မြန်မာ-တရုတ်နယ်စပ် တလျှောက် နယ်စပ်ကုန်သွယ်ရေး ဂိတ်များကို ပြီးခဲ့သည့် နိုဝင်ဘာလ ပထမပတ်မှ စတင်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို နယ်စပ်ဂိတ် အပြည့်အဝ စီမံခန့်ခွဲရန် ပြောဆိုပြီးနောက် တရုတ်နိုင်ငံဘက်မှ ၎င်းကုန်သွယ်ရေးဂိတ်များကို အကန့်အသတ်မရှိ ပိတ်ထားခဲ့ခြင်းကြောင့် သျှမ်းပြည်မြောက်ပိုင်း ဒေသခံများ စားဝတ်နေရေး အခက်အခဲ ကြုံတွေ့နေကြရပါတယ်။
ဒါ့အပြင် သျှမ်းပြည် တောင်ပိုင်းမှ တဆင့် သျှမ်းပြည်မြောက်ပိုင်းသို့ တင်ပို့မည့် ကုန်ပစ္စည်းများ အဓိကအားဖြင့် ဆန်၊ စက်သုံးဆီပစ္စည်းများ၊စားသောက်ကုန်အခြောက်အခြမ်းများကိုလည်း မိုင်းကိုင်စစ်ကောင်စီတပ်မှ ပိတ်ဆို့ထားပါတယ်။
အခုလို့သျှမ်းပြည်မြောက်ပိုင်းအတွင်းသို့ ကုန်သွယ်စီးဆင်းမှုမရနိုင်အောင် စစ်ကောင်စီက အဘက်ဘက်ပိတ်ဆို့ထားမှုကြောင့် စစ်ရေးထပ်မံပြင်းထန်လာမှာကို ပြည်သူတွေက စိုးရိမ်သလို ကုန်စျေးနှုန်းတွေလည်း မြင့်တက်လာခဲ့ပါတယ်။
တဖက်မှာလည်း အလုပ်အကိုင်အခွင့်အလမ်းမရှိတဲ့အတွက် လူငယ်တွေဟာ ကျားဖြန့်လုပ်ငန်းဘက် ရွှေ့ပြောင်းလုပ်ကိုင်လာနေကြပါတယ်။
ဒါ့အပြင် သျှမ်းမြောက်ဒေသ အတွင်းသို့ ပို့ကုန်၊ သွင်းကုန်မှု ပိတ်ဆို့ တားဆီးမှုနဲ့ပတ်သက်ပြီး ပြည်သူတွေ ဘယ်လိုရင်ဆိုင်ကြုံတွေ့နေရမှုကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။
ဦးစိုင်း (မူဆယ်မြို့ဒေသခံ )
“၁၀၂၇ စစ်ဆင်ရေး” မစကတည်းက ပိတ်ထားတာ ခုထိပိတ်ထားတုန်း။ လက်ရှိမှာ အဓိက လိုအပ်နေတဲ့ ကုန်ပစ္စည်း၊ ယန္တရားစက်ပစ္စည်းတွေ၊ စိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ ပစ္စည်းတွေ ဝယ်မယ် ဆိုရင်တောင် ဝင်ထွက်လို့က မရတော့ဘူး။
၁၀၅ မိုင်ဘက်မှာ လုပ်နေတဲ့ အလုပ်သမားတွေ၊ တစ်ရက်လုပ်မှ တစ်ရက်စားရတဲ့သူတွေ၊ အခြေခံ လူတန်းစားတွေဆိုရင် စားဝတ်နေရေး ပိုခက်ခဲလာတယ်။ အောက်ပြည်က လာတဲ့ အလုပ်သမားတွေဆိုရင် တချို့က စာအုပ်ရှိတယ်၊ တချို့က မရှိဘူး တစ်ပတ်ဗီဇာနဲ့ ဝင်သွားပြီး ရှိတဲ့အလုပ်စက်ရုံတွေမှာ လုပ်ကိုင်ကြတယ်။
အောက်တိုဘာလ နောက်ဆုံးပတ်ကနေ စပြီးတော့ အခုထက်ထိ တရုတ်က ပိတ်လိုက်တဲ့ အတွက်ကြောင့် ကျနော်တို့ တပိုင်တနိုင် လုပ်နေတဲ့လုပ်ငန်းတွေ ရပ်သွားတယ်။ အဓိက စားသုံးဆီနဲ့ ဓာတ်ဆီတွေဆို လုံးဝထုတ်မပေးတော့ဘူး လယ်ထွန်စက်ကအစ ထုတ်မပေးတော့လို့ ဈေးတွေ အကုန်တက်လာတယ်။
သူတို့ရည်မှန်းထားတာက တိုင်းရင်းသားလက်နက်ကိုင်တွေကို အထောက်အပံ့ မပြုလုပ်စေဖို့အတွက် ဟန့်တားတဲ့ သဘော။ ဒါပေမယ့် ခုလို လုပ်လိုက်တာက ကျနော်တို့ ပြည်သူကိုပဲ ထိခိုက်တယ်။ သျှမ်းပြည်မြောက်ပိုင်း အများစုကို တိုင်းရင်းသားလက်နက်ကိုင်တွေက တော်တော်များများ သိမ်းပိုက်ထားတာ ဒီမူဆယ်မြို့ပဲ ကျန်နေတယ်။ အဲ့တာကြောင့် တရုတ်က ခုလိုလုပ်တဲ့အပေါ် အားလုံးကို ပြန်လည်စစ်ဆေးပြီး လုပ်ဆောင်ချင်တယ်။
မူဆယ်မှာ တိုက်ပွဲတွေ ဖြစ်ဖို့ကတော့ နည်းတယ်၊ ဘာလို့လဲဆိုတော့ တရုတ်နဲ့လည်း ကပ်ရပ်ဆိုတော့ စိုးရိမ်စရာက အရမ်းမရှိဘူး။ တရုတ်ဘက်ကလည်း တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ မဝင်ဖို့ အစကတည်းက ပြောထားတာ ရှိတယ်။ ဒါကြောင့် တိုက်ပွဲဖြစ်ပွားဖို့က နည်းတယ်။
ဒါပေမယ့် သတင်းတွေကိုတော့ အမြဲတမ်း နားစွင့်ထားနေရတယ်၊ တခုခုဆိုရင် အဆင်သင့်ဖြစ်အောင်။ တရုတ်တွေ ခုလို ပိတ်နေမဲ့အစား မူဆယ်ကို တိုင်းရင်းသားနက်လက်နက်ကိုင်တွေ လာသိမ်းရင်တောင် ကောင်းနေဦးမယ်ပေါ့။ အခုလည်း ရေသုံးစွဲမှုကိစ္စ အရင်က တုန်ခမ်ကနေ လာတဲ့ ရေကို သုံးတယ်။ အခု ရေပိုက်တွေက နမ့်ခုန်နဲ့ တုန်ခမ်ကြား ပိုက်လိုင်းတွေ ပျက်သွားတယ်။ တစ်မြို့လုံးအတွက် ရေတွေ ပျက်ကုန်ပြီး ဒုက္ခရောက်ကြတယ်။ အဲ့တာကို ဘယ်အဖွဲ့မှ ဘယ်စည်ပင်မှလည်း မဖြေရှင်းပေးဘူး။ ဖြစ်နိုင်ရင် နယ်စပ်ဂိတ်တွေ ပြန်လည်ဖွင့်ပေးစေချင်တယ်။
နန်းလုံရီ (နမ့်ခမ်းဒေသခံ အမျိုးသမီး)
