ylliX - Online Advertising Network

ပေါက်မြို့နယ်တွင် အဖမ်းခံထားရသည့် PDF ၅ ဦး ထွက်ပြေးလွတ်မြောက်


မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ရေပြာရဲစခန်းတွင် လနှင့်ချီ ဖမ်းဆီးခံထားရသည့် တော်လှန်ရေးတပ်သား ငါးဦးသည် ယမန်နေ့ (နိုဝင်ဘာ ၂၅)  နံနက်ပိုင်းက အချုပ်ခန်းဖောက်ပြီး ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။

ပေါက်မြို့နယ်အရှေ့ဘက် ၁၃ မိုင်အကွာရှိ အဆိုပါရဲစခန်းမှ ထွက်ပြေးလွတ်မြောက်လာသူများထဲတွင် ၎င်းတို့တပ်ဖွဲ့ဝင် အမျိုးသားသုံးဦး ပါဝင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ ပခုက္ကူခရိုင် အမှတ် (၁၆) တပ်ရင်းမှ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

တပ်ဖွဲ့ဝင်သုံးဦးသည် ပြီးခဲ့သည့် ဩဂုတ်လ ၁၀ ရက်နေ့က လုပ်ငန်းတာဝန်ဖြင့် ခရီးသွားစဉ် လမ်းမှားကာ ရေပြာရဲစခန်းရှေ့ ရောက်သွားခဲ့ပြီးနောက် အဖမ်းခံခဲ့ရခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

ကျန်နှစ်ဦးသည် ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ဖြစ်ပြီး လအတန်ကြာကပင် ထိုရဲစခန်းတွင် ချုပ်နှောင်ခံထားရသူများဖြစ်ကြောင်း ၎င်းက ပြောသည်။

ကင်းစောင့်သူများ ပေါ့လျော့သည့်အချိန် ထွက်ပြေးရန် တိုင်ပင်ခဲ့ကြပြီး နိုဝင်ဘာ ၂၄ ရက်  ညသန်းခေါင် ဝန်းကျင်တွင် အချုပ်ထောင်ကို ဖောက်ရန် ကြိုးပမ်းခဲ့ကြကြောင်း သိရသည်။ 

“ကင်းပေါ့တဲ့အချိန်၊ အငိုက်ကိုကြည့်တယ်၊ ဘယ်အချိန်အတိုင်းအတာတွင်းဆိုရင် ကင်းပေါ့တယ်ဆိုပြီး အဲ့ဒီအချိန်တွင်း ကြိုးစားပြီး လွတ်မြောက်လာခဲ့တာ”ဟု ပခုက္ကူခရိုင်အမှတ် (၁၆) တပ်ရင်းမှ သတင်း ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။ 

တပ်ဖွဲ့ဝင်များ ဖမ်းဆီးခံရစဉ်ကာလက ရိုက်နှက် နှိပ်စက်ခံခဲ့ရသော်လည်း  ထွက်ပြေးလာချိန်တွင် ကျန်းမာရေးကောင်းမွန်ကြသည်၊ လုံခြုံသည့်နေရာတွင် ရောက်နေပြီဖြစ်သည်ဟု သူက ဆက်ပြောသည်။ 

ရဲစခန်းတွင် ချုပ်နှောင်ခံထားရစဉ်က  ထမင်းစားချိန်နှင့် ရေချိုးချိန်မှအပ နေ့ရောညပါ လက်ထိပ် ခတ်ခံခဲ့ရကြောင်း အထက်ပါ ပြန်ကြားရေးတာဝန်ရှိသူက  လွတ်မြောက်လာသည့် တပ်ဖွဲ့ဝင်များကို ကိုးကားပြီး ပြောသည်။ 

လွတ်မြောက်လာသူတို့၏ လုံခြုံရေးအခြေအနေအရ အသေးစိတ်အချက်အလက်များကို ပြောကြားရန် သူက ငြင်းဆန်သည်။

၎င်းတို့ကို ရေပြာရွာမှ ၁၃ မိုင်ခန့်အကွာရှိ ပေါက်မြို့ရဲစခန်းသို့ ပို့ဆောင်ချုပ်နှောင်ရန် စီစဉ်ထားခဲ့သော် လည်း  တော်လှန်ရေးအင်အားစု ထိန်းချုပ်သည့် နယ်မြေများကို ဖြတ်သန်းရမည် ဖြစ်သောကြောင့်  ရေပြာရဲစခန်းတွင်ပင် လနှင့်ချီ ဆက်လက်ချုပ်နှောင်ထားခြင်းဖြစ်နိုင်သည်ဟု အထက်ပါ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောသည်။ 

ပခုက္ကူ-မင်းတပ်ကားလမ်းဘေးရှိ ရေပြာရွာသည် အိမ်ခြေ ၃၀၀ နီးပါးရှိသည့် ကျေးရွာဖြစ်ပြီး ရွာအနောက်ဘက်တွင် ယောချောင်း ဖြတ်သန်းစီးဆင်းလျက်ရှိသည်။ 

ဖမ်းမိထားသူ ၅ ဦးလွတ်မြောက်သွားသည့် အခြေအနေနှင့်ပတ်သက်ပြီး စစ်ကောင်စီကို ထောက်ခံ အားပေးသည့် ပေါက်ကိုယ်တော် ဆိုသူက ရေပြာစခန်းမှူးကို ဆက်သွယ်မေးမြန်းထားသည်ဟု ယူဆရသည့် ၈ မိနစ် ကျော်ကြာ အသံဖိုင်တစ်ခုကို စစ်တပ်ဝါဒဖြန့်တယ်လီဂရန် ချန်နယ်များတွင် ဖော်ပြထားသည်။ 



တော်လှန်ရေးသမားများအနက် နှစ်ဦးကို ခံဝန်ဖြင့် လွှတ်ပေးခြင်းဖြစ်ပြီး  သုံးဦးမှာ ထွက်ပြေးသွားခြင်း ဖြစ်သည်ဟု ရေပြာစခန်းမှူးက ဆိုသည်။ ပြီးခဲ့သည့်ရက်ပိုင်းက တော်လှန်ရေးအင်အားစုများဘက်မှ လှုပ်ရှားမှုများရှိသဖြင့် တပ်ဖွဲ့ဝင်များကို ကင်းထုတ်ထားချိန်တွင် ထွက်ပြေးလွတ်မြောက်သွားသည်၊ ၎င်း၏ လုံခြုံရေးပေါ့လျော့မှုကြောင့်ဖြစ်သည်ဟု စခန်းမှူးက ပေါက်ကိုယ်တော်ကို ပြောသည်။ 

ပေါက်ကိုယ်တော်သည် ထင်ရှားသည့် မဘသဘုန်းကြီး ဖြစ်ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မင်းအောင်လှိုင် က ဆန့်ကျင်သူတို့အပေါ် ကိုင်တွယ်မှု ပျော့ပြောင်းသဖြင့် တပ်ချုပ်ရာထူးမှ ဆင်းပေးရန်၊ ဗိုလ်ချုပ်စိုးဝင်း က တပ်ကို ဦးဆောင်ရန် ယခုနှစ် ဇန်နဝါရီလတွင် တောင်းဆိုရာမှ နာမည်ကြီးလာသူ ဖြစ်ရာ ရဲအရာရှိတို့ သတိထားဆက်ဆံရသူ ဖြစ်လာသည်။

အသံဖိုင်ထဲတွင် ပေါက်ကိုယ်တော်က ရေပြာစခန်းမှ ထွက်ပြေးသွားသည့် တော်လှန်ရေးသမားတို့ကို  စခန်းမှူး၏ကိုင်တွယ်ပုံ ညံ့ဖျင်းသည်ဟု မှတ်ချက်ပြုထားသည်။

“အဲ့လိုထွက်ပြေးရင် တခါတည်းရှင်းပစ်လိုက်ပေါ့ ပြီးရော။ ခင်ဗျား မရှင်းရဲဘူးလား” ဟု ပေါက်ကိုယ်တော် က ရေပြာစခန်းမှူးကို ပြစ်တင် ကြိမ်းမောင်းသည်။ 

၎င်းတို့ကို  စစ်တပ် စစ်ကြောင်းနှင့်ထည့်ပေးရန် စီစဉ်ထားပြီဖြစ်သည်ဟု ရေပြာစခန်းမှူးက ရှင်းပြသော်လည်း  ပေါက်ကိုယ်တော်က ထိုသို့ထည့်ပေးရန် မလိုကြောင်း တုံ့ပြန်သည်။

“ဘယ်စစ်ကြောင်းနဲ့မှ ပို့စရာအကြောင်းမရှိဘူး။ စခန်းထဲတင် ပြီးသွားရမယ့်ဟာတွေ။ စစ်ကြောင်းနဲ့ပို့ ထားရင် ထမင်းကျွေးနေရဦးမယ်”ဟု ပေါက်ကိုယ်တော်က ဆိုသည်။ 

အလူမီနီယံချောင်းများ ထုတ်လုပ်သည့် အမှတ် (၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံတည်ရှိရာ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်သည် တော်လှန်ရေးအင်အားစု အားကောင်းရာမြို့နယ်ဖြစ်ပြီး ရေပြာရွာ ရဲစခန်းကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် တော်လှန်ရေး အင်အားစုများက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ထိုစဉ်က စခန်းမှူး အပါအဝင် ငါးဦးသေဆုံးခဲ့သည်။ 

မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်း၊ စစ်ကိုင်းတိုင်း အကျဉ်းထောင်များတွင် ဖမ်းဆီးခံထားရသည့် တော်လှန်ရေးသမားတချို့ ထောင်ဖောက်ပြေးသည့်ဖြစ်စဉ်တို့မှာ ၂၀၂၂ ခုနှစ်က စတင်ခဲ့သည်။ 
၂၀၂၃ ခုနှစ် မေလကလည်း တောင်ငူထောင်တွင် ထိန်းသိမ်းခံထားရသည့် မြို့ပြတော်လှန်ရေး လှုပ်ရှားသည့် တပ်ဖွဲ့ဝင် ၁၀ ဦး ထောင်တွင်း တရားရုံးထုတ်စဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့၏ သေနတ်များ လုယူထွက်ပြေးသည့်အနက် ကိုးဦးလွတ်မြောက်ခဲ့သည်။ 





Source link

Leave a Reply

Your email address will not be published. Required fields are marked *