ylliX - Online Advertising Network

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အဆိုးဝါးဆုံးကျဆင်း – Myanmar Now


စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာစစ်တပ်၏ အကြမ်းဖက်၊ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဝင်ရောက်မှုလျော့ကျလာနေရာမှ ယခုနှစ်တွင် အဆိုးဝါးဆုံးကျဆင်းနေသည်။ 

စစ်ကောင်စီလက်အောက်ခံ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(DICA) ၏ စာရင်းများအရ ယခုဘဏ္ဍာနှစ် ၂၀၂၄-၂၅ ဧပြီမှ အောက်တိုဘာအထိ ၇ လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ ၂၂၆ သန်းကျော်သာရှိသည်။ 

ထိုပမာဏသည် စစ်အာဏာသိမ်းပြီးနောက် ၄ နှစ်နီးပါးအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အနည်းဆုံးဖြစ်သည်။ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်(ဧပြီမှမတ်)တွင် ကန်ဒေါ်လာ ၆၆၁ သန်းကျော်၊ ၂၀၂၂-၂၃ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ၁၆၄၀ သန်းကျော်၊ ၂၀၂၁-၂၂ (အောက်တိုဘာမှ မတ်လအတွင်း) တွင် ကန်ဒေါ်လာ ၆၄၂ သန်း ကျော်အထိရှိခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီလက်ထက် ဘဏ္ဍာနှစ်ပြောင်းလဲကျင့်သုံးသော မီနီဘတ်ဂျက်၂၀၂၁ အောက်တို ဘာမှ ၂၀၂၄ အောက်တိုဘာအထိ ၃ နှစ်နှင့် ၁ လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှုသည် ကန်ဒေါ်လာ ၃၁၆၈ သန်းသာရှိ၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အစိုးရလက်ထက် ၂၀၁၉-၂၀ ဘဏ္ဍာနှစ် ၁ နှစ်အတွင်းဝင်ရောက်ခဲ့သော ပမာဏထက် ကန်ဒေါ်လာ ၁၇၀၀ သန်း ကျော်လျော့နည်းနေ သည်။  

နိုင်ငံရေးမတည်ငြိမ်မှု၊ နိုင်ငံခြားငွေလဲလှယ်နှုန်းမြင့်တက်နေခြင်း၊ အပြောင်းအလဲမြန်သော စီးပွားရေး စီမံခန့်ခွဲမှု မူဝါဒများ နှင့် လျှပ်စစ်ဓာတ်အား ပြည့်မီအောင်ပေးနိုင်ခြင်းမရှိခြင်းတို့က မြန်မာတွင် နိုင်ငံခြားစီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန် ခက်ခဲစေသည်ဟု စီးပွားရေးပညာရှင်တစ်ဦးက ပြောသည်။ 

“ အနောက်နိုင်ငံတွေရဲ့ အရေးယူပိတ်ဆို့မှုတွေကလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအပေါ်ကို အများကြီး သက်ရောက်တယ်။ ဘာလို့လဲဆိုရင် သွယ်ဝိုက်ပြီး လုပ်ရမယ့်ကိစ္စတွေ များလာတယ်၊ ငွေကြေးကုန်ကျ စရိတ်တွေ တက်လာမယ်၊ ဆုံးရှုံးနိုင်ချေက အရမ်းကြီးလာနေတော့ တကယ့် နိုင်ငံတကာကုမ္ပဏီကြီးတွေ က မဝင်တော့ဘူး ” ဟု သူက ပြောသည်။ 

ယခုအခါ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်နေသေးသော်လည်း ထိုရင်းနှီးမြှုပ်နှံမှုများသည် အသစ်ဝင် ရောက်မှုနည်းပါးသွားပြီး ရှိနေပြီးသား နိုင်ငံခြားစီးပွားရေးလုပ်ငန်းများ၏ လုပ်ငန်းဆက်လည်ပတ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှုကတိကဝတ်များကြောင့်သာ ငွေကြေးများထပ်မံရင်းနှီးမြှုပ်နှံခြင်းဖြစ်သည်။ 

DICA ၏ အဆိုအရလည်း ယခုနှစ် ၇ လအတွင်း အမေရိကန်ဒေါ်လာ ၂၂၆ သန်းကျော်ပမာဏရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၃၃ ခုရှိခဲ့သော်လည်း ၄ ခုသာ အသစ်ဝင်ရောက်ရင်းနှီးမြှုပ်နှံကြခြင်းဖြစ်ပြီး ကျန်လုပ်ငန်းများမှာ ရှိနေပြီးသားလုပ်ငန်းများက ရင်းနှီးမြှုပ်နှံမှုထပ်မံထည့်ဝင်ခြင်းဖြစ်သည်။

