ylliX - Online Advertising Network

အချိန်ပိုဆင်းရန်ငြင်းဆန်၍ အလုပ်သမားအခွင်းရေးတောင်းဆိုသူများ အလုပ်ထုတ်ခံရ  – Myanmar Now


ရန်ကုန်မြို့အခြေစိုက် Charis Co., Ltd စက်ရုံသည် အချိန်ပိုဆင်းရန်ငြင်းဆန်သည့် အလုပ်သမားနှစ်ဦးကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သည်ဆိုသည့် စက်ရုံတာဝန်ရှိသူကို အရေးယူရန်တောင်းဆိုခဲ့ကြသော အလုပ်သမားများထဲမှ အနည်းဆုံး ၁၄ ဦးကို နိုဝင်ဘာ ၉ ရက်မှစတင်၍ အလုပ်ထုတ်လိုက်သည်ဟု အလုပ်သမားအခွင့်အရေး လှုပ်ရှားသူများကဆိုသည်။

လှိုင်သာယာစက်မှုဇုန် မြစိမ်းရောင်လမ်းရှိ ကြွေထည်ရုပ်ထုနှင့် ပန်းပုရုပ်ထုများထုတ်လုပ်သည့် ထိုစက်ရုံသည် အလုပ်သမားများအား ကတိပေးထားသည့်ဆုကြေးများပေးရန် ပျက်ကွက်ခဲ့ကြောင်း၊ ထိုအချက်ကြောင့် အမျိုးသမီဝန်ထမ်းနှစ်ဦးသည် အချိန်ပိုဆင်းရန်ငြင်းဆန်ခဲ့ပြီး၊ လုပ်ဖော်ကိုင်ဖက်  များကိုလည်း အချိန်ပိုမဆင်းရန်တိုက်တွန်းခဲ့သည်ဟု အလုပ်သမားများထံမှသိရသည်။

အချိန်ပိုဆင်းရန် ငြင်းဆန်သည့် အဆိုပါအလုပ်သမားနှစ်ဦးကို ပြီးခဲ့သည့် အောင်တိုဘာ ၃၀ ညနေပိုင်းတွင် ကုမ္ပဏီဒါရိုက်တာက ‘မပြန်ရဘူး’ ဟုဆိုကာ လက်မောင်းဆွဲ၍ ဆောင့်တွန်းခဲ့ကြောင်း အလုပ်သမားများဘက်က ဆိုသည်။

ယင်းအဖြစ်အပျက်တွင် ကျူးလွန်သူကိုအရေးယူပေးရန်  စက်ရုံအလုပ်သမား ၂၀၀ ကျော်သည် နိုဝင်ဘာ ၆ ရက်မှစ၍ ယနေ့ချိန်ထိ စက်ရုံထဲတွင်သပိတ်စခန်းဖွင့်ကာ တောင်းဆိုနေသည်။

ကုမ္ပဏီက ညှိနှိုင်းဖြေရှင်းခြင်းမရှိသည့်အပြင် ဦးဆောင်သူ ၁၄ ဦးအပါဝင် အလုပ်သမား ၄၀ ကျော်ကို အလုပ်ထုတ်ပယ်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FGWM) ပြောရေးဆိုခွင့်ရှိသူ ဒေါ်အိက Myanmar Now ကို ပြောသည်။

“(သပိတ်စပြီး)  လေးရက်မြောက်နေ့ကြတော့ သပိတ်ခေါင်းဆောင်အလုပ်သမားတွေကို အလုပ်ထုတ်တယ်ပေါ့နော်။ အလုပ်ထုတ်တော့ လုပ်ငန်းခွင်ထဲ၊ စက်ရုံခြံထဲကိုပေးမဝင်ဘူး။ ပေးမဝင်တဲ့အခါမှာ ကျန်တဲ့အလုပ်သမားတွေလည်းမဝင်ကြဘူး။ အဲ့တော့ သပိတ်က စက်ရုံရဲ့အပြင်မှာဖြစ်သွားတယ်ပေါ့” ဟု ၎င်းက ပြောသည်။ 

ထုတ်ပယ်ခံရသည့် အလုပ်သမားများကို ခြွင်းချက်မရှိပြန်ခန့်ရန်၊ ကိုယ်ထိလက်ရောက်ကျူးလွန်သူကို အလုပ်ထုတ်ရန်အပါဝင် အချက် ၁၈ ချက်ကို အလုပ်သမားများက တောင်းဆိုထားပြီး ကုမ္ပဏီဘက်က လိုက်လျောရန်မရှိဟု တုန့်ပြန်ထားကြောင်း ထိုစက်ရုံမှ အမည်မဖော်လိုသည့် အမျိုးသမီးအလုပ်သမား တစ်ဦးက ဆိုသည်။ 

“တောင်းဆိုထားတဲ့အချက်တွေကိုလည်းတစ်ခုမှမပေးဘူးတဲ့။ အဲ့ဒါက နောက်ဆုံးအခြေအနေပါပဲ။ တောင်းဆိုမှုပြုလုပ်နေတဲ့အချိန်မှာ အလုပ်ထုတ်ခံရသူ ပထမ ၁၄ ဦးရှိတယ်။ နောက်ထပ်ပြီးတော့ ထုတ်ထားသေးတယ်။ လုံခြုံရေးဂိတ်မှာ ဓာတ်ပုံတွေနဲ့ ကတ်နံပတ်တွေနဲ့ အဝင်မခံဘူး” ဟု ၎င်းက ပြောသည်။ 

