ကမ္ဘာလုံးဆိုင်ရာ အသက်မွေးဝမ်းကျောင်းနှင့် နည်းပညာဆိုင်ရာပညာရေးဖွံ့ဖြိုးတိုးတက်ရေးညီလာခံသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း တက်ရောက်
နေပြည်တော် နိုဝင်ဘာ ၂၃
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပညာရေးဝန်ကြီး မစ္စတာဟွေကျင်းဖန်း၏ ဖိတ်ကြားချက်အရ ထျန်းကျန်းမြို့၌ နိုဝင်ဘာလ ၂၀ ရက်မှ ၂၂ ရက်အထိ ကျင်းပခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ အသက်မွေးဝမ်းကျောင်းနှင့် နည်းပညာဆိုင်ရာ ပညာရေးဖွံ့ဖြိုး တိုးတက်ရေးညီလာခံ – ၂၀၂၄ သို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နိုဝင်ဘာလ ၂၀ ရက် နံနက်ပိုင်းတွင် Tiankai Higher Education Innovation Park သို့ သွားရောက်လေ့လာခဲ့ကြပြီး ညနေပိုင်းတွင် ပညာရေးဝန်ကြီးဌာန ဝန်ကြီး မစ္စတာဟွေကျင်းဖန်း၊ ဒုတိယဝန်ကြီးများ၊ ထျန်းကျန်းမြို့တော်ဝန်နှင့်တာဝန်ရှိသူများ၊ အခမ်းအနား တက်ရောက်ကြသည့် နိုင်ငံအသီးသီးမှ အကြီးအကဲများ၊ ပညာရေးဆိုင်ရာအသင်း အဖွဲ့များမှ တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များနှင့်တွေ့ဆုံခဲ့ကာ ပညာရေးဝန်ကြီးနှင့် ထျန်းကျန်းမြို့တော်ဝန်တို့ တည်ခင်းဧည့်ခံသည့် ကမ္ဘာလုံးဆိုင်ရာ အသက်မွေးဝမ်းကျောင်းနှင့် နည်းပညာဆိုင်ရာ ပညာရေး ဖွံ့ဖြိုးတိုးတက်ရေးညီလာခံ-၂၀၂၄ အထိမ်းအမှတ်ညစာစားပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် ကွမ်းရှီးစီးပွားရေးနှင့် ကုန်သွယ်ရေးသက်မွေး ပညာကျောင်း (Guangxi Economic and Trade Vocational Institute) ကျောင်းအုပ်ကြီးနှင့် တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံ ထျန်းကျန်းအစိုးရအကူအညီဖြင့် ဖွင့်လှစ်လိုသည့် သင်တန်းကျောင်းနှင့်ပတ်သက်၍ အဆိုပြုလွှာများတင်ပြရေး၊ “အပ်ချုပ်လုပ်သားများ”၊ “အထည်ချုပ်ဒီဇိုင်းဖန်တီးသူများ”ကဲ့သို့သော အဓိကဘာသာရပ်များအတွက် မြန်မာဘာသာပြန်စာအုပ်များထုတ်ဝေရေးအပါအဝင် ကွမ်းရှီး သင်တန်းကျောင်းမှ လာရောက်ကူညီ ပေးရေးကိစ္စရပ်များကို ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့သည်။
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် နိုဝင်ဘာလ ၂၁ ရက် နံနက်ပိုင်းတွင် ကမ္ဘာလုံးဆိုင်ရာ အသက်မွေးဝမ်းကျောင်းနှင့် နည်းပညာဆိုင်ရာ ပညာရေးဖွံ့ဖြိုးတိုးတက်ရေးညီလာခံ – ၂၀၂၄ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ရာ ညီလာခံကို ပညာရေးဝန်ကြီးဌာန ဝန်ကြီး မစ္စတာဟွေကျင်းဖန်းက ဦးဆောင်ကာ ထျန်းကျန်းမြို့ ပါတီကော်မတီ အတွင်းရေးမှူး မစ္စတာ ချန်မင်အယ်လ်၊ အမျိုးသားကွန်ဂရက်ကော်မတီ၏ ဒုတိယဥက္ကဋ္ဌ မစ္စတာဝမ်သုန်မင်၊ UNESCO အထွေထွေညီလာခံ၏ဥက္ကဋ္ဌ မစ္စတာဆိုင်မွန်မာရေးရာမိုင်ကူးတို့အပါအဝင် ညီလာခံတက်ရောက်ကြသည့် နိုင်ငံ ၃၂ နိုင်ငံမှ ဝန်ကြီးအဆင့် ကိုယ်စားလှယ်များက