ylliX - Online Advertising Network

တောင်ကုတ်မြို့ပေါ်ရှိ စစ်စခန်းကြီး ၃ ခုကို တပြိုင်နက် AA ထိုးစစ်ဆင်


ရခိုင်ပြည်နယ် တောင်ကုတ်မြို့ကို ထိန်းချုပ်လိုက်ပြီးနောက်  မြို့အခြေစိုက် အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ -၅) နှင့် လက်အောက်ခံ ခြေမြန်တပ်ရင်းများဖြစ်သော ခမရ ၃၄၆၊ ၅၄၄၊ စခန်းများကို တစ်ပြိုင်နက်တည်း တိုက်ခိုက်နေကြောင်း အာရက္ခတပ်တော် (AA) က ယနေ့ (နိုဝင်ဘာ ၂၉ ရက်) တွင်  ထုတ်ပြန်သည်။ 

နိုဝင်ဘာ ၄ ရက် မှ ၂၀ ရက်အထိ ၁၇ ရက်ကြာ ထိုးစစ်အတွင်း တောင်ကုတ်မြို့ ပြင်ပရှိ စစ်စခန်းများ သိမ်းပိုက်ရရှိခဲ့ပြီး တောင်ကုတ်မြို့တစ်ခုလုံးကို နိုဝင်ဘာ၂၄ ရက်တွင် အလုံးစုံထိန်းချုပ်ထားနိုင် ခဲ့ခြင်းဖြစ်သည်ဟု  AA က ဆိုသည်။

တောင်ကုတ်မြို့ပြင်ပရှိ တောင်ကုတ်တက္ကသိုလ် မောင်းတံဂိတ် နှင့် ရာဘာခြံ ရှိ စစ်ကောင်စီ၏ စခန်း များ၊ တောင်ကုတ်တက္ကသိုလ်ကျောင်းဝင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ အာလိမ်ငါးဆင့်ဘုရားကုန်း၌ တပ်စွဲထားသော စစ်ကောင်စီ၏စခန်း၊ ဖုန်ညိုရွာနှင့် ဘုန်းကြီးကျောင်းအနီး တောင်ကုန်းအပါအဝင် ဖုန်ညိုတံတား အနီးပတ်ဝန်းကျင်၌ တပ်စွဲထားသော စခန်းများ၊ မြို့အဝင် စကခ -၅ တပ်မဌာနချုပ် ဂိတ်စခန်း၊ သိမ်တောင်ရပ်ကွက် ဆုတောင်းပြည့်ဘုန်းကြီးကျောင်း ရှိ စခန်း၊ ကြိုးကြာကွင်းဂိတ်စခန်း၊ ကိုင်းရှည်တံတားထိပ်ရှိ စစ်စခန်း၊ သီရိဆေးရုံ ဂုဏ်နေဒေါက်ကျင်း ရှိ စခန်းနှင့်တောင်ကုတ်မြို့မ ရဲစခန်းတို့အား  AA က သိမ်းပိုက်ရရှိပြီးဖြစ်သည်။ 

တောင်ကုတ်မြို့ ကံပိုင်ရပ်ကွက်တွင် အမှတ် (၅)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ -၅) အခြေစိုက် ပြီး ခမရ ၃၄၆၊ ၅၄၄ တို့ရှိကာ လက်ကျန် ထို ၃ တပ်သည် တစ်ဆက်တည်း တည်ရှိသည်။ 

သိမ်းပိုက်ရလုနီး နီးစပ်နေပြီဟု ကြေညာထားသော ၄ မြို့အနက် တောင်ကုတ်မြို့အတွင်းသို့ AA တပ်ဖွဲ့ဝင်များ  ပြီးခဲ့သည့် နိုဝင်ဘာ ၂၁ ရက်က တည်းက ဝင်ရောက်ထိန်းချုပ်ထားပြီ ဖြစ်ပြီး မြို့ခံများကို ဘေးလွတ်ရာတိမ်းရှောင်ခိုင်းခဲ့သည်။ 

