မာမာ ဒီနေ့တော့ ဟင်းချက်တဲ့ အခါမှာ ပိုနေတဲ့ အသီးအရွက်လေးတွေကို သီးရွက်စုံ သနပ်လေး လုပ်ဖြစ်ပါတယ်။
မာမာက အသားငါးထက် အသီးအရွက်ကို ပိုပြီးကြိုက်တဲ့အတွက် ဟင်းသီးဟင်းရွက် အသီးအနှံကို အမျိုးမျိုး လုပ်စားလေ့ ရှိပါတယ်။
အသီးအရွက် သနပ်လေးတွေ လုပ်တဲ့အခါမှာ မာမာသုံးတဲ့ ပဲနံ့သာစေ့ နဲ့ မုန့်ညှင်းစေ့တို့ မရနိူင်ပါက သနပ်မဆလာကို သုံးနိူင်ပါတယ်။
ဒါကြောင့်မို့လို့ ဒီနေ့တော့ မာမာပြင်ဆင်ပြီး ပြုလုပ်ထားပြီး စားလို့ကောင်းလွန်းတဲ့ သီးရွက်စုံသနပ် ပြုလုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ပဲပင်ပေါက် – 1oo g
- မျှစ်ပြုပ်ပြီးသား – 100 g
- ကင်းမုံသီး – 50 g
- ကြက်ဟင်းခါးသီး – 50 g
- ငရုတ်သီး အရောင်တင်မှုန့် – ထမင်းစားဇွန်း လေးဇွန်း
- ပဲနံ့သာစေ့ – လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- မုန်ညှင်းစေ့ – လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ပျဉ်းတော်သိမ်းရွက် – တစ်ခက်
- ကြက်သွန်ဖြူ – အမွှာကြီးကြီး ဆယ်မွှာ
- ငရုတ်သီးစိမ်း – ဆယ်တောင့်
- သံပုရာသီး – တစ်လုံး (သို့မဟုတ်)
- မန်ကျည်းသီးမှည့် – ထမင်းစားဇွန်း တစ်ဇွန်းခွဲစာ
- ဆား – လက်ဖက်ရည်ဇွန်း ဇွန်းတဝက် (အရသာအတွက်သုံးရ်)
- အရသာမှုန့် – လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
- ဆီ – လိုသလောက် သုံးပေးပါ
- ဆား – ထမင်းစားဇွန်း တစ်ဝက်သာသာ (ကင်းမုံသီးဆေးရန်)
ပြင်ဆင်ပြုလုပ်ပုံ
- ပဲပင်ပေါက်ကို ရေစစ်ပြီး ရေစစ်ထားပါ
- မျှစ်ပြုပ်ပြီးသားကို ရေဆေးပြီး ရေစစ်ထားပါ
- ကင်းမုံသီးကို ထက်ဝက်ခြမ်းကာ ဆားနဲ့နယ်ပြီး ရေနှင့်လေးထပ်လောက်ဆေးကာ ရေစစ်ထားပါ
- ကြက်ဟင်းခါးသီးကို မလိုသော အစေ့များကို ဖယ်ကာ ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
- ပဲနံသာစေ့နှင့် မုန်ညင်းစေ့ကိုလှော်ပြီး ကြိတ်ထားပါ
- ပျဉ်းတော်သိမ်းရွက်ကို ရေဆေးပြီး ရေစစ်ကာ အရွက်ခြွေထားပါ
- ငရုတ်သီးစိမ်းကို ရေဆေးပြီး အညှာခြွေကာ ရေစစ်ထားပါ
- ကြက်သွန်ဖြူကို အခွံခွါပြီး ရေဆေးကာ ရေစစ်ထားပါ
- သံပုရာသီး သုံးမယ်ဆိုပါက ရေဆေးပြီး ထက်ဝက်ခြမ်းထားပါ (သို့မဟုတ်)
- မန်ကျည်းသီးမှည့်ကို သုံးမယ်ဆိုပါက ရေဆေးပြီး ရေနွေးပူပူနှင့် စိမ်ထားပါ
- အားလုံးအသင့် ဖြစ်ပါက အိုးထဲတွင် ဆီထည့်ပြီး အပူပေးပါ
- ဆီပူလာပါက မီးအနည်းငယ်လျှော့ပြီး အရောင်တင်မှုန့် ပျဉ်းတော်သိမ်းရွက်နှင့် ပဲနံသာစေ့ မုန်ညင်းစေ့အမှုန့်တို့ကို ထည့်ပေးပြီး ဆီသပ်ပေးပါ
- ဆီသပ်နံ့ မွေးလာပါက ပဲပင်ပေါက် မျှစ် ကင်းမုံသီးနှင့် ကြက်ဟင်းခါးသီးတို့ ထည့်ပေးပြီးတာနဲ့ အရသာမှုန့်နှင့် ဆားထည့်ပြီး သမအောင် မွှေပေးကာ ချက်ပေးပါ
- အရသာ သမသွားပါက မန်ကျည်း မှည့်ရည် (သို့) သံပုရာရည် ထည့်ပြီး ချက်ပေးပါ
- အရသာ သမသွားကာ ရေခရေးပြီး ဆီပြန်အောင် ချက်ပေးပါ
- ပြီးတော့မှ ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းကို ထည့်မွှေပေးကာ အရသာ မြည်းပေးပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
- ဆီပြန်လာပါက မီးပိတ်ပေးပြီး မီးဖိုပေါ်မှ ဖယ်ပေးကာ အအေးခံထားပါ
- လုံးဝအေးသွားလျှင် သန့်ရှင်းခြောက်သွေ့သော ပုလင်းထဲမှာ ထည့်ပေးကာ အဖုံးလုံအောင် ပိတ်ပေးကာ ရေခဲသေတ္တာထဲတွင် သိမ်းဆည်းထားပါ
- မိမိ စားသုံးလိုပါက ဇွန်းသန့်သန့်ဖြင့် ခပ်ယူကာ စားသုံးပါက သုံးလခန့် သိမ်းဆည်းထားနိုင်ပါတယ်
- သီးရွက်စုံ သနပ်လေးကို ထမင်းဖြူနှင့် တွဲဖက်ကာ မိမိနှစ်သက်သလို စားသုံးနိူင်ပါပြီ။