ဆိုရီရေးစစ်ဆိုတာက autoimmune ရောဂါ တစ်ခုဖြစ်သလို နာတာရှည်အရေပြား ကျန်းမာရေးပြဿနာ တစ်ခုပါ။ ဆိုရီရေးစစ်က အရမ်းပြင်းထန်မယ်ဆိုရင် သေချာလေး ကုသမှု ခံယူဖို့ လိုအပ်တယ်ဆိုပေမယ့် အရမ်းမပြင်းထန်တာမျိုးဆိုရင်တော့ နေအိမ်မှာပဲ သေချာလေး ဂရုစိုက်ပေးရုံနဲ့ နေ့စဉ်ဘဝမှာ ထိခိုက်မှု ကင်းကင်းနဲ့ လုပ်ငန်းတွေကို ဂရုစိုက်နိုင်မှာပါ။
ဒီနေရာမှာ အရေးကြီးတာလေး တစ်ခုက ကိုယ်တိုင်ရဲ့ လက္ခဏာတွေကိုလည်း သေချာလေး သိဖို့လိုပါမယ်။
နေအိမ်မှာပဲ ဆိုရီရေးစစ် သက်သာစေဖို့ ဘယ်လိုလုပ်မလဲ!
ဆိုရီရေးစစ်ဆိုတာက နာတာရှည် အရေပြားပြဿနာတစ်ရပ်ဖြစ်သလို မကြာခဏဆိုသလို ပြန်လည်ခံစားရနိုင်တဲ့ autoimmune disorder တစ်ခုပါ။
လက္ခဏာ အနေနဲ့ မြင်သာအောင် ပြောပြရရင် အရေပြားမှာ ပန်းရောင် ဒါမှမဟုတ် အနီရောင်လေးတွေ ဖြစ်ပြီး အဖြူဖတ်ဖတ်လေးတွေ အရေပြားကွာတာမျိုး ရှိနိုင်ပါတယ်။ အသားညိုတဲ့သူတွေမှာဆိုရင်တော့ ခရမ်းရောင်ရင့်ရင့် ဒါမှမဟုတ် အညိုရောင်အရေပြားအဖက်လန်တာမျိုးတွေ ရှိနိုင်ပါတယ်။
ဆိုရီရေးစစ်က အရေပြားပေါ်မှာ ဖြစ်တဲ့ ကျန်းမာရေးပြဿနာ ဆိုပေမယ့် တကယ်ကတော့ ခန္ဓာကိုယ်အတွင်းပိုင်း ကိုယ်ခံအားကနေ စလာတဲ့ ပြဿနာ တစ်ခုပါ။ ဆိုရိရေးစစ် ရှိနေသူတွေမှာ ကိုယ်တွင်းက သွေးဖြူဥဆဲလ်တစ်မျိုးဖြစ်တဲ့ T-cell တွေ overactive ဖြစ်လာပြီး ကိုယ်ခံအားဆဲလ် အချင်းချင်း မှားယွင်းတိုက်ခိုက်မှု ဖြစ်စဉ်ကြောင့် အရေပြားမှာ ရောင်ရမ်းမှုတွေ ဖြစ်လာရတာပါ။
ဆိုရီရေးစစ်ကို ပျောက်ကင်းအောင် ကုသနိုင်တဲ့ နည်းလမ်း မရှိပေမယ့် သက်သာအောင် လုပ်ဆောင်လို့ ရတဲ့ နည်းလမ်းလေးတွေတော့ ရှိပါတယ်။
ဆိုရီရေးစစ်ကို သက်သာစေဖို့ ဘယ်လိုဖြေရှင်းရမလဲဆိုတာကို ဆက်ပြီး ပြောပြပေးသွားပါမယ်။
- ဖြည့်စွက် အာဟာရတွေ မှီဝဲပါ
ဖြည့်စွက် အာဟာရေတွေကလည်း ဆိုရီရေးစစ်လက္ခဏာတွေကို သက်သာစေနိုင်စွမ်း ရှိပါတယ်။ ဘယ်လို ဖြည့်စွက် အာဟာရတွေလဲဆိုတော့ ငါးကြီးဆီ၊ ဗီတာမင် D၊ ရှားစောင်းလက်ပပ်၊ evening primrose oil စတာတွေကလည်း ဆိုရီရေးစစ် လက္ခဏာတွေကို သက်သာစေနိုင်ပါတယ်။
ဒီနေရာမှာ သတိထားရမှာ တစ်ခုက ဖြည့်စွက်အာဟာရတွေကို မမှီဝဲခင် ဆရာဝန်နဲ့ သေချာလေး တိုင်ပင်ပြီး ကိုယ်တိုင်နဲ့ သင့်တော်မယ့် ဖြည့်စွက်အာဟာရကို သေချာလေး မှီဝဲဖို့ လိုပါမယ်။
- အသားခြောက်တာကို သေချာလေး ကာကွယ်ပါ
