ဖာပွန်မြို့နယ်က အရေးပါတပ်စခန်းတခုဖြစ်တဲ့ မာထောစခန်းကို KNLA , PDF , BPLA, FFD ဒရုန်းတပ်ဖွဲ့တို့ဝင်ရောက်သိမ်းပိုက်ရာ နိုဝင်ဘာ ၂၂ ရက်နေ့မှာ သိမ်းပိုက်အောင်မြင်ခဲ့ပါတယ်။ စခန်းကနေထွက်ပြေးသွားတဲ့ စစ်ကောင်စီအချို့ကို လိုက်လံတိုက်ခိုက်ရာမှာတော့ နိုဝင်ဘာ ၂၃ ရက်နေ့မှာ ထိတွေ့တိုက်ပွဲဖြစ်ပြီး နောက်ထပ် ၁၀ ယောက်ကိုသုတ်သင်လိုက်နိုင်ကြောင်း KNLA တပ်မဟာ ၅ မှ ဗိုလ်မှူးကြီး စောကလယ်ဒိုက မနေ့ကသတင်းထုတ်ပြန်ပါတယ်။ ရန်သူတပ်များဟာ ၄င်းတို့စခန်းအချို့ရှိရာ တောင်သုံးလုံး(ကစဲသဲဖလယ်) နှင့် ခွေးသေ(ထွီသီးအူ) တို့ဘက်ကိုဆုတ်ပြေးရာ လမ်းခုလတ်မှာ ဖြန့်ကျက်ထားတဲ့ တော်လှန်ရေးတပ်တွေက အဆင်ဆင့် ဖြတ်တောက်ရှင်းလင်းလိုက်နိုင်တာ ဖြစ်ပါတယ်။ ခုဆိုရင် စခန်းသိမ်းပွဲအပြင် နောက်ထပ်ရှင်းလင်းနိုင်မှုတွေကြောင့် သိမ်းရခဲ့သည့်လက်နက်များမှာ RPG-7 ၁လက်၊ ၈၁မမ ၁လက်၊ MA-1(၉)လက်၊ MA-2(၄)လက်၊ MA-3(၄)လက်၊ MA-4(၂)လက်၊ ငါးမြီးစက်လတ်(၁)လက်၊ ၆၀မမပြောင်းရှည်(၂)လက်၊ ၆၀မမပြောင်းတို(၂)လက်နှင့် ဆက်စပ်ကျည်များ၊မိုင်း များနှင့် စစ်အသုံးအဆောင်ပစ္စည်း အမြောက်အမြားကိုလည်း သိမ်းယူနိုင်ခဲ့ကြပါပြီ။ လက်ရှိမှာတော့ စစ်ကောင်စီရဲ့ ဖာပွန်ဗျူဟာစခန်းသည် တော်လှန်ရေးတပ်ပေါင်းစုရဲ့ ပစ်မှတ်ဖြစ်လာနေပြီး ဆက်လက်ပိတ်ဆို့ ထိုးစစ်ဆင်လျက်ရှိကြောင်း သိရပါသည်။