တရုတ်ဘက်ကို သွင်းမယ့် ကုန်တွေက ကိုဗစ်ကတည်းက ပိတ်ထားတာ။ သွင်းလို့ရတယ် ဆိုတာကလည်း သကြား၊ မီးသွေး၊ သဲတွေလောက်ပဲ သွင်းလို့ရတာ။ ပြည်သူတွေ စိုက်ပျိုးထားတဲ့ သီးနှံစပါးတွေ ဘာမှသွင်းမရတာ ၂၀၁၉ကတည်းက ခုချိန်ထိပဲ။
နောက်တစ်ခုက တရုတ်ဘက်က ထုတ်ကုန်လည်းမရှိတော့ ပိုဆိုးလာတယ်။ ဘာလို့ဆို ကျမတို့က နယ်စပ်မှာရှိတဲ့ မြို့ကြီးဖြစ်တဲ့ ရွှေလီကိုပဲ အားကိုးပြီး နေနေရတယ်။ တချို့အိမ်ဆောက်ပစ္စည်းတွေ၊ ဖိနပ်တွေ၊ ထွန်စက်တွေကအစ အဲ့ဘက်ကနေ လာတဲ့ ပစ္စည်းတွေကို အားကိုးရတယ်။ မူဆယ်ကလူတွေဆိုရင် ဟင်းသီးဟင်းရွက်တောင် ဒီဘက်ကိုပဲ လာဝယ်ရတယ်။
လာမယ့်နှစ်တောင် ပြောင်းသီးနှံတွေ စိုက်လို့မရလောက်တော့ဘူး၊ ဘာလို့ဆို မနှစ်က စပါးတွေတောင် ရောင်းမထွက်သေးဘူး ဒီနှစ်စပါးနဲ့လည်း ဒီတိုင်းပဲ ရှိသေးတယ်။ တရုတ်တွေ ဂိတ်ပိတ်လိုက်တာ ကျမတို့ ပြည်သူတွေကိုပဲ ထိခိုက်တယ်။ ဒီလိုပိတ်ထားတာ ကြာရင် အဆင်မပြေတာ ပိုများလာတယ်။ ဆေးဝါးတွေကအစ စိတ်ပူရတော့မယ်။ အခုတောင် ရှိတာလေးနဲ့ စုဆောင်းထားရတယ်။
နမ့်ခမ်းမှာက အရင်ကလည်း တိုက်ပွဲဖြစ်ထားတော့ ထပ်ပြီး ပြန်ဖြစ်မှာကို ကြောက်နေရတယ်။ စစ်တပ်တွေကလည်း အခွန်တွေ အရမ်းကောက်တယ်။ သူတို့အချင်းချင်း ပြန်ညှိနှိုင်းစေချင်တယ်။ ဒီလိုလုပ်ခြင်းဟာ ပြည်သူတွေအပေါ် ဘာသက်ရောက်မှုမှ မရှိဘူးဆိုတာ သိစေချင်တယ်။
ဒေါ်မြမြချို (လားရှိုးဒေသခံ)
လက်ရှိလားရှိုးမှာတော့ အကုန်လုံးက စစ်ရှောင်နေကြတယ်၊ ဒီတရုတ်နယ်စပ်ပိတ်လိုက်တာက ကျမတို့စစ်ရှောင်အပေါ် ထိခိုက်နစ်နာမှုတော့ တိုက်ရိုက်မရှိသေးဘူးလို့ ပြောရမလား။ ကုန်သည်တွေ အတွက်တော့ ထိခိုက်တာတွေရှိလာတယ်။ တရုတ်မှာ ကျားဖြန့်အလုပ် လုပ်နေတဲ့သူအတွက်တော့ အလုပ်အခွင့်အလမ်းတွေ မရှိတော့တဲ့အတွက်ကြောင့် ဝင်ငွေနည်းပါးသွားတာတွေ ရှိတယ်။