နေအိမ် ဒါမှမဟုတ် ရုံးခန်းထဲမှာ အစိုဓာတ် ထိန်းစက်လေး ဖွင့်ထားပြီး အသားအရေကို ခြောက်သွေ့မှု ကင်းအောင် သေချာလေး ဂရုစိုက်ပေးပါ။ အစိုဓာတ်ထိန်းတာက အသားအရေကို ဆိုရီရေးစစ် အပါအဝင် အမျိုးမျိုးသော အရေပြားပြဿနာတွေကနေ အတိုင်းအတာ တစ်ခုအထိ ကာကွယ်ပေးနိုင်မှာပါ။
- ရှားစောင်းလက်ပပ်
ဆိုရီရေးစစ် ရှိတဲ့ နေရာတွေကို ရှားစောင်းလက်ပပ်ဂျယ်လီသားလေးနဲ့ ပွတ်ပေးတာ ရှားစောင်းဂျယ်လီသားလေးနဲ့ ကပ်ထားပေးတာတွေက နီမြန်းရောင်ရမ်းတာ၊ နာကျင်တာ၊ ယားယံတာတွေကို သက်သာစေနိုင်ပါတယ်။ အချို့တွေမှာဆိုရင် ဆိုရီရေးစစ်က အနည်းငယ် သက်သာလာတာကို တွေ့ရပါတယ်။
- အမွှေးနံ့ပြင်းတာတွေကို ရှောင်ပါ
အမွှေးနံ့ပြင်းတဲ့ ဆပ်ပြာတွေ ရေချိုးဆပ်ပြာရည်နဲ့ အခြားသော ဓာတုပစ္စည်းတွေ ပါဝင်နေတဲ့ အရာတွေက အသားအရေကို ခြောက်သွေ့ပြီး ဆိုရီရေးစစ်ကို ပိုဆိုးစေနိုင်ပါတယ်။ အမွှေးနံ့ပြင်းတဲ့ အသုံးအဆောင်တွေက ဆိုရီရေးစစ်ကြောင့်ရောင်ရမ်းမှုကို ပိုဆိုးစေနိုင်ပါတယ်။
- ကျန်းမာရေးနဲ့ ညီညွတ်အောင် စားပါ
နေ့စဉ် စားသုံးမှုမှာ အာဟာရ ပြည့်ဝအောင် စားသုံးတာက ဆိုရီရေးစစ်လက္ခဏာတွေကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ နေ့စဉ် စားသုံးမှုမှာ အနီရောင် အသားတွေ၊ ပြည့်ဝဆီတွေ၊ ပြုပြင်သန့်စင်ထားတဲ့ သကြားတွေ၊ ကစီဓာတ်တွေနဲ့ အရက်စတာတွေကို တတ်နိုင်သမျှရှောင်တာက ဆိုရီရေးစစ်ကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
ပင်လယ်ငါး၊ အစေ့အဆန်တွေ၊ အခွံမာသီးတွေနဲ့ အိုမီဂါသရီးဖက်တီးအက်ဆစ် စတာတွေက ရောင်ရမ်းမှုကို သက်သာစေပြီး ဆိုရီရေးစစ်လက္ခဏာတွေကို သက်သာစေနိုင်မှာပါ။
သံလွင်ဆီကလည်း အသားအရေကို ကျန်းမာစေနိုင်သလို ဆိုရီရေးစစ်ကိုလည်း သက်သာစေနိုင်ပါတယ်။
- ရေနွေးစိမ်ပါ
ရေနွေးနွေးထဲမှာ Epsom salt၊ mineral oil နဲ့ နို့နဲ့ သံလွင်ဆီလိုမျိုး အရေပြားကို အားဖြည့်ပေးနိုင်မယ့် အရာတွေကို ထည့်ပြီး စိမ်ပေးတာကလည်း ဆိုရီရေးစစ်ကြောင့် ရောင်ရမ်းတာကို သက်သာစေနိုင်သလို အရေပြား အဖက်လန်တာတွေကိုလည်း သက်သာစေနိုင်ပါတယ်။ ရေနွေးစိမ်တဲ့အခါ အရေပြား ထိခိုက်မှု ကင်းစေဖို့အတွက် အရမ်းရေနွေးပူတာမျိုး မဖြစ်စေဖို့ ဂရုစိုက်ဖို့ လိုပါမယ်။
ရေနွေးစိမ်ပြီးချိန်မှာလည်း အစိုဓာတ်ထိန်းခရင်မ်လိမ်းဖို့ မမေ့ပါနဲ့။
- စိတ်ဖိစီးမှု လျှော့ပါ
