ylliX - Online Advertising Network

မတ္တရာတွင် တိုက်ပွဲ ၂ ရက်ဆက်ဖြစ်၊ ကြည်းရေလေတပ်များ ပါဝင်


မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဧရာဝတီမြစ်ကမ်းတစ်လျှောက်ကျေးရွာများတွင်  တိုက်ပွဲများ ၂ ရက်ကြာ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေပြီး  စစ်ကောင်စီတပ်က ကြည်းရေလေတပ်များ သုံးပြီးတိုက်ခိုက်နေသည်ဟု ဒေသခံများက ယနေ့ (နိုဝင်ဘာ ၁၈) တွင် ပြောသည်။ 

ယမန်နေ့ နံနက် ၃ နာရီခန့်တွင်   မြစ်ကမ်းဘေးကျေးရွာများဖြစ်သော သဖန်းဒေါင့်၊ ငယ်တိုး၊ ဆောက်ခြုံပေါက်၊ အောက်တောင်ကိုင်း အပါအဝင် မြစ်ရိုးတလျှောက် တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည်။ 

ထိုနေရာများသည် မန္တလေးမြို့မြောက်ဘက် ၅ မိုင်ခန့်သာ ကွာဝေးသည်။

မွန်းတည့်ချိန်တွင် မန္တလေးမြို့ဆိပ်ကမ်းမှ စစ်သင်္ဘောနှစ်စီး ဧရာဝတီမြစ်အတိုင်း  ဆန်တက်သွားပြီး မတ္တရာ မရောက်မီ စစ်ကိုင်းဘက်အခြမ်း မင်းကွန်းမြို့အနီး ဆိုက်ကပ်ကာ မြစ်တစ်ဖက်ကမ်း မတ္တရာဘက်ကျေးရွာများကို ပစ်ခတ်ခဲ့သည်။

အနီးဆုံးဖြစ်သော သဖန်းဒေါင့်ရွာသည် မင်းကွန်းနှင့် ၅ မိုင်ကျော် ကွာဝေးသည်။

ညနေ  ၅နာရီကျော်တွင် စစ်သင်္ဘောနှစ်စီး ပြန်ဆုတ်လာပြီးနောက် လေယာဉ်ရောက်လာကာ ၉ ကြိမ်ခန့် ပစ်ခတ်တိုက်ခတ်ခဲ့ကြောင်း မတ္တရာဒေသခံများက ဆိုကြသည်။

ယနေ့ နံနက်တွင်လည်း လေယာဉ် ၃ ကြိမ် လာရောက်ပစ်ခတ်ခဲ့ကြောင်း မတ္တရာဒေသခံအမျိုးသားတစ်ဦး က ပြောသည်။

“မတ္တရာဘောလုံးကွင်းကနေလည်း လက်နက်ကြီးတွေ တောက်လျှောက်မနားတမ်း ပစ်နေတယ်။ လေကြောင်းကလည်း အပြင်းအထန်ပဲ စစ်ကူပေးနေတာ” ဟု ၎င်းက ယနေ့ မွန်းတည့်ချိန်တွင် ပြောသည်။

“အခုထိ ချနေတုန်းပဲ။ အခြေအနေကတော့ စစ်ကောင်စီဘက်က အင်အား တအားသုံးပြီး ကြည်းရေလေ အပြင် မစ်ဇိုင်း (အဝေးပစ်လက်နက်ကြီး) တွေပါ ပစ်ကူပေးနေတာ။ အခုထိ တိုက်ပွဲမရပ်သေးဘူး”  

ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(MDY-PDF)၊ မတ္တရာ၊ ပုသိမ်ကြီး၊ ပြင်ဦးလွင်မြို့နယ်တို့မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) များ၊ မန္တလေးမြို့ပြပြောက်ကျားတပ်ဖွဲ့ (Generation Z Power-GZP)တို့ ပူးပေါင်းတိုက်ခိုက်နေကြသည်ဟု ဒေသခံများက ဆိုကြသည်။

MDY-PDF သတင်းပြန်ကြားရေးတာဝန်ခံ ကိုအော်စမွန်က တိုက်ပွဲဖြစ်နေကြောင်း အတည်ပြုသည်။

“ဟုတ်ပါတယ်။ မတ္တရာအနောက်ဖက်ခြမ်းမှာလည်း ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် တို့ တိုက်ပွဲပြင်းထန်နေတာ ရှိပါတယ်။ အသေးစိတ်အခြေအနေတော့ မသိရသေးပါဘူး ”ဟု သူက Myanmar Now ကို ပြောသည်။

တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး အခြေအနေ အသေးစိတ်ကို မသိရသေးဘဲ တော်လှန်ရေးအင်အားစုက စစ်ကောင်စီတပ်ထံမှ လက်နက်တချို့ သိမ်းပိုက်ရရှိထားသည်ဟု တော်လှန်ရေးတပ်ဖွဲ့များနှင့်နီးစပ်သူ ဒေသခံတစ်ဦးက ပြောသည်။ 



“ငါးကြင်းမြီးအပါအဝင် G3 နှစ်လက်၊ MA2,MA4 နောက် R7 တစ်လက် အားလုံးပေါင်း ၉ လက်ရတယ်။ ရဲဘော်တစ်ဦးတော့ ကျသွားတယ်လို့ သိရတယ်၊ အသေးစိတ်မပြောနိုင်သေးဘူး။ ခုထိ တစ်ဒိုင်းဒိုင်းပဲ၊ ပစ်နေကြတုန်း” ဟု သူက ဆိုသည်။ 

ပေါက်ကွဲသံများကို မန္တလေးမြို့အနောက်ဖက်ရပ်ကွက်များနှင့် လူစည်ကားရာ ကျောက်ဝိုင်းမှပင်  ကြားနေရသည်ဟု မြို့ခံတို့က ဆိုသည်။

တိုက်ပွဲဒေသအခြေအနေနှင့် ပတ်သက်ပြီး ပိုမို သိရှိရန် မတ္တရာမြို့နယ် ပကဖ၊ ပုသိမ်ကြီးမြို့နယ် ပကဖ၊  GZP အဖွဲ့တို့ကိုလည်း ဆက်သွယ်မေးမြန်းထားဆဲ ဖြစ် သည်။ 

စစ်တပ်က တိုက်ပွဲဖြစ်နေကြောင်း သတင်း တရားဝင် ထုတ်ပြန်ခြင်း မရှိသေးပေ။ ၎င်းတို့၏  ဝါဒဖြန့် အွန်လိုင်းစာမျက်နှာများတွင်မူ  တော်လှန်ရေးတပ်ဖွဲ့များက မတ္တရာဒေသ အောက်တောင်ကိုင်းနှင့် ငယ်တိုးရွာများကို  အင်အား ၃၀၀ ခန့်ဖြင့် အတင်းဝင်လုံးတိုက်ခိုက်သဖြင့် တိုက်ပွဲပြင်းထန်နေရာ    လေကြောင်း၊ ရေကြောင်း ပစ်ကူရယူ၍ ရှင်းလင်းထားကြောင်း၊ ပြည်သူ့စစ် ၆ ဦးဒဏ်ရာရပြီး PDF ဘက်မှ ၂၀ ခန့်  ကျဆုံးကြောင်း ရေးသားနေကြသည်။

အဆိုပါတိုက်ပွဲဖြစ်ပွားရာ သဖန်းဒေါင့်ကျေးရွာသည် မန္တလေးမြို့အနောက်ဖက် ဂေါဝိန်ဆိပ်ကမ်းမှ ၁၄ မိုင် ခန့်အကွာတွင် ရှိပြီး၊ ငယ်တိုးကျေးရွာသည် ၂၂ မိုင် အကွာအဝေးတွင် ရှိသည်။

မတ္တရာ အနောက်ခြမ်းနယ်အတွင်း တိုက်ပွဲဖြစ်ပွားရာပြမြေပုံ။

တိုက်ပွဲပြင်းထန်နေသည့် မတ္တရာ

နိုင်ငံအလယ်ပိုင်းစီးပွားရေးမြို့တော် မန္တလေးနှင့် ၅ မိုင်ခန့်အကွာ ဧရာဝတီမြစ်ကမ်းဘေး ကပ်လျက် သုံးဆယ်ပေးကျေးရွာကို စက်တင်ဘာ ၂၁ နံနက်တွင်  စစ်ကောင်စီတပ်က အင်အားအလုံးအရင်း ဖြင့် စီးနင်းခဲ့သည်။

ထိုစဉ်က မင်းကွန်းမြို့နယ်အထိုင်ရဲစခန်း၊ မတ္တရာမြို့ဘောလုံးကွင်း ၊ သုံးဆယ်ပေးရွာအနီး ညောင်ကုန်းရွာ ၊ ပေါက်ဝဲရွာနှင့် ထီးတော်မိုးစစ်တပ်၊ ရွှေကျင်ဂိတ်တို့မှ လက်နက်ကြီးများဖက်ပေါင်းစုံ ညှပ်ပစ်ခတ်ကာ မြေပြင်စစ်ကြောင်းအပြင်လေကြောင်းပါ အပြင်းအထန်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ၏ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိုနေ့ နေ့လယ်တွင် စခန်း ဆုတ်ခွာပေးခဲ့ရသည်ဟု Generation Z Power က ထုတ်ပြန်ထားသည်။

