လူထုလှုပ်ရှားမှု ရက်သတ္တပတ် စကားဝိုင်းဆွေးနွေးပွဲကို မနေ့က နိုဝင်္ဘာလ ၂၆ ရက်နေ့ ၊ ညနေ ၇ နာရီတွင် ကျင်းပပြီးစီးခဲ့သည်။ မနေ့က ဆွေးနွေးပွဲ ခေါင်းစဉ်မှာ မြေပြင်လူထုလှုပ်ရှားမှုများနှင့် အုပ်ချုပ်ရေး စစ်ရေး ချိတ်ဆက်ဆောင်ရွက်မှု ဖြစ်သည်။ အဆိုပါစကားဝိုင်း ဆွေးနွေးပွဲမှာ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်နှင့်အတူ ကာကွယ်ရေးဝန်ကြီးဌာနမှ အတွင်းဝန် ဦးနိုင်ထူးအောင်လည်းပါဝင်တက်ရောက်သည်။ မြေပြင်လူထုလှုပ်ရှားမှုခေါင်းဆောင်များအနေနဲ့ ယင်းမာပင် ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ခေါင်းဆောင် ကိုလွမ်းသူတက်ရောက်ပြီး အမျိုးသမီးမဟာမိတ်အင်အားစု ဦးဆောင်သူ မအေးမြင့်အောင်အောင်လည်း ပါဝင်တာတွေ့ရသည်။ အုပ်ချုပ်ရေး စစ်ရေးကဏ္ဍအနေနဲ့ ပ သုံးလုံးအဖွဲ့နှင့် မြေပြင်လူထုလှုပ်ရှားသူများ ပူးပေါင်းဆောင်ရွက်မှု အားနည်းသည့်အကြောင်းများကို ပွင့်လင်းစွာဆွေးနွေးခဲ့ကြသလို ပ သုံးလုံး အဖွဲ့ရဲ့ မြေပြင်မှာ အခွန်ကောက်ခံနေမှုကိုလည်း ထည့်သွင်းဆွေးနွေးသွားပါတယ်။
အခွန်ကောက်သည့်ကိစ္စကို ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်မှ ပြန်လည်ဆွေးနွေးရာ အခွန်ကောက်ပြီးရင် ပြည်သူအပေါ် ဝန်ဆောင်မှုပေးရမယ့်အပိုင်းမှာ အချိုးကျမှု ဘယ်လောက်ရှိမလဲ ဆိုတာကို ပသုံးလုံးအဖွဲ့အား အမြဲသတိပေး ထိန်းကျောင်းပါတယ်လို့ ပြောသွားပါတယ်။ သပိတ်ခေါင်းဆောင်ကိုလွမ်းသူရဲ့ ဆွေးနွေးချက်ထဲမှာတော့ “ ဝန်ကြီးကတော့ ပြောတယ် သင်တန်းပေးနေပါတယ်ပေါ့ တကယ့်မြေပြင်မှာတော့ မြို့နယ်အဆင့်ကအစ ဒါတွေအပေါ် အာရုံမရှိပါဘူး ပွင့်ပွင့်လင်းလင်းပြောရရင် အခွန်ကောက်တာလောက် လူထုလှုပ်ရှားမှုအပေါ် အာရုံမရှိကြတော့ဘူး အဲ့ဒီအခွန်ကိုလည်း ပြန်လေ့လာကြည့်တဲ့အခါ ပြည်သူဆီမရောက်ပါဘူး” ဆိုကာ ဆွေးနွေးပါသည်။ အားနည်းချက်များရှိသည်ကို ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က ဝန်ခံခဲ့သလို ကြားကာလအုပ်ချုပ်ရေး တည်ဆောက်ဖို့ တော်လှန်ရေးလုပ်နေတာမဟုတ်ကြောင်း စနစ်ပြောင်းသွားဖို့တော်လှန်နေတာဖြစ်ကြောင်း ပြည်သူကိုဝန်ဆောင်မှုပေးရမှာ ဖြစ်ကြောင်း ထည့်သွင်းဆွေးနွေးပါတယ်။ ဆက်လက်၍ပြောကြားရာမှာ “ အခွန်ကိစ္စဆွေးနွေးတိုင်း အခွန်ဘာလို့ ကောက်ချင်နေတာလဲလို့ ကျနော် အမြဲမေးတယ် ဘာဖြစ်လို့အခွန်နဲ့ပက်သက်တဲ့ကဏ္ဍတွေကို တိုးချဲ့ကောက်ချင်နေတာလဲ အခွန်တခုကောက်တယ်ဆိုတာက တာဝန်ယူမှု တာဝန်ခံမှုရှိရတယ် ကိုယ်က ခေါင်းစဉ်တခုနဲ့ အခွန်တခုကောက်လိုက်တယ် ဆိုပါတော့ နော် အဲ့ဒီခေါင်းစဉ်နဲ့ဆက်စပ်တဲ့ ဝန်ဆောင်မှုပေးဖို့ ကိုပါထည့်စဉ်းစားဖို့လိုတယ် အဲ့လိုမဟုတ်ဘဲ အခွန်အခွန်ပဲ တိုးကောက်ချင်နေတာမျိုးဖြစ်နေပြီးတော့ ပြန်ပြီးဝန်ဆောင်မှုပေးရမယ့်အပိုင်းမှာ အချိုးကျမှု ဘယ်လောက်ရှိမလဲဆိုတာ ခင်ဗျားတို့ အမြဲတွက်ဖို့လိုတယ်လို့ကျနော်ပြောတယ်။ အဲ့လိုမျိုးအချိုးကျမှုကို သေသေချာချာမတွက်ဘဲနဲ့ အခွန်ကောက်ချင်တာနဲ့ အခွန်ကဏ္ဍတိုးချဲ့ဖို့ Tax Space ကို ချဲ့ဖို့ပဲ စဉ်းစားတာကအစပါ ကျနော်တို့ထိန်းကျောင်းပါတယ်။ ကျနော်တို့ ဒီနေ့ထိ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အခွန်ဆိုတာထက် ဒဏ်ကြေးတွေများပါတယ်။ လက်ရှိကောက်ခံနေတာက ဒဏ်ကြေးတွေအပေါ်မှာပဲ အဓိကဖြစ်တယ် ပုံမှန်ကျနော်တို့ အခွန်အနေနဲ့ကောက်ခံထားတာကတော့ များများစားစားမရှိဘူး” ဆိုကာ ပြန်လည်ဆွေးနွေးပြီး မြေပြင်လက်တွေ့အခြေအနေတွေကို သုံးသပ်ဆွေးနွေးခဲ့ကြသည်။
The post အခွန်ကောက်သူများကို ဝန်ကြီးသတိပေးနေ first appeared on Voice of Revolution Live News.