အနာဂတ်တွင် လျှပ်စစ်ရထားပြေးဆွဲနိုင်ရေးကို မလွဲမသွေ လုပ်ဆောင်ရမည်ဖြစ်သည့်အတွက် လိုအပ်သည့်ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ စက်ခေါင်းနှင့်တွဲများ တည်ဆောက်ရေးကို ပြည်တွင်း၌ပင် ထုတ်လုပ်တည်ဆောက်နိုင်ရေးနှင့် သုတေသနပြုနည်းပညာများမှတစ်ဆင့် တီထွင်ဆန်းသစ်မှုများ ဆောင်ရွက်လျက်ရှိသည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ ၂၉ ရက်၊ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ၊ ရန်ကုန်ဘူတာကြီး၌ကျင်းပပြုလုပ်သည့် ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတွင် ခေတ်မီ Diesel Electric Multiple Unit (DEMU) ရထားတွဲဆိုင်းအသစ်များဖြင့် စတင်ပြေးဆွဲခြင်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော် အစိုးရအနေဖြင့် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးနေသကဲ့သို့ မိဘပြည်သူများအနေဖြင့်လည်း စည်းကမ်းတကျ လိုက်နာစီးနင်းပြီး ရထားလမ်းပိုင်းများနှင့်ဘူတာများ သန့်ရှင်းသပ်ရပ်ရေး ဝိုင်းဝန်းဆောင်ရွက် ပေးကြရန်လိုကြောင်းနှင့် မီးရထားလမ်းပန်းဆက်သွယ်ရေးလုံခြုံမှု ပိုမိုကောင်းမွန်လာ စေရေးအတွက် ပြည်သူလူထုကပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်းလည်း သိရသည်။