“(နိုဝင်ဘာ ၂၁) ညကတည်းက အကုန်လုံး ထုတ်ထားလိုက်ပြီ။ လူဦးရေ ၈၀၀ လောက်ရှိမယ်” ဟု ဒေသခံ အမျိုးသားတစ်ဦးက ထိုနေ့က ပြောထားသည်။

နောက်တစ်နေ့တွင် တောင်ကုတ်မြို့မှ လူ ၁၀၀ ခန့်ကိုလည်း AA က ဘေးလွတ်ရာတိမ်းရှောင်ခိုင်းခဲ့ သည်ဟုလည်း အထက်ပါ ဒေသခံကဆိုသည်။

AA ၏ ယနေ့ ထုတ်ပြန်ချက်တွင်လည်း တောင်ကုတ်မြို့ပြင်၊ မြို့အတွင်းမှ ဒေသခံများကို ဘေးလွတ် ရာ ရွှေ့ပြောင်းကြရန် တိုက်တွန်းထားပြီး အများစုကိုလည်း တိုက်ပွဲနှင့်ကင်းလွတ်ရာနေရာများသို့ ရွှေ့ပြောင်းထားခဲ့ပြီးဖြစ်သည်ဟု ဖော်ပြထားသည်။ 

တောင်ကုတ်မြို့နယ်တွင် တောင်ကုတ်နှင့်မအီမြို့တို့ရှိကြပြီး တောင်ကုတ်မြို့ပေါ်တွင် ချောင်းကောက်၊ ဂူတာ၊ ကံပိုင်၊ သိမ်တောင်၊ ကိုင်းရှည် စသော ၅ ရပ်ကွက်ရှိသည်။ ၂၀၁၉ ခု စက်တင်ဘာအထိ အစိုးရ စာရင်းများအရ နှစ်မြို့ပေါင်း လူဦးရေ တစ်သိန်းခွဲကျော် နေထိုင်ကြသည်။

AA သည် မြို့တွင်း ဝင်ရောက်ကာ ပန်းမြောက်တောင်၊ တက္ကသိုလ် မောင်းတံဂိတ်၊  အာလိမ်ငါးဆင့်ကုန်းရှိ စစ်ကောင်စီတပ်များကို နိုဝင်ဘာ တတိယပတ်ကတည်းက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟု အထက်ပါ ဒေသခံက ဆိုထားသည်။ 

စစ်ကောင်စီတပ်နှင့် တိုက်ပွဲများ ပြင်းထန်နေသဖြင့် လေကြောင်းဗုံးကြဲမှုများကြောင့် မြို့တွင်း လူနေ ရပ်ကွက်တချို့ ထိခိုက်ပျက်စီးခဲ့သည်ဟု သိရသည်။ 

တိုက်ပွဲများ ပြင်းထန်ခဲ့သည့် တောင်ကုတ်မြို့ သိမ်တောင်ရပ်ကွက်၊ ကိုင်းရှည်ရပ်ကွက်၊ ဒုံရွာတို့တွင် နေအိမ်အများအပြား မီးလောင်ပျက်စီးထားကြောင်း သိရသည်။ 

“ ရွှေတောင်ရေခဲစက် (သိမ်တောင်ရပ်ကွက်) အနီးမှာ မီးလောင်တာ ၁၇ အိမ်လောက်ရှိတယ်၊ လက်နက် ကြီး ထိပြီးတော့။  လက်နက်ကြီးနဲ့ Y-12 ဂျက်ဖိုက်တာနဲ့ ဗုံးကြဲလို့မီးလောင်တာရှိတယ်” ဟု အထက်ပါ အမျိုးသားက နိုဝင်ဘာ ၂၂ ရက်က ပြောထားသည်။

ရခိုင်ပြည်နယ်အတွင်း တယ်လီဖုန်းနှင့်အင်တာနက်လိုင်းများ ဖြတ်တောက်ထားသဖြင့် ဆက်သွယ်ရ ခက်ခဲနေသည်။ 



အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို ထိုးစစ်ဆင်နေသည့် AA သည် တောင်ကုတ် နှင့် ဂွမြို့နယ်များကို တပြိုင်နက် တိုက်ခိုက်နေရာ တောင်ကုတ်မြို့နယ်တွင် အောက်တိုဘာလမှ စတင် ၍ တိုက်ပွဲများ ပြင်းထန်လာခြင်း ဖြစ်သည်။ မြို့သိမ်းတိုက်ပွဲကို နိုဝင်ဘာ ၄ ရက်မှ စတင်ကာ ထိုးစစ် ဆင်ခဲ့သည်။

မြို့ခံများ တိမ်းရှောင်သွားသည့် တောင်ကုတ်မြို့အတွင်း နေအိမ်များကို ဖောက်ထွင်းခိုးယူသူများကို ဖမ်းဆီးရမိထားကြောင်း ၊ ပစ္စည်းများကို သိမ်းဆည်းထားကြောင်း AA က ပြောသည်။

နယ်စပ်ကုန်သွယ်ရေးမြို့ မောင်တောတွင်လည်း အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ-၅) သာ ကျန်တော့ပြီး ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်ဟု AA က ဆိုသည်။ 

အမ်းတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အခြေစိုက်ပြီး ခမရ ၃၇၁၊ ၃၇၂၊ ၃၇၃၊ ကျောက်ဖြူ မြို့တွင် ခမရ ၅၄၂၊ ၅၄၃၊ ဂွမြို့ တွင် ခမရ ၅၆၂၊ ၅၆၃တို့ ရှိကြသည်။

၂၀၂၃ နိုဝင်ဘာ ၁၃ ရက်မှ စတင်သည့် တစ်နှစ်တာစစ်ဆင်ရေးအတွင်း ရခိုင်ပြည်နယ် မြို့နယ်အများ အပြားကို သိမ်းပိုက်နိုင်ခဲ့ပြီး တစ်ပြိုင်နက်ထိုးစစ်ဆင်နေသည့် အထက်ပါမြို့နယ် ၄ ခုကိုလည်း  ရလုနီးပါးဖြစ်နေပြီဟု အာရက္ခတပ်တော် (AA) ၏ ပြန်ကြားရေးတာဝန်ခံက နိုဝင်ဘာ ၁၃ ရက်က ပြောထားသည်။ 

“ တချို့ မြို့နယ်တွေဆိုရင် ၉၅ ရာခိုင်နှုန်း သိမ်းပိုက်ထားတယ်။ တချို့ဆိုရင်တော့ ၉၀ ရာခိုင်နှုန်း အထက်ပေါ့နော်။ အဲ့လိုသိမ်းပိုက်ထားတဲ့ မြို့နယ်တွေ။ အဲ့မှာ ၄ မြို့နယ်ဗျ” ဟု ၎င်းက ဆိုသည်။ 

ရခိုင်တိုက်ပွဲအတွင်း စစ်ကောင်စီသည် အရှုံးနှင့်ရင်ဆိုင်နေရကာ မြေပုံ၊ မင်းပြား၊ မြောက်ဦး ၊ ကျောက် တော်၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ရမ်းဗြဲ၊ သံတွဲ နှင့်  ချင်းပြည်နယ် ပလက်ဝမြို့တို့ကို လက်လွှတ်ထားရသည်။

ရေနက်ဆိပ်ကမ်း တည်ဆောက်ရန် ပြင်ဆင်နေသော ကျောက်ဖြူမြို့၊ ပြည်နယ်မြို့တော် စစ်တွေနှင့် မာန်အောင်မြို့တို့ တွင် AA ထိုးစစ် မရှိသေးပေ။

တောင်ကုတ်မြို့မြေပုံ။





Source link

Leave a Reply

Your email address will not be published. Required fields are marked *