ylliX - Online Advertising Network
လွိုင်ကော်-ဆီဆိုင်လမ်းတွင် ခရီးသွားသံဃာများ ပစ်ခတ်ခံရ၊ တစ်ပါးပျံလွန် - Myanmar Now

လွိုင်ကော်-ဆီဆိုင်လမ်းတွင် ခရီးသွားသံဃာများ ပစ်ခတ်ခံရ၊ တစ်ပါးပျံလွန် – Myanmar Now


ကယားပြည်နယ်၊ လွိုင်လင်လေးမြို့ ထီးစဲခါးရွာ ကျောင်းတိုက်မှ သံဃာများ  ခရီးသွားနေစဉ် နိုဝင်ဘာ ၃၀ ရက်နေ့က ပစ်ခတ်တိုက်ခိုက်ခံခဲ့ရစဉ် တစ်ပါး သေဆုံးပြီးနောက် မည်သည့်အဖွဲ့က တိုက်ခိုက်ခြင်း ဖြစ်သည်ကို မျက်မြင်သက်သေဖြစ်သော သံဃာ ၄ ပါးက မိန့်ကြားခြင်း မပြုသေးပေ။ 

မျက်မြင်သက်သေ သံဃာများအနက် ၂ ပါးမှာ ဒဏ်ရာရထားသဖြင့် တောင်ကြီးမြို့ စစ်ဆေးရုံသို့ ပို့ဆောင်ထားသည်ဟု သိရသည်။

ထီးစဲခါးရွာကျောင်းတိုက်မှ ဆရာတော်များသည် ထီးစဲခါးရွာမှ မြောက်ဘက်ရှိ ဆီဆိုင်မြို့သို့ နိုဝင်ဘာ ၃၀ ရက်တွင် ကားဖြင့်သွားစဉ်  ပစ်ခတ်ခံရခြင်းဖြစ်သည်။

သာသနာရေးအဖွဲ့ ကားနံပါတ်ပြားအဝါရောင်တပ် မော်တော်ယာဉ်ငယ်၏ ဘေးမှန်၊ “ထီးစဲခါးရေတံခွန်ကျောင်းတိုက်” စာတန်းပါ ကားနောက်မှန်တို့ ကွဲနေသည်ကို အွန်လိုင်းတွင် ပျံ့နှံ့နေသည့် မှတ်တမ်းဓာတ်ပုံတွင် တွေ့ရသည်။

အရှေ့ပိုင်းတိုင်း တိုင်းမှူးဗိုလ်ချုပ်ဇော်မင်းလတ်က ဒဏ်ရာရ သံဃာ ၂ ပါးကို တွေ့ဆုံခဲ့သည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ (ဓာတ်ပုံ – စစ်ကောင်စီ)

အဖြူရောင်ကားဘေးတွင် သွေးကွက်တချို့လည်း ရှိနေသည်။ 

ကားထဲတွင် သံဃာ ၅ ပါး ပါဝင်သည်၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)  နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) က ပစ်ခတ်ခြင်းဖြစ်သည်ဟု စစ်တပ်က ထိုနေ့တွင်ပင် သတင်းထုတ်ပြန်သည်။

“လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် သံဃာတော် များဖြစ်ကြသည့် ဉူးပီညောဘာသ၊ ဉူးစန္ဒိမာနှင့် ဉူးပဏ္ဍိတတို့တွင် လက်နက်ငယ် ကျည်ထိမှန် ဒဏ်ရာများရရှိခဲ့ပြီး ဉူးစန္ဒိမာသည် ရရှိခဲ့သည့် ဒဏ်ရာများဖြင့် ပျံလွန်တော်မူခဲ့ကြောင်း သိရှိရသည်” ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ပစ်ခတ်မှုမှာ “လွိုင်ကော်-ဆီဆိုင်သွားကားလမ်း၊ အောင်ကလပ်ကျေးရွာအနီး” ဖြစ်ပွားခဲ့သည်ဟု စစ်တပ်က ဆိုသည်။

စစ်ကောင်စီတပ်၏ စွပ်စွဲချက်ကို KNDF ဒုစစ်ဦးစီးချုပ်မာဝီက ပယ်ချလိုက်ပြီး ထိုလမ်းပိုင်းသည် စစ်တပ်နှင့် စစ်တပ်သြဇာခံ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပြည်သူ့စစ်တို့ ထိန်းချုပ်ထားသည့်နေရာဖြစ်သည်ဟု ဆိုသည်။

“ဒါကတော့ စစ်ကောင်စီဘက်ကနေပြီးတော့ လုပ်ဇာတ်ပဲဖြစ်ပါတယ်။ ထီးစဲခါးဆိုတဲ့နေရာနားမှာ PNO နဲ့ စစ်ကောင်စီပဲ ရှိပါတယ်။ သူတို့ပစ်ပြီးတော့ ကျွန်တော်တို့ကို ပစ်တယ်လို့ပြောတဲ့ဟာက ဘာသာရေး အဓိကရုဏ်းဖြစ်အောင်ဖန်တီးတဲ့ အခြေအနေမျိုးပဲ ဖြစ်တယ်” ဟု ၎င်းက Myanmar Now ကို ပြောသည်။

