တအာင်းတပ် (TNLA) ထိန်းချုပ်ထားသော ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နှင့် မိုင်းငေါ့မြို့တို့ကို ယမန်နေ့ (နိုဝင်ဘာ ၁၇) တွင် လေတပ်က ဗုံးကြဲရာ ကလေးတစ်ဦး၊ အမျိုးသမီး ၂ ဦး သေဆုံးကာ ၁၈ ဦးခန့် ဒဏ်ရာရ ရှိသွားကြောင်း ဒေသခံများနှင့် TNLA ထံမှ သိရသည်။
ယမန်နေ့ ည ၁၁း၄၇ အချိန်တွင် ကွတ်ခိုင်မြို့ပေါ် ရပ်ကွက်(၄)ကို ဗုံးကြဲခြင်း ဖြစ်သည်ဟု TNLA က ဆိုသည်။
ထိုရပ်ကွက်ရှိ တရုတ်နှစ်ခြင်းခရစ်ယာန်ကျောင်းအနီး ဗုံး ကျရောက်ပေါက်ကွဲမှုအရှိန်ကြောင့် နေအိမ်များ၊ ဆိုင်ခန်းတံခါးများ ပျက်စီးခဲ့သည်ဟု ဒေသခံများကလည်း ပြောကြသည်။
အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၆ ဦးလည်း ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၈ လုံးခန့် ပျက်စီးခဲ့သည် ဟု TNLA က ယနေ့ ထုတ်ပြန်သည်။
မကြာသေးခင် နိုဝင်ဘာ ၁ ရက်နေ့ကလည်း ကွတ်ခိုင်မြို့ပေါ်ကို လေယာဉ် ၂ စီးဖြင့် ဗုံး ၈ လုံး ကြဲချခဲ့၍ အမျိုးသားတစ်ဦး သေဆုံးထားသည်။
မိုင်းငေါ့မြို့ဗုံးကြဲမှု
ယမန်နေ့ နံနက် ၁၁ နာရီခွဲခန့်တွင် မိုင်းငေါ့မြို့၊ မန်လုံရပ်ကွက်ကို မိနစ်ပိုင်းသာခြားကာ နှစ်ကြိမ် ဗုံးကြဲသည်ဟု TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။
ထိုတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၅ ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁၅ လုံး ပျက်စီးသွားခဲ့သည်ဟု သိရသည်။
နေ့စဥ် နေ့တိုင်း လေတပ်က ပြည်သူများကို ဦးတည်တိုက်ခိုက်နေ၍ လူအထိအခိုက် ရှိသလို နေအိမ်များ ပျက်စီးသည်ဟု TNLA ဘက်မှ ပြောသည်။ လူစုလူဝေးမပြုလုပ်ကြရန်နှင့် လေကြောင်းရန် ကာကွယ်မှု ဆိုင်ရာ အသိပေးထုတ်ပြန်ချက်များ လိုက်နာဆောင်ရွက်ရန် အသိပေးထားသည်။
အလားတူ ယမန်နေ့တစ်ရက်တည်းမှာပင် စစ်တပ်က လက်နက်ကြီးဖြင့် ၂ ကြိမ် ပစ်ခတ်ရာ နောင်ချို မြို့နယ် သရက်ချိုကျေးရွာတွင် ကျရောက်ပေါက်ကွဲပြီး ဒေသခံ ၂ ဦး ဒဏ်ရာရရှိခဲ့သည်ဟု TNLA ထုတ်ပြန်ချက်က ဆိုသည်။
စစ်ကောင်စီသည် TNLA ထိန်းချုပ်နယ်မြေများကို မကြာခဏ ဗုံးကြဲနေပြီး ထိုနယ်မြေများသည် ၂၀၂၃ နိုဝင်ဘာမှ စတင်သော ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ် လက်လွှတ်လိုက်ရသော နယ်မြေများ ဖြစ်သည်။
ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်ရှိ မြို့နယ်ခွဲအဆင့်ရှိ မြို့တစ်မြို့ဖြစ်သည့် မိုင်းငေါ့မြို့ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် ညပိုင်းတွင် TNLA က အလုံးစုံသိမ်းပိုက်ထားခြင်းဖြစ်သည်။ ယခုနှစ် ဇန်နဝါရီ ၈ ရက် တွင် ကွတ်ခိုင်မြို့ကို သိမ်းပိုက်နိုင်ခဲ့သည်။
စစ်ကောင်စီသည် နိုဝင်ဘာ ၁၂ ရက် ညအချိန်က TNLA သိမ်းထားသည့် မိုးကုတ်မြို့ကိုလည်း လေကြောင်း မှ ဗုံးကြဲခဲ့သည်။ ထိုစဉ်က အရပ်သား ၂၀ သေဆုံးခဲ့ပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့သည်ဟု အရပ်ဘက်အဖွဲ့ တစ်ခုဖြစ်သော တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) ကလည်း ထုတ်ပြန်ထားသည်။
ယခုနှစ် စက်တင်ဘာလအတွင်းမှစတင်၍ မြောက်ပိုင်း ၃ ဖွဲ့ သိမ်းထားသည့် နယ်မြေများကို ဆက်တိုက် ဗုံးကြဲနေရာ သေဆုံးသူ အများအပြား ရှိနေသည်။ စစ်တပ် ဗုံးကြဲသည့် ဒေသများထဲတွင် မြန်မာပြည်အလယ်ပိုင်း မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း အပါအဝင် ကချင်ပြည်နယ်အစပ် ကျေးရွာများ၊ ကရင်အမျိုးအသားအစည်းအရုံး (KNU) နယ်မြေတချို့၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်တို့ ပါဝင်နေသည်။
လေတပ်ရန်ကြောင့် တော်လှန်ရေးအဖွဲ့ဝင် များ ထိခိုက်သော်လည်း ထိခိုက်သူ အများစုမှာ ကလေးများ၊ သက်ကြီးရွယ်အိုများ ပါဝင်သော အရပ်သားများ ဖြစ်ကြသည်။