နာတာရှည် ဆိုရီရေးစစ် ပြဿနာရဲ့ အဓိက အရင်းအမြစ်က စိတ်ဖိစီးမှုပါ။ စိတ်ဖိစီးမှုများတာက ဆိုရီရေးစစ် လက္ခဏာကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် ဆိုရီရေးစစ် ရှိနေမယ်ဆိုရင် စိတ်ဖိစီးမှုကို ပြေလျော့စေနိုင်မယ့် ယောဂ လေ့ကျင့်တာ၊ တရားထိုင်တာမျိုးတွေ လုပ်ဖို့ လိုပါမယ်။
- အရက်ရှောင်ပါ
အရက်နဲ့ အယ်လ်ကိုဟောပါတဲ့ သောက်စရာတွေက လူတော်တော်များများမှာ ဆိုရီရေးစစ်ကို ပိုဆိုးစေနိုင်တဲ့ အကြောင်းတရားတွေပါ။
၂၀၁၅ ခုနှစ်က လုပ်ဆောင်ခဲ့တဲ့ လေ့လာမှုတွေအရ အရက်သောက်တဲ့သူတွေ၊ ဘီယာသောက်တဲ့သူတွေမှာ အယ်လ်ကိုဟော လုံးဝ မသောက်သုံးသူတွေထက် ဆိုရီရေးစစ် ခံစားရနိုင်ခြေ ၂ ဆလောက် ပိုများနေတာကို တွေ့ရှိခဲ့ရပါတယ်။
- နနွင်း စားပေးပါ
နနွင်းက ဓာတ်မတည့်မှုတွေကို သက်သာစေနိုင်သလို ဆိုရီရေးစစ်ကိုလည်း သက်သာစေနိုင်ပါတယ်။ ဒါကြောင့် ဆိုရီရေးစစ်ရှိမယ်ဆိုရင် နေ့စဉ် စားသုံးမှုမှာ နနွင်းလေးကို နည်းနည်းစီလောက် ထည့်သွင်းစားသုံးပေးတာက နည်းလမ်းကောင်း တစ်ရပ်ပါ။
- ဆေးလိပ်ဖြတ်ပါ
ဆေးလိပ်ဖြတ်၊ ဆေးရွက်ကြီး သောက်သုံးမှုကို လျှော့ချတာက ဆိုရီရေးစစ် ဖြစ်နိုင်ခြေကို အတိုင်းအတာ တစ်ခုအထိ လျှော့ချနိုင်မှာပါ။ ဒါကြောင့် ဆိုရီရေးစစ်ဖြစ်နိုင်ခြေကို လျှော့ချဖို့ဆိုရင် ဆေးလိပ်ဖြတ်တာမျိုးကို လုပ်ဆောင်ဖို့ လိုပါမယ်။
- ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ
ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် ပိုများနေတာ၊ အဝလွန်နေတာက ဆိုရီရေးစစ် ဖြစ်နိုင်ခြေကို ပိုတိုးစေနိုင် ပါတယ်။ အဝလွန်တယ်ဆိုတာ ဆိုရီရေးစစ်ရဲ့ ပြင်းထန်တဲ့ လက္ခဏာ ဖြစ်သလို ကိုယ်အလေးချိန် များတာကလည်း ဆိုရီရေးစစ်ကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် ဆိုရီရေးစစ်ကို သက်သာချင်တယ်ဆိုရင်တော့ ကိုယ်အလေးချိန်ကို ထိန်းဖို့ လိုပါမယ်။
ကိုယ်အလေးချိန် ထိန်းဖို့ဆိုရင် နေ့စဉ်တိုင်းမှာ –
– ကိုယ်လက်လေ့ကျင့်ခန်း မှန်မှန်လုပ်ပါ
– ပြုပြင်ထားတဲ့ ကစီဓာတ်တွေကို ရှောင်ပါ
– အသီးအရွက်တွေနဲ့ ပရိုတင်း များများစားပါ
– ရေလုံလောက်အောင် သောက်ပါ
Lotoshinရဲ့ စကားလက်ဆောင်
ဆိုရီရေးစစ် လက္ခဏာတွေကို သက်သာစေဖို့ နည်းလမ်းကတစ်ခုတည်းတော့ မဟုတ်ပါဘူး။ သက်သာစေမယ့် နည်းလမ်းတွေကလည်း တစ်ယောက်မှာ အလုပ်ဖြစ်ပေမယ့် အခြားသူမှာ အလုပ်မဖြစ်တာမျိုးလည်း ရှိပါတယ်။
အချို့သော ကုသနည်းတွေက လက်ရှိခံစားနေရတဲ့ ဆိုရီရေးစစ် အခြေအနေတွေကို ပိုဆိုးစေတာလိုမျိုး ဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်ပါတယ်။
