေးမှူးတာဝန်ကို ထမ်းဆောင်ရင်း တော်လှန်ရေးအောင်မြင်တဲ့အထိ ဆက်ပြီး တာဝန်ထမ်းဆောင်သွားမယ်လို့ ရဲဘော်ရာဇာက သူခံယူချက်ကို ပြောပြပါတယ်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *