ylliX - Online Advertising Network
ထားဝယ်မြို့ပေါ်ပစ်ခတ်မှု အရပ်သားတစ်ဦးနှင့် စစ်ကောင်စီတပ်သားအချို့သေဆုံး - Dawei Watch

ထားဝယ်မြို့ပေါ်ပစ်ခတ်မှု အရပ်သားတစ်ဦးနှင့် စစ်ကောင်စီတပ်သားအချို့သေဆုံး – Dawei Watch


ထားဝယ်မြို့ပေါ်၌ နိုဝင်ဘာလ ၁၈ရက်က နှစ်ဖက်ပစ်ခတ်မှုတွင် အရပ်သားတစ်ဦးနှင့် စစ်ကောင်စီသားအချို့ သေဆုံးကြောင်း မြို့ခံများ၏ပြောဆိုချက်နှင့် ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) ၏ ထုတ်ပြန်ချက်တို့အရ သိရသည်။

ဆင်ဆိပ်ရပ်ကွက်နှင့် အိမ်ရှေ့ပြင်ရပ်ကွက်ကြား နိုဝင်ဘာ ၁၈ရက် နံနက် ၉နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သုံးဘီးယာဉ်ဖြင့် လမ်းကင်းထွက်လာစဉ် ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ယင်းနောက် နှစ်ဖက်ပစ်ခတ်မှု ၁၅မိနစ်ခန့်ကြာ ဖြစ်ပွားကြောင်း YPPDF က ယနေ့ နိုဝင်ဘာလ ၁၉ရက်တွင် ထုတ်ပြန်သည်။

အဆိုပါ ကြားဖြတ်ပစ်ခတ်တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား ငါးဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရကာ သေနတ်ငါးလက်နက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိကြောင်း ဖော်ပြသည်။

အထက်ပါ ပစ်ခတ်တိုက်ခိုက်မှုကို ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) နှင့် ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) တို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မြို့ခံများပြောဆိုချက်အရ အဆိုပါပစ်ခတ်မှုအတွင်း သေဆုံးရာတွင် သုံးဘီးယာဉ်မောင်းသည့် အရပ်သားအမျိုးသားတစ်ဦးလည်း ပါဝင်ကြောင်းသိရသည်။

အဆိုပါသုံးဘီးယာဉ်မောင်းသူမှာ ထားဝယ်မြို့ ဝဲကျွန်းထိန်သစ်ရပ်ကွက်၊ (၆) လမ်းတွင် နေထိုင်သည့် ကိုစံမြဖြစ်ကြောင်း ရပ်ကွက်နေသူများက ပြောသည်။

၎င်းသည် ဓာတ်မြေဩဇာဝယ်ရန်ထွက်လာစဉ် သုံးဘီးယာဉ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လမ်းတွင်တားကာ လိုက်ပို့ခိုင်းသဖြင့် လိုက်ပို့စဉ် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဝဲကျွန်းရပ်ကွက်မှ ဒေသခံတစ်ဦးက ဆိုသည်။

“သူက သစ်ပင်စိုက်စားတာပေါ့။ မနက်က သစ်ပင်အစာ (မြေဩဇာ) ထည့်ဖို့ မြေဩဇာ ထွက်ဝယ်ရာမှာ (အခုလို) ဖြစ်သွားတယ်။ အလောင်း မနေ့ကညနေ မိုးချုပ်မှ အိမ်ပြန်ရောက်လာတယ်” ဟု ၎င်းက ပြောသည်။

ထို့သို့ ပစ်ခတ်မှုဖြစ်ပြီးနောက် ယမန်နေ့ နံနက် ၁၁ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်သည် ဆင်ဆိပ်ရပ်ကွက်၏ အနောက်ဘက် ထားဝယ်မြစ် တစ်ဘက်ကမ်း လောင်းလုံးမြို့နယ်ရှိ ထိန်တွင်းရွာဘက်ကို လက်နက်ကြီးများနှင့်ပစ်ခတ်ကာ စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ကြောင်း ဒေသခံများက ပြောသည်။

လောင်းလုံးမြို့ ဘက်သို့ စစ်ကြောင်းထိုးနေသည့်ကိစ္စနှင့် ပတ်သက်ပြီး Dawei Watch အနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *