ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ ဖမ်းဝရမ်းထုတ်ဖို့တောင်းဆိုချက်ကို တရားသူကြီးတွေက ဆုံးဖြတ်ရတော့မှာပါ။ ရုံးတော်ကိုလျှောက်ထားချက်တွေဟာ ပိုင်နိုင်ခိုင်လုံတဲ့စွဲချက်တွေဖြစ်ကြောင်းသိရပြီး နောက်ထပ် စွဲချက်တွေလည်း ထပ်လာဦးမယ်လို့ ရှေ့နေချုပ်ကဆိုထားပါတယ်။ စနစ်တကျအချိန်ယူပြင်ဆင်ထားတဲ့ စွဲချက်တွေဖြစ်လို့ တရားသူကြီးတွေဘက်က ဒီဖမ်းဝရမ်းလျှောက်ထားချက်ကို ပယ်ချမှာမဟုတ်ဘူးလို့လည်း သတင်းများက ဆိုပါတယ်။ ဒီသတင်းတွေဟာ ကမ္ဘာ့မီဒီယာတွေပေါ်မှာလည်းလူပြောသူပြောလည်း များခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရပြောတာကတော့ ဖမ်းဝရမ်းထုတ်ဖို့ လျှောက်ထားမှုဟာ လူနည်းစု ရိုဟင်ဂျာတွေအပေါ် ရက်ရက်စက်စက် ဖိနှိပ်နေတဲ့ စစ်တပ်ဆီက တရားမျှတမှု ပြန်တောင်းယူဖို့ အရေးပါတဲ့ ခြေလှမ်းတစ်ခုဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။ ဒီသဘောထားအမြင်ကို ဘင်္ဂလားဒေ့ရှ် ယာယီ အစိုးရရဲ့ ရိုဟင်ဂျာအရေး အဆင့်မြင့် ကိုယ်စားလှယ် ခါလီလူရာမန်က နိုဝင်ဘာ ၂၇ ရက်နေ့မှာ ထုတ်ပြန်လိုက်တာပါ။ ဖမ်းဝရမ်းထုတ်ဖို့ ပြင်ဆင်နေခြင်းဟာ တရားမျှတမှုပြန်ရဖို့ ပြတ်သားတဲ့ခြေလှမ်းတရပ်ဖြစ်လာမယ်လို့ ယူဆကြောင်း သူကဆိုပါတယ်။ အကြမ်းဖက်အုပ်စုအနေနဲ့ အဓိကမှီခိုအားကိုးနေရတဲ့ မြန်မာ့အိမ်နီးချင်းတရုတ်ကတော့ မင်းအောင်လှိုင်ကိုဖမ်းဝရမ်းစဉ်းစားတာနဲ့ပက်သက်ပြီး နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC)ဟာ အမြော်အမြင်ရှိဖို့လိုတယ်လို့ ပြောလိုက်ပါတယ်။ တရုတ်ဟာ စစ်ခေါင်းဆောင်ကို အကူအညီပေးနေသူဖြစ်သလို အကာအကွယ်ပေးဖို့ ဆန္ဒရှိနေတာဖြစ်ပြီး ပြီးခဲ့တဲ့ယူနန်ပြည်နယ် အစည်းအဝေးမှာ မင်းအောင်လှိုင်ကိုတက်ခွင့်ပေးခဲ့တာကြောင့် မြန်မာပြည်သူတွေက ဒေါသထွက်ခဲ့ပါတယ်။ “ကုလသမဂ္ဂလုံခြုံရေးကောင်စီက အမှုကိုလွှဲပြောင်းပေးတာမဟုတ်ရင် ရောမဥပဒေ စာချုပ်မှာ လက်မှတ် မထိုးထားတဲ့နိုင်ငံ နဲ့နယ်မြေတွေအပေါ် တရားရုံးက စီရင်ပိုင်ခွင့်မရှိပါဘူး”လို့ တရုတ်နိုင်ငံခြားရေးပြောခွင့်ရ Mao Ning က နိုဝင်ဘာ ၂၈ ရက်နေ့မှာ ဒီကိစ္စကိုထုတ်ပြောခဲ့ပါတယ်။ ICCရဲ့ တရားလို ရှေ့နေဖြစ်သူက ရိုဟင်ဂျာတွေအပေါ် စစ်တပ်ရဲ့ ရက်စက်မှုဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု မြောက်တဲ့အဆင့်မျိုးလို့ ယုံကြည်တာကြောင့် ခုလိုဖမ်းဝရမ်းထုတ်ဖို့ တောင်းဆိုကြောင်း ကြေငြာထားပါတယ်။ ဒါကိုတရုတ်ဘက်ကအခုလို ဝေဖန်သွားတာပါ။ ရိုဟင်ဂျာဒုက္ခသည်တွေကိုလက်ခံထားရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ အကြမ်းဖက်စစ်တပ်က အားကိုးတဲ့ တရုတ်တို့အပြင် နိုင်ငံတကာကလည်း ဒီသတင်းအပေါ်မှာ အာရုံစိုက်ခဲ့ကြပါတယ်။ Rueters၊(ရိုက်တာ) New York Times၊ Straits Times (စထရိတ်တိုင်းမ်) စတဲ့ ကမ္ဘာ့သတင်းဌာနတွေမှာ မင်းအောင်လှိုင်ဖမ်းဝရမ်းသတင်းနဲ့ပက်သက်ပြီး မင်းအောင်လှိုင်ရဲ့ရက်စက်မှုတွေကို သိရှိနိုင်ဖို့ အကျယ်တဝင့် ဆောင်းပါးများ ရေးခဲ့ကြပါတယ်။ ICC ဟာ အင်အားကြီးနိုင်ငံခေါင်းဆောင်တွေဖြစ်တဲ့ ရုရှသမ္မတ ပူတင်၊ မကြာသေးခင်ကဆိုရင် အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟု တို့ကိုလည်းဖမ်းဝရမ်းထုတ်ထားတာဖြစ်လို့ မင်းအောင်လှိုင်ရဲ့ ဖမ်းဝရမ်းသတင်းအပေါ်မှာ စိတ်ဝင်စားမှုမြင့်တက်ခဲ့တာ ဖြစ်ပါတယ်။ Straits Time သတင်းဌာနကတော့ မြန်မာပြည်အာဏာသိမ်းခေါင်းဆောင်အဖြစ် မင်းအောင်လှိုင်အကြောင်းဖော်ပြကာ သူ့ရဲ့ရက်စက်မှုတွေကြောင့် ပြည်သူ ၅၀၀၀ ကျော်သေဆုံးခဲ့ရခြင်း ၊ ၃ သန်းကျော်နေရပ်စွန့်ခွာထွက်ပြေးနေရခြင်းတွေကိုလည်း ဖော်ပြခဲ့ကြပါတယ်။ မင်းအောင်လှိုင်ရဲ့ဖမ်းဝရမ်းသတင်းနဲ့ပက်သက်ပြီး ကုလသမဂ္ဂကျွမ်းကျင်သူတွေနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ(SAC-M)ကတော့ ကြိုဆိုကြောင်း ပြောပါတယ်။ ICC တရားသူကြီးတွေအနေနဲ့ မြန်မြန်ဆန်ဆန်ထောက်ခံအတည်ပြုပြီး စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ဖို့ နဲ့ နောက်ဆက်တွဲ လျှောက်ထားမှုတွေ လုပ်ဆောင်ဖို့လည်း အထူးအကြံပေးကောင်စီက တောင်းဆိုထားပါသေးတယ်။ လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ Fortify Rights (ဖော်တီဖိုင်းရိုက်) ကလည်း ဒါဟာ “အချိန်အတော်အကြာစောင့်ဆိုင်းပြီးမှ ဒီအရာဖြစ်လာတာက ရိုဟင်ဂျာအသိုင်းအဝိုင်းနဲ့မြန်မာပြည်သူတွေအ တွက် မှတ်ကျောက်တင်လောက်တဲ့ခြေလှမ်းတစ်ခုဖြစ်ပါတယ်” လို့ Fortify Rights အဖွဲ့ရဲ့ လူ့အခွင့်အရေးစုံစမ်း စစ်ဆေးမှုအထူးတာဝန်ခံ ဦးဇော်ဝင်းက ပြောပါတယ်။ တော်လှန်ရေးအစိုးရဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရကတော့ “ စစ်အုပ်စုက ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုအားလုံးနဲ့ပတ်သက်လို့ တရားမျှတမှု ဖော်ဆောင်နိုင်ဖို့ ICC တရားရုံးအပါအဝင် နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ အတိအလင်းကြေညာထားပြီးပါပြီ ။ ICC အဖွဲ့ဝင်နိုင်ငံဖြစ်ရေး Rome Statue(ရောမဥပဒေသ)ကိုလည်း လက်မှတ်ရေးထိုးမယ်လို့အတိအလင်းကြေညာထားပြီး ဖြစ်ပါတယ်။ အိုင်စီစီတရားသူကြီးတွေကသာ ဖမ်းဝရမ်းထုတ်လိုက်မယ်ဆိုရင်တော့ အဖွဲ့ဝင် နိုင်ငံတွေရဲ့ ပိုင်နက်ထဲ မင်းအောင်လှိုင် ရောက်ရှိတဲ့အချိန်မှာ ဖမ်းဆီးလိုက်ဖို့ ICC အနေနဲ့ အိမ်ရှင်နိုင်ငံ ရဲတပ်ဖွဲ့ကို အကူအညီ တောင်းခံခွင့် ရှိပါတယ်။ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့ကတော့ ICC မှာ အဖွဲ့ဝင်အဖြစ် လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံများမဟုတ်ကြပါဘူး။ အကြမ်းဖက်စစ်ကောင်စီဘက်ကလည်း ICC ရဲ့ ထုတ်ပြန်ပြောဆိုချက်တွေကို အသိအမှတ်မပြုပါဘူးလို့ ပြန်လည်တုံ့ပြန်ထားပါသည်။