အလုပ်သမားများက အချိန်ပိုဆင်းရန်ငြင်းဆန်သူများကို တိုက်ခိုက်သူမှာ ကုမ္ပဏီဒါရိုက်တာ တရုတ်နိုင်ငံသား Mr. Wang Xiao Jun ဆိုသူဖြစ်ကြောင်းစွပ်စွဲကြသည်။ စွပ်စွဲခံရမှုနှင့် ထိုအဖြစ်အပျက်များအတွက် Myanmar Now က Charis Co., Ltd ကို ဆက်သွယ်မေးမြန်းသော်လည်း နိုဝင်ဘာ ၁၅ မြန်မာစံတော်ချိန်  ညနေ ၄ နာရီအထိ တုန့်ပြန်ချက်မရသေးပါ။

Myanmar Now ကရရှိသည့်  နိုဝင်ဘာ ၉ နေ့စွဲဖြင့် Charis Co., Ltd ၏ကြေညာချက်တွင် အလုပ်သမားများသည် အလုပ်သမားစာချုပ်နှင့်  စည်းကမ်းများကို ဖောက်ဖျက်သဖြင့်  အလုပ်မှရပ်နားသည်ဟု ရေးသားထားသည်။



Charis Co., Ltd ကို မတည်ငွေအမေရိကန်ဒေါ်လာ ၂ သန်းဖြင့် ၂၀၁၈ ဇွန်တွင် ကုမ္ပဏီမှတ်ပုံတင်ထားပြီး လှိုင်သာယာရှိ စက်ရုံတွင် CMP (လက်ခစားစနစ်)ဖြင့် ကြွေထည်ရုပ်ထုနှင့် ပန်းပုရုပ်ထုများထုတ်လုပ်ကာ ပြည်ပကို တင်ပို့ရောင်းချ နေခြင်းဖြစ်သည်။ 

ထိုကုမ္ပဏီ၏ အစုရှယ်ယာ ၉၉ ရာခိုင်နှုန်းကို ဟောင်ကောင်အခြေစိုက် Wise Unicorn Industrial Ltd ကို ကိုယ်စားပြုသည့် တရုတ်နိုင်ငံသူ Ms Kao You-Fen ဆိုသူကပိုင်ဆိုင်ပြီး ကျန် ၁ ရာခိုင်နှုန်းကို ကိုးရီယား နိုင်ငံသား Mr Lee Kyun Kyu က ပိုင်ဆိုင်ကြောင်း စစ်ကောင်စီ၏  ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ မှတ်တမ်းများအရသိရသည်။

Charis Co., Ltd ၏ ကုမ္ပဏီမှတ်ပုံတင်လက်မှတ်

ထိုကုမ္ပဏီထုတ်ကုန်များကို အမေရိကန်နှင့် နိုင်ငံတကာကို တင်ပို့မှုရှိနေသည်ဟု သိရသည်။ 

နှစ်ဖက်အကြားပြဿနာအတွက် စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက လာရောက်ညှိနှိုင်းသော်လည်း အလုပ်ရှင်ဘက်မှညှိသည့် အခြေအနေဖြစ်နေပြီး ပြေလည်မှုတစ်စုံတရာမရကြောင်း မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FGWM) ပြောရေးဆိုခွင့်ရှိသူ ဒေါ်အိက Myanmar Now ကို ပြောသည်။

တစ်ချိန်တည်းတွင် စက်ရုံပြင်ပ၌ သပိတ်စခန်းဖွင့်၍ အခွင့်ရေးတောင်းဆိုသည် အလုပ်သမားများကို နယ်မြေပိုင်ရဲစခန်းက အချုပ်ကားများဖြင့်လာရောက်ကာ ဖမ်းဆီးမည်ဟု ခြမ်းခြောက်ကြောင်း ၎င်းက ဆက်ပြောသည်။ အလုပ်သမားများက တောင်းဆိုချက်မရမချင်း သပိတ်စခန်းဖွင့်သွားမည်ဖြစ်ပြီး ယနေ့တွင် ရုံးပိတ်ရက်ဖြစ်သောကြောင့် ခဏနားထားကြောင်း သိရသည်။ 

“စက်ရုံဘက်ကတော့ တရားစွဲမယ်ဘာမယ်ပြောတာပဲရှိတယ်ပေါ့နော်။ စွဲထားတာတော့မရှိသေးဘူး။ လက်ရှိ သူတို့လုပ်နေတာတော့ အလုပ်သမားတွေကို တစ်ယောက်ပြီးတစ်ယောက် အလုပ်ထုတ်နေတဲ့ အခြေအနေပဲရှိတယ်။ နောက်တစ်ခုက စက်ရုံက အင်တာဗျူးတွေခေါ်တယ်။ လူသစ်တွေခေါ်တယ်။ လုပ်ငန်းခွင့်လည်ပတ်ဖို့ကြိုးစားတယ်။ ဒါပေမယ့် အောင်မြင်မှုတော့မရှိသေးလို့ပြောရမယ်” ဟု သူက ဆိုသည်။ 

ထိုကုမ္ပဏီသည် စက်ရုံနှစ်ရုံရှိပြီး စုစုပေါင်းအလုပ်သမား ၅၀၀ ကျော်ရှိကာ လုပ်ငန်းခွင်ဝင်နေသည့် အလုပ်သမားများလည်းရှိနေသည်ဟု သိရသည်။ 

အာဏာသိမ်းပြီးလေးနှစ်နီးပါး  ကြာလာချိန်တွင် မြန်မာနိုင်ငံစက်ရုံများတွင် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှု မြင့်တက်လာပြီး ထိုချိုးဖောက်မှုများကို စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက ဥပဒေကြောင်းအရ အကာကွယ်ပေးနိုင်သည့် ယန္တယားမရှိတော့ကြောင်း အလုပ်သမားအခွင့်အရေး လှုပ်ရှားသူများက ဆိုသည်။





Source link

Leave a Reply

Your email address will not be published. Required fields are marked *