ylliX - Online Advertising Network

နယ်စပ်စခန်း ၉ ခုကို ထိုင်းစစ်တပ်က ဖယ်ရှားခိုင်းသည်မှာ မှန်ကန်ကြောင်း ‘ဝ’တပ်ဖွဲ့ပြော


ထိုင်းနိုင်ငံနှင့် နယ်နမိတ်ထိစပ်နေသည့် ရှမ်းပြည်တောင်ပိုင်းရှိ ‘ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော်(UWSA)၏ ၁၇၁ စစ်ဒေသတွင်းရှိ စစ်စခန်းများကို ထိုင်းစစ်တပ်က လာရောက်ဖယ်ရှားခိုင်းသည်မှာ မှန်ကန်ကြောင်း ‘ဝ’တပ်ဖွဲ့က အတည်ပြုသည်။

ထိုင်းနယ်စပ်တစ်လျှောက်ရှိနေသည့် UWSA တပ် တပ်စခန်းကိုးခုကို ၎င်းတို့နိုင်ငံနယ်နမိတ်အတွင်း ရှိနေသည့်အတွက် ဖယ်ရှားပေးရန် ထိုင်းစစ်တပ်က ဖိအားပေးလာခဲ့ပြီး နိုဝင်ဘာလအတွင်း UWSA နှင့် ထိုင်းစစ်တပ်တို့ ချင်းမိုင်မြို့တွင် ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

သို့သော် ယနေ့အထိ UWSA တပ်စခန်းများ ဖယ်ရှားခြင်းမရှိသေးသည့်အတွက် ထိုင်းစစ်တပ်က နယ်စပ်တစ်လျှောက် စစ်အင်အားဖြည့်တင်းမှုများ ပြုလုပ်လာသည်ဟု UWSA ၏ ပြင်ပဆက်ဆံရေးအရာရှိ ဦးညီရန်းက ပြောသည်။

“ထိုင်းဖက်က အင်အားတိုးတယ်လို့ သိရပြီး ကျွန်တော်တို့ဘက်ကတော့ ပုံမှန်အခြေအနေပါပဲ”ဟု ဦးညီရန်းက ပြောသည်။

၁၇၁ စစ်ဒေသနှင့် ထိစပ်နေသည့် ထိုင်းနိုင်ငံအတွင်း ထိုင်းစစ်တပ်၏ အမှတ်(၃) တပ်တော် နယ်မြေအတွင်း မြေပြင်တပ်များကို ကူညီပေးရန် လက်နက်ကြီးတပ်များ အသင့်ရှိနေသည်ဟု ထိုင်းသတင်းဌာနတစ်ခုဖြစ်သည့် Khaosod က ယနေ့ သတင်းဖေါ်ပြထားသည်။

အဆိုပါ သတင်းအရ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်အတွင်းပါဝင်သည့် အနည်းဆုံး တပ်စခန်း ခုနှစ်ခုကို အမြန်ဆုံးဖယ်ရှားပေးရန် ထိုင်းစစ်တပ်က တောင်းဆိုသော်လည်း UWSA တပ်များက ငြင်းဆန်ခဲ့သည်ဟုဆိုသည်။

UWSA တပ်များ၏ စခန်းများတွင် ဟောင်ဝစ်ဇာအမြောက်များတပ်ဆင်ထားပြီး ပစ်ခတ်ရန် အသင့်အနေအထားရှိနေသည်ဟု အဆိုပါ သတင်းကဆိုသည်။

ယခုဖြစ်ပွားနေသည့် စစ်ရေးတင်းမာမှုများမှာ နယ်နမိတ်အငြင်းပွားမှုဖြစ်သည့်အတွက် နိုင်ငံအချင်းချင်းဖြေရှင်းရမည့် ကိစ္စဖြစ်သည်ဟု UWSA ပြင်ပဆက်ဆံရေးအရာရှိ ဦးညီရန်းက ပြောသည်။

“ဒီလိုကိစ္စမျိုးက ကျွန်တော်တို့နဲ့ မပြီးဘူး နိုင်ငံတော်အချင်းချင်း ဆွေးနွေးရမယ့် ကိစ္စရပ်ဖြစ်တယ်။ နိုင်ငံတော်ခေါင်းဆောင်ပိုင်းကိုလည်း သတင်းပို့ပြီးပါပြီ” ဟု ဦးညီရန်းက ပြောသည်။

တင်းမာမှုများ ပိုမိုမြင့်တက်လာခြင်းသည် နိုဝင်ဘာ ၂၀ ရက်တွင် ထိုင်းစစ်တပ်အရာရှိများနှင့်အတူ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ /ရှမ်းပြည်တပ်မတော် (RCSS/SSA) တပ်အရာရှိအချို့ UWSA စခန်းများကို ဓါတ်ပုံရိုက် မှတ်တမ်းတင်ခဲ့ခြင်းကြောင့်ဖြစ်သည်ဟု မဲခေါင်သတင်းဌာနက ရေးသားထားသည်။

သို့သော် ဦးညီရန်းကတော့ ထိုင်းစစ်တပ်နှင့်အတူ RCSS/SSA အရာရှိများ လာရောက်စစ်ဆေးခဲ့ခြင်းရှိ မရှိကို အတည်မပြုသေးဘဲ အသေးစိတ်မသိရသေးကြောင်းသာ ပြောသည်။







Source link

Leave a Reply

Your email address will not be published. Required fields are marked *