မိတ်ဆက်ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ကမ္ဘာလုံးဆိုင်ရာ အသက်မွေးဝမ်းကျောင်းနှင့် နည်းပညာဆိုင်ရာ ပညာရေး ဖွံ့ဖြိုးတိုးတက်ရေး ညီလာခံကို ခေါင်းစဉ် ခြောက်ခုဖြင့် တစ်ပြိုင်တည်းကျင်းပခဲ့ပြီး ညီလာခံတွင် ပြည်ထောင်စု ဝန်ကြီးက TVET မှတစ်ဆင့် ကျွမ်းကျင်မှုစွမ်းရည်မြှင့်တင်ခြင်းနှင့် သက်ဆိုင်သည့် အဓိကနယ်ပယ်(၃)ရပ်ဖြစ်သည့် ကျွမ်းကျင်မှုစွမ်းရည်မြှင့်တင်၍ လူငယ်လူရွယ်များအား ပျိုးထောင်ခြင်းအတွက် ကမ္ဘာလုံးဆိုင်ရာ TVET မဟာဗျူဟာ၊ အမျိုးသား TVET မူဝါဒ ဖွံ့ဖြိုး တိုးတက်ရေးနှင့် TVET အဖွဲ့အစည်းများ၏ ဆန်းသစ်သော အလေ့အကျင့်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ အလုပ်သမား ဈေးကွက်၏ လိုအပ်ချက်များနှင့် လိုက်လျောညီထွေ ဖြစ်စေရန်အတွက် စက်မှုကဏ္ဍနှင့် ပညာရေးကဏ္ဍတို့အကြား ပူးပေါင်း ဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ လည်းကောင်း ဆွေးနွေးပြောကြားခဲ့သည်။
ထို့အတူ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ညီလာခံ အတွင်း တစ်ချိန်တည်း ကျင်းပနေသည့် အရည်အသွေးမြင့် အသက်မွေးဝမ်းကျောင်းပညာရေးသို့ မြှင့်တင်နိုင်မည့် လုပ်ငန်းခွင်နှင့်ပညာရေး ပေါင်းစပ်ဆောင်ရွက်မှု (Industry-Education Integration Promoting High-Quality Vocational Education) ခေါင်းစဉ်ဖြင့် ဆွေးနွေးမှုတွင်ပါဝင်၍ ပညာရေးဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်များတွင် ဖွင့်လှစ်ထားသော MSME အထောက်အကူပြုဘွဲ့၊ ဒီပလိုမာသင်တန်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည်ဝန်ကြီးအဆင့် စားပွဲဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံရှိ ဝန်ကြီးဌာန ၁၃ ခုနှင့် ပုဂ္ဂလိကကဏ္ဍတို့ပူးပေါင်းကာTVET ကဏ္ဍဖွံ့ဖြိုး တိုးတက်အောင်ကျယ်ပြန့်စွာ ပံ့ပိုးပေးလျက်ရှိသည့် အခြေအနေကို ဆွေးနွေးခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကမ္ဘာ့သက်မွေးပညာကောလိပ်အဆင့် ကျွမ်းကျင်မှုပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားသို့ တက်ရောက်အားပေး ကြည့်ရှုပြီး ပြည်ထောင်စုဝန်ကြီးက တတိယဆုရရှိခဲ့သည့် မြန်မာနိုင်ငံမှ သက်မွေးပညာ သင်ယူနေသည့် ကျောင်းသားအဖွဲ့ကို ဆုချီးမြှင့်ပေးအပ်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည့် ညီလာခံပိတ်ပွဲအခမ်းအနား တက်ရောက်ခဲ့ကြပြီး ထျန်းကျန်းနိုင်ငံခြားဘာသာတက္ကသိုလ်သို့ သွားရောက်လေ့လာ၍ မြန်မာဘာသာ စကားသင်တန်း တက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူများကို တွေ့ဆုံနှုတ်ဆက်ခဲ့ကြသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ထျန်းကျန်းလေဆိပ်မှ ပြန်လည်ထွက်ခွာခဲ့ကြပြီး ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။