နေပြည်တော် နိုဝင်ဘာ ၁၈
စင်ကာပူနိုင်ငံတွင် နိုဝင်ဘာ ၁၃ ရက်မှ ၁၅ ရက်အထိ ကမ္ဘာလုံးဆိုင်ရာ ရေရှည်တည်တံ့ ခိုင်မြဲသောခရီးသွားလုပ်ငန်းကော်မရှင်က ဦးဆောင်ကျင်းပသည့် ကမ္ဘာလုံး ဆိုင်ရာ ရေရှည်တည်တံ့ ခိုင်မြဲသောခရီးသွားလုပ်ငန်းကွန်ဖရင့်နှင့်ဆက်စပ်၍ စင်ကာပူနိုင်ငံခရီးသွား လုပ်ငန်းဘုတ်အဖွဲ့က အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် အာဆီယံခရီးသွားလုပ်ငန်း ညှိနှိုင်းအစည်းအဝေးနှင့် အာဆီယံ အပျော်စီးသင်္ဘောခရီးသွားလုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ကြသည်။
နိုဝင်ဘာ ၁၃ ရက်တွင် စင်ကာပူနိုင်ငံ ခရီးသွားလုပ်ငန်းဘုတ်အဖွဲ့ရုံး၌ ကျင်းပသည့် အာဆီယံခရီးသွားလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ပြီး မြန်မာနိုင်ငံ၏အဓိက ခရီးသွားစျေးကွက်နိုင်ငံများနှင့် အနာဂတ်မျှော်မှန်းချက်၊ အာဆီယံခရီးသွားလုပ်ငန်းကဏ္ဍ မဟာဗျူဟာ ၂၀၃၀ ရေးဆွဲရာတွင် ကမ္ဘာ့ခရီးသွားလုပ်ငန်းအလားအလာများအရ အနာဂတ်အာဆီယံ ဒေသတွင်း ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းစဉ်များတွင် ထည့်သွင်းလျာထား ဆောင်ရွက်သင့် သည်များကို အကြံပြုဆွေးနွေးကြသည်။
နိုဝင်ဘာ ၁၄ရက် နှင့် ၁၅ ရက်တို့တွင် ကမ္ဘာလုံးဆိုင်ရာ ရေရှည်တည်တံ့ ခိုင်မြဲသော ခရီးသွားလုပ်ငန်းကွန်ဖရင့်ကို ဆက်လက်ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ စင်ကာပူနိုင်ငံ၊ ကုန်သွယ် ရေးနှင့်စက်မှုဝန်ကြီးဌာနနှင့် ယဉ်ကျေးမှု၊ လူမှုအဖွဲ့အစည်းနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီး Mr. Alvin Tan နှင့် ကမ္ဘာလုံးဆိုင်ရာ ရေရှည်တည်တံ့ခိုင်မြဲသောခရီးသွားလုပ်ငန်းကော်မရှင် ဥက္ကဋ္ဌ Mr. Luigi Cabrini တို့ တက်ရောက်ခဲ့ပြီး စင်ကာပူနိုင်ငံနှင့် နိုင်ငံတကာမှ စိတ်ပါဝင်စားသူ ကိုယ်စားလှယ် ၅၀၀ ကျော် တက်ရောက်ကြသည်။ အဆိုပါကွန်ဖရင့်တွင် နိုင်ငံတကာမှ ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက ခရီးသွားလုပ်ငန်းများနှင့် ခရီးစဉ်ဒေသများ ရေရှည်ဖွံဖြိုး တိုးတက်ရေးအတွက် ကမ္ဘာလုံးဆိုင်ရာရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်ရေးစံနှုန်းများ ရေးဆွဲသတ် မှတ်ထားမှု၊ ကဏ္ဍအလိုက် ခရီးသွားလုပ်ငန်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းများ၊ အစိုးရနှင့်ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ ဒေသခံပြည်သူများနှင့် ပါဝင်သက်ဆိုင်သူများ စုပေါင်းဆောင်ရွက်ရန် လိုအပ်သည် များကို ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ နိုဝင်ဘာ ၁၅ ရက် မွန်းလွဲပိုင်းတွင်အာဆီယံ အပျော်စီးသင်္ဘောခရီးသွား လုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲနှင့် လေ့လာရေးအစီအစဉ်သို့ ဆက်လက်ပါဝင်တက်ရောက်ခဲ့ပြီး ကမ္ဘာ့ခရီးသွားလုပ်ငန်းများအနက် အပျော်စီးသင်္ဘောခရီးသွားလုပ်ငန်းကို အလေးထား ဆောင်ရွက် သင့်သည့်အခြေအနေ၊ အပျော်စီးသင်္ဘော ခရီးသွားလုပ်ငန်းများတွင် သဘာဝပတ်ဝန်းကျင်ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စွမ်းအင်အသုံးပြုမှုလျော့ချရေး အစီအစဉ်များ ထည့်သွင်းဆောင်ရွက်နေမှု များကို ဆွေးနွေးခဲ့ကြသည်။ ထို့နောက် Marina Bay Cruise Centre Singapore နှင့် Singapore Cruise Centre အပျော်စီးသင်္ဘောဆိပ်များသို့ သွားရောက်ခဲ့ပြီး စင်္ကာပူနိုင်ငံသို့ ဝင်/ထွက် သွားလာရာတွင် လွယ်ကူအဆင်ပြေအောင် ဝန်ဆောင်မှုပေးနေမှုလုပ်ငန်းစဉ်များကို လေ့လာခဲ့ကြောင်း သိရသည်။
Source From: Kyemon
Source link