လားရှိုးမှာ မပျက်စီးသေးတဲ့ အိမ်တွေဆိုရင် အစောင့်တစ်ယောက်တော့ ချန်ထားကြတယ်။ ပြင်ဆင်ထားတာတော့ မြေအောက်လှိုဏ်ဂူတွေ၊ ကတုတ်ကျင်းနဲ့ တွင်းတွေ တူးထားတယ်။ စစ်တပ်က ဗုံးလာကြဲရင် ဝင်ပုန်းလို့ရအောင်တော့ ပြင်ဆင်ထားပါတယ်။ စစ်တပ်က မြောက်ပိုင်းတကြောလုံးကို လိုက်ပြီး ဗုံးကြဲချနေတာ။ သူတို့နိုင်စရာဆိုလို့ လေယာဉ်နဲ့ ဗုံးကြဲတာပဲရှိတယ်။
ကျမတို့ ပြည်သူကတော့ ဘယ်လိုနည်းနဲ့မှ တုံ့ပြန်နိုင်မှာတော့ မဟုတ်ဘူး၊ ဒါပေမယ့် အမှန်တရားဘက်ကနေပဲ နေသွားမယ်။ အခုဆိုရင် ကလေးတွေအတွက် ပညာသင်ယူခွင့် အခွင့်အလမ်းတွေလည်း မရှိတော့ဘူး။ စစ်ရှောင်လိုက်ရတော့ ကျောင်းမတက်ရတော့ဘူး၊ ရောက်တဲ့နေရာမှာ ကျောင်းပြန်ထားရင်လည်း ကျောင်းက လက်မခံတာရှိတယ်။ ခပ်များများ လူငယ် ( ၅၀) ရာခိုင်နှုန်းလောက်ဆိုရင် ကျားဖြန့်လုပ်ငန်းကိုပဲ ပြန်လုပ်နေကြတယ် တခြားရွေးချယ်စရာ လမ်းတွေ မရှိကြတော့လို့။ အခုတော့ အကုန်လုံးနီးပါး ကြပ်တည်းလာနေတယ်။
စိုင်းအောင်ခမ်း (နောင်ချိုဒေသခံ စစ်ဘေးရှောင်တစ်ဦး)
နောင်ချိုမြို့ကို ဝင်တဲ့ ကုန်တွေက မန္တလေးဘက်နဲ့ ထိုင်းဘက်က လာတာများတယ်။ တိုက်ပွဲစဖြစ်ကတည်းက ကုန်ဈေးနှုန်းတွေ တက်တယ် အခုတော့ ပိုဆိုးလာတာပေါ့။ စစ်ကောင်စီက နေ့တိုင်းလိုလို လေယာဉ်နဲ့ ဗုံးလာကြဲတော့ တစ်မြို့လုံးက ရှောင်ကုန်တယ်။ အနီးမှာရှိတဲ့ ကျေးရွာတွေမှာပဲ အဆင်ပြေအောင် နေနေရတယ်၊ တတ်နိုင်သလောက်လေးနဲ့ ခေါက်ဆွဲဆိုင် ဖွင့်ထားတယ် မငတ်သွားအောင်ပေါ့။
ကလေးတွေ ပညာရေးဆိုလည်း ဆုံးရှုံးရတယ်၊ ပညာသင်ရမယ့်အရွယ်မှာ မသင်ရပဲ စစ်ရှောင်ရတယ်။ လက်နက်ကြီးသံ၊ လေယာဉ်ဗုံးကြဲသံတွေ နေ့တိုင်းကြားနေရတော့ စိတ်ဒဏ်ရာတွေ ထိခိုက်တဲ့ ကလေးတွေလည်း ရှိလာကြတယ်။ အသံကျယ်တာ တစ်ခုခု ကြားရင်တောင် ဗုံးလာကြဲတယ်ဆိုပြီး ပြေးပြေးလာကြတယ်၊ ရှောင်ရမယ့် နေရာလည်း မရှိတော့ဘူး။
စစ်ကောင်စီတော့ သူတို့လက်လွတ်လိုက်ရတဲ့ နယ်မြေတွေကို စစ်ကြောင်းပြန်ထိုးနေမှာပဲ။ မရ ရအောင် ပြန်ယူချင်ကြတာပဲလေ။ ဘယ်အဖွဲ့အစည်းက ဘယ်လိုတွေပဲလုပ်လုပ် ဘယ်လိုတွေပဲ တိုက်တိုက် မြေပြင်မှာ တကယ်နစ်နာတာ ကျွန်တော်တို့ ပြည်သူတွေပဲဆိုတာကို သိစေချင်တယ်။
