ylliX - Online Advertising Network
ဆောင်းရာသီမှာ အရိုးတွေ နာကျင်ထိခိုက်မှုကင်းစေဖို့ လိုက်နာစရာလေးများ

ဆောင်းရာသီမှာ အရိုးတွေ နာကျင်ထိခိုက်မှုကင်းစေဖို့ လိုက်နာစရာလေးများ


ဆောင်းရာသီက အရိုးတွေ ထိခိုက်လွယ်တဲ့ ကာလလေး တစ်ခုပါ။ ဆောင်းအအေးဒဏ်ကြောင့် ရေသောက်နည်းတာက အရိုးတွေကို ကျိုးလွယ်အက်လွယ်စေတာအပြင် နာကျင်ကိုက်ခဲတာကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ဆောင်းရာသီမှာ အရိုးတွေ နာကျင်ထိခိုက်မှု ကင်းစေဖို့အတွက်  အရိုးတွေ ကျန်းမာအောင် ဘယ်လို ထိန်းသိမ်းလို့ ရမလဲဆိုတာလေးကို ပြောပြပေးချင်ပါတယ်။ 

ဆောင်းရာသီမှာ အရိုးတွေ နာကျင်ထိခိုက်မှု ကင်းစေဖို့ရာ

ဆောင်းရာသီမှာ အရိုးတွေ နာကျင်ထိခိုက်မှု ကင်းစေဖို့ဆိုရင်တော့  – 

  • လေ့ကျင့်ခန်း ပုံမှန်လေး လုပ်ပေးပါ

ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်လုပ်တာက အရိုးတွေကို ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အသက်အရွယ်ရလာလေလေ အရိုးရဲ့ သတ္တုဓာတ်တွေက ကျဆင်းလာလေလေပါ။ လေ့ကျင့်ခန်း ပုံမှန်လုပ်တာက အရိုးသိပ်သည်းဆကို ကောင်းစေသလို အရိုးတွေ သန်မာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ 

လေ့ကျင့်ခန်း လုပ်တာက အဆစ်တွေ လှုပ်ရှားရကောင်းမွန်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် အရိုးအဆစ်တွေ ကျန်းမာစေဖို့နဲ့ သန်မာစေဖို့ဆိုရင် ကိုယ်အလေးချိန်ကို ထိန်းဖို့လည်း လိုပါမယ်။ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်တာက အရိုးတွေကို သန်မာစေသလို ကိုယ်အလေးချိန်ကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။ 

  • ဗီတာမင် D ပြည့်ဝအောင် ဂရုစိုက်ပါ

ဗီတာမင် D က အရိုးတွေအတွက် အရေးပါတဲ့ ဗီတာမင် တစ်မျိုးပါ။ အကြောင်းကတော့ ဗီတာမင် D က ကယ်လ်ဆီယမ်ကို ကောင်းကောင်းစုပ်ယူနိုင်စေဖို့ ထောက်ကူပေးသလို အရိုးတွေကို သန်မာစေဖို့ရော အရိုးပွတာလိုမျိုး အရိုးကျန်းမာရေးပြဿနာတွေ ကင်းစေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။ 

ဗီတာမင် D မပြည့်ဝတာက ကိုယ်နေဟန်ထား မမှန်တာမျိုးလည်း ဖြစ်စေနိုင်တာကြောင့် မနက်ခင်း နေရောင်ခြည် နွေးနွေးလေးကို ခံယူရင်း ဗီတာမင် D ဖြည့်တင်းလို့ ရပါတယ်။ 

  • ရေလုံလောက်အောင် သောက်ပါ

ဆောင်းအေးနေချိန်မှာ ရေအေးကို မသောက်ဖြစ်ကြဘဲ ခပ်နွေးနွေး သောက်စရာတွေကိုပဲ အဓိကထား သောက်ဖြစ်တတ်ကြပါတယ်။ ဆောင်းရာသီမှာ အချို့သော သောက်စရာတွေက ရေဓာတ်ပြည့်ဝစေပေမယ့် ရေအစားထိုး သောက်တာမျိုးတော့ မလုပ်သင့်ပါဘူး။ 

နေ့တိုင်းမှာ ရေကို လုံလောက်အောင် သောက်သုံးတာက အရိုးတွေကို ကျန်းမာစေဖို့ ထောက်ကူပေးနိုင်သလို အရိုးတွေ နာတာ၊ ရောင်တာမျိုးတွေနဲ့ ဆောင်းရာသီမှာ အဆစ်ရောင်နာတွေ ပိုမဆိုးစေဖို့လည်း ထောက်ကူပေး နိုင်ပါတယ်။ ဒါကြောင့် ဆောင်းရာသီမှာ အရိုးတွေ သန်မာစေဖို့ဆိုရင် နေ့စဉ်မှာ ရေလုံလောက်အောင် သောက် ပါ။ 

