“မနက်လင်း ဗုံးမကြဲဘူး။ ကြဲရင်တော့လည်း မတတ်နိုင်ဘူးပေါ့” ဟု လာရှိုးမြို့နေ ပျံကျဈေးသည် တစ်ဦးက ပြောသည်။
ကိုးကန့်တပ် သိမ်းပိုက်ထားသည့် လားရှိုးမြို့ကို အငြိုးကြီးလှသည့် စစ်ကောင်စီတပ်သည် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေရာ အိုးအိမ်ပျက်စီး ဆုံးရှုံးမှုများပြီး ပြည်သူ ထိခိုက်သေဆုံးမှုလည်း များနေသည်။
ယင်းအခြေအနေကြောင့် မြို့မှ ပြန်လည် ထွက်ခွာသွားသူများ ရှိသကဲ့သို့ မြို့တွင်း ပြန်လည်နေထိုင် လုပ်ကိုင်နေသူလည်း အများအပြား ရှိနေသည်။
တန်ဆောင်တိုင်ပွဲ ကျင်းပနေသည့် သျှမ်းပြည်မြို့တော် တောင်ကြီးမြို့၏ ကောင်းကင်ယံနှင့် သျှမ်းမြောက်ရှိ မြို့များ၏ ကောင်းကင်ယံသည် ပေါက်ကွဲသံများ၊ ပေါက်ကွဲမှုမှ ထွက်ပေါ်လာသည့် လင်းလက် တောက်ပသည့် လောင်ကျွမ်းမှုများဖြင့် တူသယောင်ရှိသော်လည်း –
သျှမ်းပြည်မြောက်ပိုင်းနေ ပြည်သူများ ဗုံးငရဲဒဏ် ခံနေရစဉ် သျှမ်းပြည်တောင်ပိုင်းနေ ပြည်သူများမှာကား တေးသီကျူး၍ စစ်ကောင်စီ၏ အသုံးတော်ခံနေသည်မှာ လက်ရှိ သျှမ်းပြည်၏ နိုင်ငံရေးနှင့်တကွ သျှမ်းပြည်တွင်း နေထိုင်သည့် လူမျိုးစုများ အပါအဝင် ပြည်သူများ၏ နိုင်ငံရေး အသွင်သဏ္ဍာန်ကို မီးမောင်းထိုးပြနေသည်။
ယင်းသို့ ကိုးကန့်တပ် MNDAA နှင့် တအာင်းတပ် TNLA သိမ်းပိုက်ထားသည့် သျှမ်းမြောက်ရှိ မြို့ရွာများကို လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်နေသည်မှာ ငြိမ်းချမ်းရေး ဆွေးနွေးမည် ဆိုသည့် စစ်ကောင်စီ၏ သရုပ်မှန် ဖြစ်သည်ဟု သျှမ်းနိုင်ငံရေး လေ့လာသူ ဦးစည်သူ (အမည်လွှဲ) က ပြောသည်။
“သျှမ်းမြောက်က ပါသွားပြီလေ။ တကယ် ဆွေးနွေးမယ်ဆိုရင် အပစ်ရပ်ပြီး စကားစပြောရမှာ။ မင်းအောင်လှိုင် တရုတ်မှာ ပြောတဲ့ ဆွေးနွေးမယ် ဆိုတာက တရုတ်ကို ဖားပြီး ပြောတာ။ သူ့ရည်ရွယ်ချက် အမှန်က အကုန် ပြာချပြီး မြေပြန်သိမ်းဖို့”ဟု ၄င်းကမှတ်ချက်ပြုသည်။
မင်းအောင်လှိုင်၏ တရုတ် ခရီးစဉ် အတွင်း ငြိမ်းချမ်းရေး ပြောဆိုချက်ကို သူက ညွှန်းဆိုခြင်း ဖြစ်သည်။
သျှမ်းပြည် စည်းလုံးညီညွတ်သလား
လူမျိုးကြီးဟု သွေးနားထင်ရောက်လေ့ရှိသည့် သျှမ်းခေါင်းဆောင် အဆက်ဆက်၏ ဦးဆောင်မှု အောက်ဝယ် သျှမ်းပြည်သည် သမိုင်းတလျှောက် မည်သည့် အခါကမျှ စည်းလုံးညီညွတ်မှု မရခဲ့သည်မှာ ယခုတိုင် ဖြစ်သည်။
လွတ်လပ်ရေးအကြို ပင်လုံစာချုပ် လက်မှတ်ထိုးခဲ့သည်မှာ သျှမ်းခေါင်းဆောင် တစ်စုသာဖြစ်ပြီး သျှမ်းပြည်နေ လူမျိုးစုများက နှစ်နှစ်ကာကာ ကိုယ်စားပြုခွင့် ပေးထားခဲ့သူများဟု ယုံကြည်လောက်သည့် အထောက်အထားမရှိပေ။
ဆိုလိုသည်မှာ လူမျိုးစုငယ်များ အနေဖြင့် အုပ်ချုပ်သူ သျှမ်းစော်ဘွားများထံ ထင်မြင်ယူဆချက်များ လိုလားချက်များ တင်ပြပြောဆိုနိုင်သည်အထိ အားမကောင်း (ဝါ) လူရာအသွင်းမခံရဟု ဆိုရမည် ဖြစ်သည်။
လွတ်လပ်ရေး အကြိုကာလ ၁၉၄၇ ခုနှစ်မှသည် ပါလီမန်အစိုးရ ၁၉၅၈ ခုနှစ် အထိ သျှမ်းပြည် နိုင်ငံရေးသည် ပဒေသရာဇ် ဆန့်ကျင်ရေးသာ ဖြစ်ခဲ့ပြီး ပင်လုံစာချုပ် အကောင်အတည်ဖော်ရန် မျှော်လင့်ချက် မရှိသည့် အခါတွင်မှ စစ်အာဏာရှင် တော်လှန်ရေး စတင်ခဲ့သည်။
၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းမှုသည် သျှမ်းပြည်၏ စစ်အာဏာရှင် တော်လှန်ရေးကို မီးထိုးပေးသကဲ့သို့ ဖြစ်ခဲ့ရာ လူမျိုးစုများပါ တော်လှန်ရေးတွင် ပါဝင်လာခဲ့သည်။
၁၉၆၄ ခုနှစ် မတ်လ ၂၅ ရက်နေ့တွင် ရှမ်းပြည်လွတ်လပ်ရေးတပ်မတော် (SSIA)၊ ရှမ်းအမျိုးသား ညီညွတ်ရေးတပ်ဦး (SNUF) နှင့် ကိုးကန့်တော်လှန်ရေးတပ်မတော် (KRF) တို့ ထိုင်းနိုင်ငံ၊ ချင်းမိုင်တွင် တွေ့ဆုံပြီး သျှမ်းပြည်တပ်မတော် (SSA) ကို ထူထောင်သည်။ ယင်းသို့ တည်ထောင်မှုကို ယင်းနှစ် ဧပြီလ ၂၄ ရက်နေ့က ကြေညာပြီး SSA ကို တရားဝင် တည်ထောင်သည်။
သို့သော် တပ်ပေါင်းစု အသွင်သဏ္ဍာန် ဖြစ်သည့် SSA တွင် ကျိုင်းတုံဒေသ တော်လှန်ရေးတပ်၊ ရှမ်းအမျိုးသား တပ်မတော် (SNA) နှင့် သျှမ်းတော်လှန်ရေး သက်တမ်းရင့် “နွမ်စစ်ဟန်” Noom Suk Harn-ငယ်ရွယ်ရဲရင့်သော စစ်သည်တော်များအဖွဲ့ ပါဝင်ခြင်း မရှိခဲ့ပေ။
ယင်းကာလကပင် သျှမ်းတော်လှန်ရေးသည် သိသာထင်ရှားသည့် အကွဲအပြဲများ စတင်ခဲ့ရာ ယနေ့တိုင် ဖြစ်ပြီး လက်ရှိ သျှမ်းတပ် နှစ်ခု ကွဲပြားနေသည်မှာ အထင်ရှားဆုံး ပြရုပ် ဖြစ်သည်။
“၁၀၂၇ စစ်ဆင်ရေး”နဲ့ စစ်မီးကြားက ပြည်သူများ
နှစ်ပေါင်း ၆၀ ကျော်ကြာ အကွဲအပြဲများနှင့် ပြည့်နှက်နေပြီး မူးယစ်ဆေးဝါးဖြင့် ပုံဖျက်ခံနေရသည့် သျှမ်းတော်လှန်ရေးသည် ငယ်ရွယ်သူများ ဦးဆောင်သည့် ညီနောင်မဟာမိတ် ၃ ဖွဲ့ (MNDAA- ကိုးကန့်၊ TNLA-တအာင်း၊ AA- ရခိုင်) တို့၏ “၁၀၂၇ စစ်ဆင်ရေး”ဖြင့် အသက်ဝင်လာသည်။
ယင်းစစ်ဆင်ရေး ၁ နှစ်ပြည့်ပြီးနောက် ညီနောင်မဟာမိတ်တပ်များ အနေဖြင့် သျှမ်းမြောက် တစ်ခုလုံးနီးပါး သိမ်းပိုက်ထားပြီး ဖြစ်သော်လည်း တော်လှန်ရေး အစဉ်အလာ ကြီးမားပြီး ကွဲပြားနေသည့် သျှမ်းပြည်တပ်မတော်-SSA အနေဖြင့် ပါဝင် တိုက်ခိုက်ခြင်း မရှိသည်ကို တွေ့ရသည်။
ထို့အတူ ညီနောင်မဟာမိတ်များ အနေဖြင့် ရည်ရွယ်သည် ဖြစ်စေ၊ မရည်ရွယ်သည် ဖြစ်စေ သျှမ်းလူမျိုးစု၏ အစဉ်အလာ အထင်ကရ နယ်များကိုပါ သိမ်းပိုက်ထားသည်မှာ ပကတိ အမှန်တရား ဖြစ်သည်။
“၁၀၂၇ စစ်ဆင်ရေး” တစ်နှစ်တာ ကာလအတွင်း သျှမ်းမြောက် နယ်မြေတစ်ခုလုံးနီးပါးနှင့် တကွ ဆက်စပ်နေသည့် သျှမ်းတောင်နှင့် မန္တလေးတိုင်း ဒေသများမှ စုစုပေါင်း သန်းနှင့်ချီသည့် ပြည်သူများ စစ်ဘေးဒဏ် သင့်နေသည်။
စစ်ပွဲ အတွင်း စစ်ကောင်စီဘက်က အရပ်ဘက် ပစ်မှတ်များကို လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်ခဲ့မှုကြောင့် သျှမ်းမြောက်နေ ပြည်သူ ၃၃၉ ဦး သေဆုံးခဲ့ကြောင်း လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုကွန်ရက်က ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက်နေ့က ထုတ်ပြန်သည်။
ယင်းထုတ်ပြန်ချက် နောက်ပိုင်း စစ်ကောင်စီ လေကြောင်း တိုက်ခိုက်မှုများ နေ့စဉ် ပြုလုပ်နေသည်မှာ ယနေ့တိုင်ဖြစ်ပြီး အနည်းဆုံး ပြည်သူ ၅၀ ထက်မနည်း ထပ်မံ သေဆုံးခဲ့ရပြီး ထပ်မံ ထိခိုက် သေဆုံးနေဆဲ ဖြစ်သည်။
ထို့အတူ တရုတ်နိုင်ငံဘက်က နယ်စပ်ဂိတ်များကို ဆက်တိုက် ပိတ်ဆို့မှုများကြောင့် သျှမ်းမြောက်ဒေသအတွင်း ကုန်ဈေးနှုန်းများ အဆမတန် တက်လာပြီး ပြည်သူလူထု အထွေထွေ အကြပ်အတည်း ဆိုက်နေရသည့် အခြေအနေ ဖြစ်သည်။
သျှမ်းပြည် ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး
လက်ရှိ သျှမ်းပြည် ရင်ဆိုင်နေရသည့် ပြဿနာသည် တရုတ်ဖိအား၊ စစ်ပွဲနှင့် တိုင်းရင်းသားများ၏ နယ်မြေ ပြဿနာ ဖြစ်သည်။
ယင်းပြဿနာများကို တပြိုင်နက် ဖြေရှင်းနိုင်ရန်မှာ သျှမ်းပြည်တွင်းရှိ အဖွဲ့အစည်း အားလုံး၏ တရားဝင်သော စည်းလုံးညီညွတ်မှုသာ ဖြစ်သည်ဟု သျှမ်းနိုင်ငံရေး လေ့လာသူ ဉီးစည်သူက မှတ်ချက်ပြုသည်။