အခုဆိုရင် လေယာဉ်သံကြားရင် ကြိုတင်ရှောင်ထားရတာရှိတယ်၊ အသံငြိမ်သွားရင် ပြန်သွားတယ်။ သူများရွာမှာ သွားခိုနေရတော့ ကိုယ့်အိမ်မှာ နေရသလိုတော့ ဘယ်အဆင်ပြေမှာလည်း၊ တဲထိုးပြီးနေရတာ တကယ်မလွယ်ဘူး။ ဒီစစ်ကြီးဘယ်တော့ ငြိမ်းသွားမလဲဆိုတာ ကျွန်တော် အမြဲတမ်း တွေးမိတယ်၊ ခုက ပိုပိုဆိုးလာတာပဲ ရှိတော့တယ်။
စိုင်းဟန်လူ (တန့်ယန်းဒေသခံ အမျိုးသား)
တန့်ယန်းမှာတော့ တရုတ်ဘက်က လာတဲ့ ပစ္စည်းတွေ ပိုများတယ်။ တရုတ်ဘက်တင် မကဘူး၊ တခြား တောင်ကြီး မန္တလေးဘက်ကလည်း လာတာရှိတယ်။ တရုတ်က ပိတ်လိုက်တော့လည်း ကျနော်တို့ကို အရမ်းကြီး ထိခိုက်နစ်နာစေတယ်။ ကုန်ဈေးနှုန်းတော့ သူများထက် ၂ ဆလောက်ကို တက်တယ်၊ တော်တော်ကို ဈေးတက်တယ်။
ပြောရမယ်ဆိုရင် ဒီတန့်ယန်းဘက်မှာ လူငယ်ပိုင်း တော်တော်များ ကျားဖြန့်လုပ်ငန်းကို ပြန်လုပ်ကြတယ်။ အဲ့ဒါကြောင့်လည်း ကုန်ဈေးနှုန်းက လိုက်ပြီး တော်တော်ဈေးတက်လာတယ်။ ကျားဖြန့်လုပ်ကြတော့ အလုပ်တော့ မရှားဘူး၊ ဝမ်းစာအတွက်လည်း အရမ်းကြီး စိတ်ပူရမယ့်ထဲတော့ မရှိဘူး။
တန့်ယန်းမြို့နယ်မှာက ‘ဝ’ တပ်ဖွဲ့ (UWSA) က နေရာအပြည့်ယူထားတဲ့ နယ်မြေလည်းဖြစ်တယ်။ အခုဆိုရင် သူတို့လည်း ‘ဝ’တပ်ဖွဲ့က တဖြည်းဖြည်းနဲ့ နယ်မြေတွေ ချဲ့ထွင်လာတာ ရှိတယ်။ တိုက်ပွဲဖြစ်လာနိုင်မယ့် အလားအလာတော့ မရှိနိုင်ဘူး။ ကျမတို့အနေနဲ့လည်း အရမ်းကြီး စိတ်မပူရဘူး။
အခက်အခဲတစ်ခုရှိတာက စစ်ကောင်စီက အခွန်တော်တော်ကောက်တယ်။ ပန်ဆန်းဘက် သွားရင် လမ်းကဂိတ်တွေမှာ တားပြီး တောင်းတယ်။ အသွားအပြန် ဂိတ်ကြေးနဲ့တင် (၁) သိန်း လောက်က ပြုတ်နေပြီ။ မြို့ထဲနဲ့ ကျေးရွာတွေမှာတော့ SSPP/SSA ကို ပုံမှန် ဆန်တွေ လစဉ်ကြေးတွေ ပိုက်ဆံထည့်ရတာတော့ ရှိတယ်။ ‘ဝ’တပ်ဖွဲ့က အဲ့လို အခွန်ကောက်တာတော့ မရှိသေးဘူး။
အလုပ်သင် သတင်းထောက် နန်းလရောင် နှင့် နန်းဆိုင်ခမ်း ရေးသားသည်။