လက်နက်ကြီးများထိမှန်မှုကြောင့် သုံးဆယ်ပေးရွာအနီး ဆူးလေကုန်းကျေးရွာမှ အဘွားအိုတစ်ဦး၊ နို့တိုက် မိခင်နှင့် ၎င်း၏ လသားအရွယ်သား တစ်ဦး၊ ၅ နှစ်အရွယ် သားတစ်ဦး၊ ၈ နှစ်သမီးတစ်ဦး ၊ ၅ နှစ်သား တစ်ဦး  သေဆုံးခဲ့သည်။

သုံးဆယ်ပေးကျေးရွာမှ ကာကွယ်ရေးအဖွဲ့များ ဆုတ်ခွာပေးခဲ့ရပြီးနောက်  အထက်ဘက် ကပ်လျက် သဖန်းဒေါင့်ရွာအနီး ယမန်နေ့မှ စတင်၍ တိုက်ပွဲ ပြန်လည်ဖြစ်ပွားနေခြင်း ဖြစ်သည်။

သဖန်းဒေါင့်ရွာနှင့်ကပ်လျက်တွင် ငယ်တိုး၊ ဆောက်ခြုံပေါက်၊ အောက်တောင်ကိုင်းကျေးရွာများ ရှိသည်။ 

မန္တလေးမြို့မြောက်ဘက်  မတ္တရာမြို့နယ်၊ စဉ့်ကူးမြို့နယ်နှင့် သပိတ်ကျင်းမြို့နယ်များကို MDY-PDF နှင့် ပူးပေါင်းတပ်များက ထိုးစစ်ဆင်ခဲ့ရာ စဉ့်ကူးမြို့နှင့် ဒေသတစ်ခုလုံး သိမ်းပိုက်နိုင်ခဲ့သည်။  သပိတ်ကျင်း မြို့နယ်တွင်မူ မြို့ပေါ်ကို သိမ်းနိုင်သော်လည်း ၇ မိုင်ကျေးရွာ စစ်စခန်း၊ အမှတ် ၁၃ လေ့ကျင့်ရေးတပ်၊ လျပ်စစ်အင်ဂျင်နီယာတပ် ၃ ခု ကျန်ရှိနေသည်။

မတ္တရာတွင်မူ  စစ်စခန်းအများအပြား ဆုံးရှုံးထားရသည့် စစ်ကောင်စီတပ်သည် မတ္တရာနယ်အတွင်း အောက်တိုဘာလကုန်မှ စကာ ထိုးစစ်ဆင်ခဲ့သည့်အတွက် တိုက်ပွဲများ ပြင်းထန်နေသည်။ 

နိုဝင်ဘာ ၁၂ ရက်ညပိုင်းတွင်လည်း ဧရာဝတီမြစ်ကမ်းအနီး   မိနစ်အနည်းငယ် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

တိုက်ပွဲများကြောင့်  မတ္တရာမြို့နယ်  ဧရာဝတီမြစ်ကမ်းဘေး ကျေးရွာများဖြစ်သည့် ဥဒိန်၊ မြွေထိန်ပင်၊ ငယ်တိုး၊ သဖန်းဒေါင့်၊ သုံးဆယ်ပေး၊ ကုန်းတန်းကြီး စသည့်ကျေးရွာများအပါအဝင် ရွာပေါင်း ၃၀ ခန့်မှ ဒေသခံတို့သည် ဧရာဝတီမြစ်အတွင်းရှိ နေရာကျယ်ဝန်းသည့် မြေနုကျွန်းများပေါ်သို့ ရွာလုံးကျွတ် တိမ်းရှောင်နေကြရသည်။

မတ္တရာတစ်မြို့နယ်လုံးတွင် စစ်ဘေးရှောင်စခန်း ၃၈ ခု ရှိပြီး၊ အိမ်ထောင်စု ၁၆၈၈ စု၊ လူဦးရေ ၅၆၅၀ ခန့် နေရပ်စွန့်ခွာနေရကြောင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ နိုဝင်ဘာလဆန်းအထိ စာရင်းများအရ သိရသည်။

မြေနုကျွန်းပေါ်တွင် စစ်ရှောင်နေကြရသော မတ္တရာအနောက်ခြမ်း ဒေသခံ စစ်ရှောင်များကို ယခုလအတွင်း တွေ့ရစဉ်။ (ဓာတ်ပုံ- မိုးဦး/Myanmar Now)





Source link

Leave a Reply

Your email address will not be published. Required fields are marked *