“သျှမ်းပြည် ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး အတွက် ညီလာခံတခု ခေါ်သင့်တယ်။ PNO လို စစ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့ အဖွဲ့တွေလည်း ပါရမယ်။ သူတို့ဘာလို့ စစ်တပ်နဲ့ ပေါင်းနေလဲ ဆိုတာ အဖြေရှာရမယ်။ တိုင်းရင်းသားတွေရဲ့ ဖြစ်တည်မှုကို အသိအမှတ်ပြုပြီး နယ်မြေနဲ့ အုပ်ချုပ်ရေး စနစ် အတွက် အာမခံတဲ့ ညီညွတ်ရေးမျိုးရရင် တရုတ်ကော စစ်ကောင်စီကော ပမာမခန့် မလုပ်ရဲတော့ဘူး။ ပြဿနာတွေ အကုန်ရှင်းသွားမယ်”ဟု ၄င်းက ရှင်းပြသည်။
သို့သော် သျှမ်းပြည် ညီညွတ်ရေး အတွက် သျှမ်းလူမျိုးစု၏ အရေးပါမှုကို ကျန်တိုင်းရင်းသားများ အနေဖြင့် အလေးအနက် အသိအမှတ်ပြုရန် လိုအပ်ပြီး နိုင်ငံရေးဝန် မျှထမ်းရန် လိုအပ်နေပြီဟု ၎င်းက သုံးသပ်သည်။
“သျှမ်းပြည် ဆိုတာ ငါတို့ (သျှမ်းပြည်နေ တိုင်းရင်းသား) အားလုံး ပိုင်ဆိုင်တဲ့ နယ်မြေလို မစဉ်းစားနိုင်သမျှ ဗမာရဲ့ လွှမ်းမိုးမှုအောက်က မလွန်မြောက်နိုင်သလို ကိုယ့်ဒေသ အသီးသီးရဲ့ လူမှုဘဝ ထူထောင်မှုမှာလည်း ကျော်လွန်ဖို့ရာ မဖြစ်နိုင်တဲ့ ကြီးစွာသော အခက်အခဲနဲ့ ရင်ဆိုင်ရပါလိမ့်မယ်” ဟု ၎င်းက ဆက်ပြောသည်။
သို့သော် သျှမ်းအချင်းချင်းပင် ကွဲပြားနေသည်ဖြစ်ရာ သျှမ်းပြည်တွင်းနေ တိုင်းရင်းသားအားလုံး ဘုံသဘောတူညီမှုရသည့် ညီလာခံမျိုး ကျင်းပရန်မှာ မလွယ်ကူဟု သျှမ်းနိုင်ငံရေး သုတေသီ စိုင်းဝမ်းစိုင်း က သုံးသပ်သည်။
“EAO တွေ အားလုံးပါဝင်မယ့် တွေ့ဆုံဆွေးနွေးရေး ဖြစ်နိုင်ဖို့အတွက် ခက်ခဲနေတာ အထင်အရှား ဖြစ်ပါတယ်။ သျှမ်းတပ်၂ တပ် အချင်းချင်း ငြိမ်းချမ်းရေး မရနိုင်သေး၊ ပေါင်းစည်းမှု မဖြစ်နိုင်သေးတဲ့အချိန် သျှမ်းမဟုတ်တဲ့ အခြားသော လူမျိုးစု တပ်တွေ အကြောင်း ထည့်သွင်းစဉ်းစားမှု မလုပ်နိုင်သေးပါဘူး” ဟု ၎င်းက ဆိုသည်။
ထို့အပြင် တိုင်းရင်းသား လက်နက်ကိုင် တချို့ အနေဖြင့် နယ်မြေ ချဲ့ထွင်လိုသည့် သီးခြား ရည်မှန်းချက်များ ရှိနေသဖြင့် ဘုံသဘော တူညီချက်ရရေး ပိုခက်ခဲသည်ဟု ၎င်းက ဆက်ပြောသည်။
