ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ ကုန်းလောရွာကို နိုဝင်ဘာ ၁၅ ရက် မွန်းလွဲပိုင်းတွင် လေကြောင်းမှ ဗုံးကြဲခဲ့ရာ ကလေးငယ်များအပါအဝင် ၈ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒဏ်ရာရသူများလည်း ရှိသည်ဟု ဒေသခံများက ပြောသည်။
မိုးမောက်မြို့မြောက်ဘက် ၁၇ မိုင်ခန့်အကွာတွင် တည်ရှိသော ကုန်းလောရွာကို မွန်းလွဲ ၃ နာရီ မိနစ် ၄၀ ခန့်တွင် လေယာဉ်တစ်စီးက ဗုံးကြဲခဲ့စဉ် ကျေးရွာအတွင်းရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းကို ဗုံးထိမှန်ခဲ့သည်။
ဘုရားကျောင်းအနီးဝန်းကျင်တွင် စစ်ရှောင်များ လာရောက်ခိုလှုံနေထိုင်လျက်ရှိရာ ဆော့ကစားနေသည့် ကလေးငယ်များအပါအဝင် ဒေသခံ ၈ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် နီးစပ်သူ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“ (ဘုရားရှိခိုးကျောင်း)အဲဒီမှာက မိုးမောက်က စစ်ရှောင်တွေပါ နေကြတာ လေကြောင်းက တိုက်တော့ ကလေးတွေအပါအဝင် ၈ ယောက်လောက် သေတယ် ပွဲချင်းပြီးပေါ့၊ ဘုရားကျောင်းလည်း ပျက်စီးသွားတယ်၊ ကလေးတွေ ဆော့တဲ့အချိန်ဖြစ်သွားတာပေါ့”
သေဆုံးသွားသူများ၏ အမည်နှင့် အသက်အရွယ် အသေးစိတ်တို့ကို မသိရသေးသလို ဒဏ်ရာရသူ များပြားပြီး အရေအတွက်ကိုလည်း အတည်မပြုနိုင်သေးကြောင်း ၎င်းက ဆက်ပြောသည်။
Myanmar Now က ကြည့်ရှုရသော ဓာတ်ပုံတစ်ပုံတွင် သေဆုံးသူများအနက် အနည်းဆုံး ကလေး ၅ ဦး ခန့်ပါဝင်နိုင်သည်ကို တွေ့ရသည်။
အဆိုပါရွာအနီး တိုက်ပွဲဖြစ်ပွားခြင်းမရှိသလို တိုက်ပွဲဖြစ်ပွားနေသည့် မိုးမောက်မြို့နှင့်လည်း ၁၇ မိုင် ခန့်ဝေးကွာနေသည့်အတွက် စစ်ကောင်စီတပ်က အရပ်သားများကို ရည်ရွယ်သည့် ဗုံးကြဲတိုက်ခိုက်မှု ဟု ဒေသခံများက ယူဆကြသည်။
“ တိုက်ပွဲဖြစ်တာမရှိဘူး၊ လုံးဝမရှိဘူး။ မရှိဘဲနဲ့ တမင်တကာ ဗုံးလာကြဲသွားတာ၊ ကုန်းလောဘေးက မြို့သစ်ကိုလည်း အရင်က အဲဒီလိုပဲ ဗုံးလာကြဲသွားသေးတယ်” ဟု အထက်ပါ ဒေသခံအမျိုးသားက ဆိုသည်။
ကုန်းလောရွာတွင် အခြေစိုက်ထားသည့် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ(၃၈၇)တပ်ကို ယခုနှစ် မတ် ၂၆ ရက်တွင် KIA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ထားပြီး ကုန်းလောရွာနှင့် အနီးဝန်းကျင်ရွာ များဖြစ်သည့် စီဟတ်၊ တာလီ၊ မြို့သစ် စသည့် ကျေးရွာများကိုလည်း KIA က ထိန်းချုပ်ထားပြီးဖြစ်သည်။
မေလတွင် မိုးမောက်မြို့၌ တိုက်ပွဲများဖြစ်ပွားလာသည့်နောက် မိုးမောက်နှင့် အနီးအနားရှိ ကျေးရွာ များမှ ဒေသခံများမှာ KIA ထိန်းချုပ်ထားသည့် ဒေါ့ဖုန်းယန်မြို့နှင့် ကုန်းလော၊ မြို့သစ် စသည့် နီးစပ်ရာ ဒေသများတွင် စစ်ရှောင်နေကြသည်။
ပြီးခဲ့သည့် မေ ၁၃ ရက်ကလည်း မြို့သစ်ရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား တစ်ဦး သေဆုံးပြီး အမျိုးသမီးနှစ်ဦး ဒဏ်ရာရရှိကာ မြို့သစ်ရွာရှိ တိုက်နယ်ဆေးရုံလည်း ပျက်စီးခဲ့သည်။
ယခုနှစ် မေလမှစတင်ကာ မိုးမောက်မြို့ကို KIA နှင့် ပူးပေါင်းတပ်များက အပြင်းအထန် ထိုးစစ်ဆင်ခဲ့ ရာ ဩဂုတ် ၁၉ ရက်တွင် မိုးမောက်မြို့အခြေစိုက် ခမရ(၄၃၇)တပ်နှင့် မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။
ထို့နောက် သီတင်းတစ်ပတ်အကြာတွင် ဗန်းမော်မြို့ရှိ စစ်ကောင်စီတပ်က မိုးမောက်မြို့ကို သံချပ်ကာ ယာဉ်များ၊ လက်နက်ကြီး၊ လေကြောင်းများပစ်ကူများအပြင် ဒရုန်းများပါ အသုံးပြုပြီး ပြန်ထိုးစစ်ဆင် နေရာ ယနေ့အထိ တိုက်ပွဲများပြင်းထန်နေသည်။
နိုင်ငံအနှံ့ မြို့ပေါင်းများစွာကို လက်လွှတ်ဆုံးရှုံးထားရသည့် စစ်ကောင်စီတပ်က တိုင်းရင်းသား လက်နက်ကိုင်တပ်များနှင့် တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် မြို့များကို မကြာခဏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေသည်။