ထိုလုပ်ငန်းအများစုမှာ မြန်မာတွင် အများဆုံးရင်းနှီးမြှုပ်နှံမှုပြုလုပ်ထားသည့် တရုတ် နှင့် စင်ကာပူနိုင်ငံ တို့မှ ဖြစ်သည်။ 

စစ်အာဏာသိမ်းပြီးနောက်တွင်လည်း နိုင်ငံတကာမှ အသစ်ဝင်ရောက်မည့် ရင်းနှီးမြှုပ်နှံမှုများလည်း ရပ်ဆိုင်းခဲ့သလို ရေနံနှင့်သဘာ၀ဓာတ်ငွေ့လုပ်ငန်း၊ ဆက်သွယ်ရေးလုပ်ငန်း၊ လျှပ်စစ် နှင့် သတ္တုတူးဖော် ရေးလုပ်ငန်းအစရှိသော လုပ်ငန်းကဏ္ဍများမှ ဒါဇင်နှင့်ချီသော နိုင်ငံတကာကုမ္ပဏီကြီးများ မြန်မာကို စွန့်ခွာခဲ့ကြသည်။ 

အနောက်နိုင်ငံများ၏ အရေးယူပိတ်ဆို့မှုများကြောင့်လည်း မြန်မာစစ်တပ်လက်အောက်ခံ စီးပွားရေး လုပ်ငန်းများဖြစ်သော မြန်မာ့စီးပွားရေးဦးပိုင်(UMEHL) ၊မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) တို့နှင့် လက်တွဲလုပ်ကိုင်နေသော ဂျပန်အဖျော်ယမကာလုပ်ငန်း ကီရင်လုပ်ငန်းစု အပါအဝင် နိုင်ငံတကာ ကုမ္ပဏီကြီးတချို့ကလည်း လက်တွဲဖြုတ်ခဲ့ကြသည်။ 

ထို့ပြင် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သော ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) နှင့်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတချို့က လုပ်ငန်းများ ပူးပေါင်းလုပ်ကိုင်ခြင်းကို ရပ်ဆိုင်းခဲ့ကြသည်။  



နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်မှုမရှိခြင်း၊ စီးပွားရေးကျဆင်းခြင်း နှင့် ကျယ်ပြန့်လာသော တိုက်ပွဲ များကြောင့် နယ်စပ်ကုန်သွယ်ရေးရပ်တန့်နေမှုများကြောင့် စစ်ကောင်စီအတွက် နိုင်ငံခြားငွေအကျပ် အတည်းအခက်အခဲသည် ပိုကြီးမားနေလျက်ရှိသည်။ 

ထို့အတွက်ကြောင့် ပြည်ပနိုင်ငံများသို့ နည်းလမ်းမျိုးစုံဖြင့် ထွက်ခွာခဲ့သော သန်းနှင့်ချီသော မြန်မာနိုင်ငံ သား အလုပ်သမားများထံမှ အခွန်များ အတင်းအကျပ်ကောက်ယူသည့် နည်းလမ်းဖြင့် နိုင်ငံခြားငွေဖြည့် တင်းရန် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု အထက်ပါစီးပွားရေးပညာရှင်က ပြောသည်။ 

“ သူ့အတွက်(စစ်ကောင်စီ)က ရေနံနဲ့ သဘာ၀ဓာတ်ငွေ့ရောင်းရတာရယ်၊ အထည်ချုပ်လို ပို့ကုန် တချို့ ကလည်း နိုင်ငံခြားငွေရတော့ ဒါတွေကလည်း ရေရှည်အတွက် စိတ်ချထားလို့မရဘူး။ ဒါကြောင့်ပဲ ပြည်ပက အလုပ်သမားတွေဆီက အခွန်ကောက်ဖို့ လုပ်နေတာ ” ဟု သူက ဆိုသည်။ 

မြန်မာနှင့်အိမ်နီးချင်း ထိုင်းနိုင်ငံတစ်ခုထဲမှာပင် မြန်မာရွှေ့ပြောင်းလုပ်သားများ ၄ သန်းဝန်းကျင်ရှိ၍ ထိုသူများထံမှ အခွန်အတင်းအကျပ်ကောက်ယူနိုင်ပါက စစ်ကောင်စီအတွက် ဘီလီယံနှင့်ချီသော နိုင်ငံခြားငွေများရရှိနိုင်မည်ဖြစ်သည်။





Source link

Leave a Reply

Your email address will not be published. Required fields are marked *