“ဒါကြောင့်မလို့ သျှမ်းပြည်အတွင်းမှာရှိတဲ့ အစုအဖွဲ့ အားလုံးက အားလုံးပါဝင်မယ့် သျှမ်းပြည်ကာကွယ်ရေး အစီအမံ လိုမျိုး အပေါ် သဘောတူညီချက် ရဖို့ လိုအပ်သလို ဘုံအမျိုးသား သရုပ်သကန်လည်း ပေါ်ထွက်လာဖို့ လိုပါတယ်။ အဲ့တာတွေအားလုံးဟာ ရှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU) ရဲ့ မူဝါဒကြေညာစာတမ်း – ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ရေး မူနဲ့ အညီ ဖြစ်သင့်ပါတယ်။ မတူကွဲပြားမှုများ ပေါင်းစည်းညီညွတ်ရေး အတွက် တစ်ခုတည်းသော နည်းလမ်း ဖြစ်ပါတယ်” ဟု သျှမ်းနိုင်ငံရေး သုတေသီ စိုင်းဝမ်းစိုင်း က သုံးသပ်သည်။
၎င်းအနေဖြင့် သျှမ်းညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ၂၀၁၃ ခုနှစ်တွင် စတင် ဖွဲ့စည်းထားသည့် “ရှမ်းပြည်ညီညွတ်ရေးကော်မတီ” (CSSU) ကို ညွှန်းဆိုနေသော်လည်း ယင်းအဖွဲ့၏ လုပ်ငန်းစဉ်များ ၂၀၂၂ ခုနှစ်ကတည်းက ရပ်တန့်နေပြီ ဖြစ်သည်။
သျှမ်းပြည်တွင် သြဇာကြီးမားသည့် SNLD ပါတီသည်လည်း သျှမ်းညီညွတ်ရေး အစဉ်တစိုက် ကြိုးစားနေသော်လည်း မအောင်မြင်သေးဘဲ ယခုတိုင် ကြိုးစားဆဲ ဖြစ်သည်ဟု SNLD ပါတီနှင့် နီးစပ်သူ တစ်ဉီးက ဆိုသည်။
သို့သော် လက်ရှိ သျှမ်းနိုင်ငံရေး အခင်းအကျင်းကို မှတ်ချက်ပေးရန် ၎င်းကငြင်းဆိုပြီး SNLD ပါတီ (၃၆) နှစ်ပြည့် ထုတ်ပြန်ချက်ကိုသာ ညွှန်းဆိုသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၂၆ ရက်နေ့က ကျရောက်သည့် SNLD ပါတီ (၃၆) နှစ်ပြည့် ထုတ်ပြန်ချက်နှင့် မိန့်ခွန်းများတွင် သျှမ်းပြည် ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးသာမက ပြည်ထောင်စု တခုလုံး ငြိမ်းချမ်းရေးကို ပါတီ အနေဖြင့် ကြိုးပမ်းနေကြောင်း ဖော်ပြသော်လည်း လက်တွေ့ကျသည့် လုပ်ဆောင်ချက်များကိုမူ ယခုတိုင် မတွေ့ရသေးပေ။
SNLD ပါတီနှင့် NLD ပါတီတို့၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ “မြန်မာပြည် တနှံတလျား စစ်ဘေးဒဏ် သင့်နေတယ်၊ နေ့စဉ်နဲ့အမျှ လေယာဉ်ဗုံးကြဲတာကြောင့် ဘယ်မြို့/ရွာက ပြည်သူတွေ ထိခိုက်ကျဆုံးမလဲ ရင်တမမနဲ့။ ဒီလို သောကအပူမီးတွေကြားထဲ ၃၆ နှစ်ပြည့်ကြတဲ့ ပါတီကြီး နှစ်ပါတီရဲ့ ထုတ်ပြန်ချက်က ဘာကိုဆိုလိုမှန်း မသိပါ။ အခု နွေဦးတော်လှန်ရေး၊ စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေး၊ သူတို့နဲ့ဆိုင်သလား၊ မဆိုင်ဘူးလား။ ပြည်သူလူထုတွေ အလုံးစုံ အမှောင်တိကျချိန် ပါတီကြီးတွေ ဘာလုပ်ကြမှာတုန်း။ သူတို့ သဘောထားထုတ်ပြန်ချက်ကို အကြိမ်ကြိမ် ထပ်ဖတ်တယ်၊ ဘာဆိုလိုလဲ လက်ရှိအခြေအနေကို ဘယ်လိုဦးဆောင်မလဲ မသိပါ။ ကျနော်တို့ ထမ်းပိုးထားတဲ့ခေတ်၊ G.Z နဲ့ PDF တွေ ကျနော်တို့ခေတ်ရဲ့ ယုံကြည်ရာကိုသာ ရှေ့ကို ချီတက်ကြပါစို့” ဟု TNLA ခေါင်းဆောင် တာဖုန်းကျော် က ပြီးခဲ့သည့် အောက်တိုဘာလ ၂၆ ရက် သူ၏ လူမှုကွန်ရက်တွင် ဝေဖန်ရေးသားသည်။
ယင်းဝေဖန်မှုကို ကြည့်လျှင် သျှမ်းနိုင်ငံရေးတွင် သျှမ်းလူမျိုးသည် ဗဟိုချက်ဖြစ်ပြီး ကျန်လူမျိုးစုများက ဝိုင်းရံပေးရမည် ဆိုသည့် အယူအဆဟောင်းမှ ဖောက်ထွက်ရန် လိုအပ်နေသည်ကို မီးမောင်းထိုးပြနေပြီး သျှမ်းလူမျိုးစု အနေဖြင့် နိုင်ငံရေး ဗဟိုချက် အတွင်းသို့ ကျန်လူမျိုးစုများကို ဆွဲခေါ်ခြင်းသည်သာ ရေရှည် သျှမ်းပြည် တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေး အတွက် အဖြေဖြစ်သည်ကို ညွှန်းဆိုနေသည်။
မည်သို့ပင် ဖြစ်စေ အရေးကြီးလှသည့် သျှမ်းပြည် ညီညွတ်ရေး အတွက် သက်ဆိုင်ရာ တိုင်းရင်းသား ခေါင်းဆောင်များ သဘောထားကြီးစွာဖြင့် ပြည်သူလူထုအား မျက်နှာမူနိုင်ပါရန် နိုဝင်ဘာလ ၁၅ ရက်နေ့ ညပိုင်းက မီးလောင်ခဲ့သည့် Inle Princess Resort အင်းလေး မင်းသမီး ဟိုတယ် ၏ ထုတ်ပြန်ချက်ပါ စာပိုဒ်ကို ကိုးကားလိုပါသည်။
“အဆုံးသတ်မှာတော့ ကျမတို့ဘဝမှာ အောက်ပါ သုံးခုသော အရာတွေသာ အရေးကြီးတယ်လို့ မှတ်ယူပါတယ် – ကျမတို့ ဘယ်လောက် မေတ္တာထားနိုင်ခဲ့သလဲ၊ ကျမတို့ ဘယ်လောက် ညင်သာသတိရှိစွာနဲ့ တာဝန်သိသိ ရှင်သန်နေထိုင်ခဲ့သလဲ၊ ဉာဏ်ပညာနဲ့ ရှင်သန်နေထိုင်ရင်း လက်လွှတ်လိုက်ရမယ့် အရာတွေကို ကျမတို့ ဘယ်လိုအသိတရားရှိရှိနဲ့ ဣန္ဒြေရရ ထွက်သွားခွင့် ပေးမလဲဆိုတာပဲ”
လက်ရှိတွင်မူ စစ်ကောင်စီသည် သျှမ်းမြောက် ထိုးစစ် အတွက် အကြီးအကျယ် ပြင်ဆင်နေသည်ဖြစ်ရာ ပြည်သူများ ပိုမို ဒုက္ခကြုံတွေ့ရမည့် အခြေအနေ ဖြစ်သည်။
“အမတို့ဆို ဘာမှမရှိတော့ပါဘူး။ ဆုံးရှုံးသွားတာတွေ ဘယ်သူတွေက ဘာလုပ်ပေးကြမှာလဲ။ ကိုယ်ချင်းစာ တရားလေး ထားကြစေချင်တယ်”ဟု နေ့စဉ်နီးပါး လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခံနေရသည့် နောင်ချိုမြို့ခံ အမျိုးသမီး တစ်ဦးက မေးခွန်းထုတ်သည်။
သို့သော် သူမ၏ မေးခွန်း အတွက် အဖြေမရှိသေးပေ။
ခွန်နောင် ရေးသားသည်။