စိတ်ဖိစီးမှုများရင် ဆံပင်ကျွတ်မှာလားဆိုတော့ အဖြေလေးကတော့ လိုရင်းတိုရှင်းပြောရရင် ဟုတ်ပါတယ်။ စိတ်ဖိစီးမှုများရင် ဆံပင်ကျွတ်မှာပါ။
စိတ်ဖိစီးမှုများတာကြောင့် ဆံပင်ကျွတ်တာကို အမျိုးအစားအနေနဲ့ ခွဲပြောရမယ်ဆိုရင် (၃) မျိုးရှိပါတယ်။
နံပါတ် (၁) >>> Telogen effluvium – ဒီ Telogen effluvium (TEL-o-jun uh-FLOO-vee-um)ဆိုတာက စိတ်ဖိစီးမှု သိသိသာသာ များနေတာကြောင့် ဆံပင်တွေရဲ့ မွေးညှင်းအိတ်လေးတွေက ဘာမှကို အလုပ်မလုပ်တော့ဘဲ အနားယူလိုက်တဲ့ အခြေအနေမျိုးကိုရောက်သွားတာပါ။ ပြီးရင်တော့ လအနည်းငယ် အကြာမှာ ဆံပင်တွေက ရုတ်တရက် အများကြီး ကျွတ်သွားတာမျိုး ဖြစ်နိုင်ပါတယ်။ ဆံပင်ကို ထိန်းသိမ်းတာ လျှော်တာတွေကြောင့်လည်း ဆံပင်ကျွတ်တာကို ဖြစ်စေနိုင်ပါတယ်။
နံပါတ် (၂) >>> Trichotillomania – ဒီ Trichotillomania (trik-o-til-o-MAY-nee-uh) ဆိုတာက စိတ်ဖိစီးမှု များနေချိန်မှာ ဆံပင်တွေကို မနားမနေ ဆွဲနှုတ်တာမျိုးပါ။ ဒီလို အခြေအနေမျိုးမှာ ဦးရေပြားကိုရော ဆံပင်မွေးညှင်းအိတ်လေးတွေကိုပါ ထိခိုက်ပျက်စီးစေနိုင်ပြီး ဆံပင်ကျွတ်တာကို ဖြစ်စေနိုင်ပါတယ်။ စိတ်ဖိစီးမှု များချိန်တွေ၊ စိတ်ထဲမှာ ဖိအားတွေ အရမ်းများနေတာ၊ စိတ်ညစ်စရာတွေ များနေချိန်မှာ ဆံပင်တွေကို နှုတ်တာမျိုး ရှိသလို သက်တောင့်သက်သာမဖြစ်တဲ့ ခံစားချက်ကြောင့် မျက်ခုံးတွေကို နှုတ်တာမျိုးတွေလည်း ရှိနိုင်ပါတယ်။
နံပါတ် (၃) >>> Alopecia areata – ဒီ (al-o-PEE-she-uh ar-e-A-tuh) ဆိုတာက ပြင်းထန်တဲ့ စိတ်ဖိအားတွေ ကြောင့်ဖြစ်တဲ့ ဆံပင်ကျွတ်တာမျိုးပါ။ အခြားအကြောင်းအမျိုးမျိုးကြောင့်လည်းတော့ ဖြစ်နိုင်ပါတယ်။ ဥပမာ – ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်က ဆံပင်ရဲ့ မွေးညှင်းအိတ်လေးတွေကို မှားယွင်းတိုက်ခိုက်တာကြောင့် ဖြစ်တဲ့ ဆံပင်ကျွတ်တာမျိုးပါ။
စိတ်ဖိစီးမှုကြောင့် ဆံပင်ကျွတ်တာက နာတာရှည် ကျန်းမာရေး ပြဿနာလိုမျိုး ရေရှည် ကျန်းမာရေးပြဿနာတစ်ခုမဟုတ်ပါဘူး။ စိတ်ဖိစီးမှုကို ထိန်းချုပ်နိုင်သွားတဲ့အခါမျိုးမှာ ဆံပင်တွေ ပုံမှန်အတိုင်း ပြန်ထွက်လာတာမျိုးလည်း ရှိနိုင်ပါတယ်။
တကယ်လို့ ရုတ်တရက်ကြီး ဆံပင်ကျွတ်တာမျိုး၊ ဆံပင်တွေ အကွက်လိုက်ကြီး ကျွတ်တာမျိုးတွေက ပုံမှန်ထက် ပိုဖြစ်နေတဲ့ အခြေအနေမျိုးတွေမှာဆိုရင် ဆရာဝန်နဲ့ သေချာလေး ပြသတိုင်ပင်ဖို့ လိုပါမယ်။
ရုတ်တရက်ဆံပင်တွေ အများကြီး ကျွတ်တယ်ဆိုတာက ဆေးကုသမှုခံယူဖို့ လိုအပ်နိုင်တဲ့ ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတွေရဲ့ အစောပိုင်းလက္ခဏာတွေ ဖြစ်နေတတ်တာကြောင့် သေချာလေး ကုသမှု ခံယူဖို့ လိုပါမယ်။
ဆံပင်တွေ အရမ်းကျွတ်နေပြီဆိုရင်တော့ အရင်ဆုံး စိတ်ဖိစီးမှုကို ပြေလျော့စေဖို့ ကိုယ်လက်လေ့ကျင့်ခန်းလေး တွေ ပုံမှန်လုပ်တာမျိုး၊ စိတ်အပန်းပြေစေမယ့် သီချင်းလေးတွေ နားထောင်တာမျိုး၊ အိပ်ရေးဝဝအိပ်တာ၊ အာဟာရ ပြည့်ဝအောင် စားတာမျိုးတွေ နေ့စဉ် အလေ့အထလေးတွေကိုလည်း ဂရုစိုက်ဖို့ လိုပါမယ်။