အချို့သော ကုထုံးတွေကတော့ အရမ်းမပြင်းထန်တဲ့ ဆိုရီရေးစစ် လက္ခဏာတွေကို သက်သာစေနိုင်ပါတယ်။ ဆိုရီရေးစစ် လက္ခဏာတွေက ပြင်းထန်မယ်ဆိုရင်တော့ ဆရာဝန်နဲ့ သေချာလေး ကုသမှု ခံယူဖို့ လိုပါမယ်။
ဆိုရီရေးစစ် ခံစားနေရသူတွေမှာ ဆိုရီရေးစစ် လေးဖက်နာ ကျန်းမာရေးပြဿနာကို ခံစားရနိုင်သလို ဦးရေပြားနဲ့ ခြေသည်းလက်သည်းတွေမှာလည်း ခံစားရနိုင်ပါတယ်။ ဆိုရိရေးစစ်ကြောင့် ဖြစ်တဲ့ အဆစ်တွေရောင်ရမ်းတာကို ခ့စားနေရပြီဆိုရင်တော့ အဆစ်တွေရောင်တာ၊ အဆစ်တွေ တောင့်တင်းတာ၊ အဆစ်တွေ နာကျင်တာမျိုးကို ခံစားရနိုင်ပါတယ်။ ဆိုရီရေးစစ်က ပိုပြန့်လာတာမျိုး၊ ပိုပြင်းထန်လာတာမျိုး ဖြစ်မယ်ဆိုရင်တော့ ဆရာဝန်နဲ့ သေချာလေး ပြသပြီး ကုသမှု ခံယူတာ အကောင်းဆုံး ဖြစ်မှာပါ။
ဆိုရီရေးစစ်က lymphoma၊ နှလုံးရောဂါ၊ ဆီးချိုနဲ့ သွေးတိုးလိုမျိုး အခြားသော ကျန်းမာရေးပြဿနာတွေနဲ့ လည်း ဆက်စပ်နေနိုင်ပါသေးတယ်။ ဆိုရီရေးစစ်ကြောင့် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ခံစားနိုင်ခြေကို လျှော့ချဖို့ဆိုရင် ဆိုရီရေးစစ်ကို သေချာလေး ကုသဖို့ လိုပါမယ်။
ဆိုရိရေးစစ်က ပျောက်ကင်းအောင် ကုသလို့ မရပေမယ့် ဆိုရီရေးစစ်ကို ပိုဆိုးမလာအောင်တော့ ကုထုံးတွေ အိမ်တွင်းကုသနည်းလေးတွေနဲ့ သေချာလေး ဂရုစိုက်ပေးလို့ ရပါတယ်။
ဆိုရီရေးစစ်က အစားအသောက်တွေကြောင့် လည်း ပိုဆိုးသွားတာမျိုး ဖြစ်နိုင်တာကြောင့် နေ့စဉ် စားသုံးမှုတွေကို သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ နောက်တစ်ချက်ကတော့ စိတ်ဖိစီးမှုကလည်း ဆိုရီရေးစစ်ကို ပိုဆိုးစေနိုင်တာကြောင့် စိတ်ဖိစီးမှုကို လျော့ကျစေဖို့ အသက်ရှူလေ့ကျင့်ခန်းတွေ လုပ်တာ၊ ယောဂ လေ့ကျင့်တာ၊ အကြောဖြေလျော့ လေ့ကျင့်ခန်းတွေ လုပ်တာမျိုးတွေ လုပ်ပေးဖို့ လိုပါမယ်။
အဝလွန်တာက ဆိုရီရေးစစ်ကို ပိုဆိုးစေနိုင်တာကြောင့် ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းတာမျိုးကလည်း ဆိုရီရေးစစ်လက္ခဏာတွေကို သက်သာစေဖို့ ထောက်ကူပေးရာရောက်သလို ဆိုရီရေးစစ်ရဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ဖြစ်တဲ့ ဆီးချိုရောဂါနဲ့ နှလုံးရောဂါ ဖြစ်နိုင်ခြေကိုလည်း လျှော့ချရာရောက်ပါတယ်။
ဆိုရီရေးစစ်ကို ပျောက်အောင် မကုနိုင်ပေမယ့် အပေါ်မှာ ပြောခဲ့တဲ့အချက်လေးတွေကို သေချာလေး ဂရုစိုက်ပေးတာက ဆိုရီရေးစစ်ကြောင့် နေ့စဉ်ဘဝမှာ ထိခိုက်မှုကို လျှော့ချပေးနိုင်မှာပါ။