  • ပရိုတင်း များများစားပါ

ပရိုတင်းက အရိုးတွေ သန်မာစေဖို့ မရှိမဖြစ် လိုအပ်တဲ့ အာဟာရတစ်မျိုးပါ။ အရိုးတွေရဲ့ ၅၀ ရာခိုင်နှုန်းက ပရိုတင်းတွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပြီး အရိုးတွေ သန်မာစေဖို့ဆိုရင် နေ့စဉ် စားသုံးမှုမှာ ပရိုတင်း ကြွယ်ဝတဲ့ အစားအစာတွေကို စားဖို့ လိုပါမယ်။ ဒါကြောင့် နေ့စဉ် စားသုံးမှုမှာ ပရိုတင်းပြည့်ဝစွာ ရရှိစေဖို့ အနီရောင်အသား၊ ကြက်သား၊ ငါး၊ နို့ထွက်ပစ္စည်းတွေလိုမျိုး အစားအစာတွေကို ပြည့်ဝအောင် စားပေးပါ။ 

  • နွေးနွေးထွေးထွေးနေပါ

ဆောင်းရာသီမှာ နွေးနွေးထွေးထွေးဝတ်ပါ။ ဒီလိုနွေးနွေးထွေးထွေး ဝတ်တာက ဆောင်းအေးတာကြောင့် ဖျားနာမှုတွေကို သက်သာစေနိုင်သလို ရာသီဥတု အခြေအနေကြောင့် အရိုးအဆစ်တွေ နာကျင်တာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ရာရောက်ပါတယ်။ ဒါကြောင့် ဆောင်းအေးအေးမှာ ကျန်းမာစေဖို့နဲ့ အရိုးတွေ ထိခိုက်တာမျိုး မဖြစ်စေဖို့ဆိုရင်တော့ နွေးနွေးထွေးထွေးနေပေးပါ။ 

  • ကယ်လ်ဆီယမ်ပါဝင်အောင် စားသုံးပါ

ကယ်လ်ဆီယမ်က အရိုးတွေ သန်မာစေဖို့ အရေးပါတဲ့ သတ္တုဓာတ် တစ်မျိုးပါ။ ကယ်လ်ဆီယမ် မပြည့်ဝတဲ့အခါ အရိုးတွေ အားနည်းတာ၊ ကျွတ်ဆတ်တာတွေ ဖြစ်စေနိုင်သလို အရိုးကျိုးလွယ်တာမျိုးလည်း ဖြစ်စေနိုင်ပါတယ်။ 

အရိုးတွေ ကျန်းမာသန်စွမ်းစေဖို့ လိုအပ်တဲ့ ကယ်လ်ဆီယမ် ပြည့်ဝစေဖို့ဆိုရင်တော့ နေ့စဉ် စားသုံးမှုမှာ နို့နဲ့နိ့ထွက်ပစ္စည်းတွေ၊ ပန်းဂေါ်ဖီစိမ်း၊ ကိုက်လန်၊ အယ်လ်မွန်စေ့တွေလိုမျိုး အစားအစာတွေကို ပါဝင်အောင် စားပေးဖို့ လိုပါမယ်။ 

  • ဆေးလိပ်ဖြတ်ပါ

ဆေးလိပ်သောက်တာက အဆုတ်ကင်ဆာကို ဖြစ်စေနိုင်သလို အရိုးပွတာလိုမျိုး အရိုးပြဿနာတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ အကြောင်းကတော့ ဆေးလိပ်သောက်တာက သွေးကြောတွေကို ကျည်းစေပြီး အရိုးတွေဆီ သွေးစီးဆင်းရောက်ရှိမှု နည်းစေသလို အခြား ခန္ဓာကိုယ် အစိတ်အပိုင်းတွေဆီကိုလည်း သွေးစီးဆင်းရောက် ရှိမှု နည်းစေပါတယ်။ 

ဒါ့အပြင် ဆေးလိပ်သောက်တဲ့အခါ စီးကရက်မှာပါတဲ့ နီကိုတင်းက အရိုးဆဲလ်တွေ ထုတ်လုပ်မှုနှုန်းနှေးစေပြီး အရိုးသိပ်သည်းဆ နည်းတာကိုဖြစ်စေပါတယ်။ အရိုးသိပ်သည်းဆ နည်းလာတာက အရိုးကျိုးလွယ်တာ၊ အရိုးပွတာတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ 

ဆောင်းအေးအေးမှာ အရိုးကျန်းမာရေးကို ထိခိုက်မှုကင်းစေဖို့ဆိုရင် အခုပြောပြခဲ့တဲ့ နည်းလမ်းလေးတွေကို သေချာလေး ဂရုစိုက်ပေးလို့ ရပါတယ်။ 



Source link

Leave a Reply

Your email address will not be published. Required fields are marked *