လွိုင်လင်လေးမြို့သည် ပြည်နယ်မြို့တော် လွိုင်ကော်၏မြောက်ဘက် ၁၃ မိုင်အကွာတွင်တည်ရှိပြီး ထိုနှစ်မြို့လုံးကို စစ်ကောင်စီတပ်က ထိန်းချုပ်ထားသည်။

သံဃာတော်များသည့် ကျောင်းတိုက်၌ စေတီအသစ်တည်ရန် မန္တလေးမြို့သို့ ခရီးထွက်စဉ် လမ်းတွင်ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း၊  ကျည်ထိ သံဃာတော်နှစ်ပါးကို ရှမ်းပြည်နယ်မြို့တော် တောင်ကြီးရှိ စစ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း မြန်မာ့အလင်းသတင်းကဆိုသည်။



ပစ်ခတ်ခံရမှုနှင့် ပတ်သက်၍ ပိုမိုသိရှိနိုင်ရန် PNO သတင်းရင်းမြစ်အချို့ထံ Myanmar Now က ဖုန်းဖြင့်ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

ဒေသတွင်းအခြားသော လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်သည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ် (PNLA) ကလည်း ထိုတိုက်ခိုက်မှုသည် စစ်ကောင်စီ၏လက်ချက်ဖြစ်ကြောင်း ဒီဇင်ဘာ ၁ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ သံဃာတော်များစီးလာသောကားကို လွိုင်ကော် – ဆီဆိုင် ကားလမ်းမပေါ်ရှိ အောင်ကလပ်ရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်က ပစ်ခတ်ခြင်းဖြစ်ကြောင်း PNLA ၏ ထုတ်ပြန်ချက်ကဆိုသည်။

PNLA သည် KNDF နှင့် စစ်ရေးမဟာမိတ်ဖြစ်သည်။

စစ်ကောင်စီသည် ပြီးခဲ့သည့်ဇွန်လအတွင်းကလည်း ပဲခူးမြို့ဝင်းနိမ္မိတာရုံ ဆရာတော်ကို မန္တလေးတိုင်း ငါးဇွန်မြို့နယ်၌ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး PDF များ၏လက်ချက်ဟု ချက်ချင်း ထုတ်ပြန်ခဲ့ဖူးသည်။ 

ပစ်ခတ်ခံရစဉ် ကားထဲတွင် ရှိနေသဖြင့် မျက်မြင်သက်သေဖြစ်နေသော ကံသုံးဆင့်ဆရာတော်က ဖြစ်စဉ်အမှန်ကို ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ရှိ သံဃာတော်များကို ပြန်လည်တင်ပြသည့်အခါမှသာ စစ်ကောင်စီက ထိုပစ်ခတ်မှုအတွက် စုံစမ်းပေးမည်ဟု ပြန်လည် ကြေညာခဲ့သည်။

ပစ်ခတ်မှုအပြီး စစ်တပ်က ကံသုံးဆင့်ဆရာတော်၏လက်ကိုင်ဖုန်းကို သိမ်းလိုက်ပြီး စစ်တပ်စခန်းသို့ ခေါ်ဆောင်သွားခံရကာ ၅ ကြိမ်ခန့် စစ်ဆေးခဲ့သည်။

ကရင်နီပြည်နယ် ထီးစဲခါးရွာတွင် ပေါ်ပေါက်ခဲ့သော ပစ်ခတ်ခံရမှုနှင့်ပတ်သက်၍ အသက်ရှင်ကျန်သည့် သံဃာတော်များ မည်သည့်အခြေအနေသို့ ရောက်နေသည်ကို မသိရသေးပေ။  

လတ်တလောကရင်နီပြည်နယ်၌မူ မြို့တော် လွိုင်ကော်၏မြောက်ဘက် ကယန်းသာယာ၊ ထီရီ၊ ကုန်းသာရွာများနှင့် လွိုင်ကော်စက်မှုဇုန်အနီးဝန်းကျင်တွင် စစ်ကောင်စီတပ်နှင့်  တိုက်ပွဲများဆက်ရှိနေကြောင်း KNDF ဒုစစ်ဦးစီးချုပ်က ဆိုသည်။

ပစ်ခတ်မှုအပြီး စစ်ကောင်စီက သတင်းထုတ်ပြန်စဉ် ၎င်းတို့၏ ကယားပြည်နယ်  ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က  ထီးစဲရေကျောင်းတိုက်သံဃာတော်များကို  လှူဒါန်းနေကြောင်း ဓာတ်ပုံမှတ်တမ်းကိုပါ ထည့်သွင်း ဖော်ပြခဲ့သည်။ ထိုသံဃာနှစ်ပါးမှာ ပစ်ခတ်မှု မျက်မြင်သက်သေများ ဟုတ်မဟုတ် မသိရသေးပေ။ (ဓာတ်ပုံ – စစ်ကောင်စီ)





Source link

Leave a Reply

Your email address will not be published. Required fields are marked *