မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်း ပိတ်ဆို့ခံနေရသည့် စစ်ကောင်စီ၏ လက်ကျန်တပ်စခန်း ၃ ခုက လက်နက် ကြီး၊ ဒရုန်းနှင့် လေကြောင်းပစ်ကူများသုံးကာ တိုက်ခိုက်နေပြီး မြေပြင် စစ်ကြောင်းဖြင့် ထိုးဖောက် နိုင်ရန်လည်း ကြိုးပမ်းနေသ ဖြင့် တိုက်ပွဲများ ပြင်းထန်နေသည်မှာ ရက် ၂၀ ခန့် ရှိပြီဟု ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ပြောသည်။
မန္တလေးမြို့နှင့် မိုင် ၈၀ ကျော်အကွာ ရွှေတွင်းများကြောင့် နာမည်ကျော်သည့် သပိတ်ကျင်းမြို့ရှိ နယ်မြေအများစုကို ဩဂုတ် ၂၅ ရက်တွင် တော်လှန်ရေးတပ်များက သိမ်းပိုက်ခဲ့ပြီးနောက် တွင်းငယ်ကျေးရွာ အခြေစိုက် အမှတ် (၁၃) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (တတက-၁၃)၊ ကျောက်ကြီးရွာ အခြေစိုက် စစ်စခန်းနှင့် ခုနစ်မိုင်ကျေးရွာအခြေစိုက် လျှပ်စစ်အင်ဂျင်နီယာတပ်တို့က ဆက်လက်ခုခံနေခြင်း ဖြစ်သည်။
မြို့မြောက်ဘက် ၂၆ မိုင်ကျော်အကွာရှိ တွင်းငယ်ရွာ၊ မြို့အရှေ့မြောက်ဘက် ၁၀ မိုင် ကျော်အကွာရှိ ကျောက်ကြီးရွာ၊ ၇ မိုင်အကွာမှ ခုနစ်မိုင်ကျေးရွာဝန်းကျင်တွင် စစ်ကောင်စီတပ်များ ရှိနေကြခြင်းဖြစ်သည်။
အဆိုပါတပ်များ ပြန်လည်ထိုးစစ်ဆင်သည့်နေ့မှာ နိုဝင်ဘာ ၁၅ ရက်နေ့ ဖြစ်သည်ဟု PLA ပြန်ကြားရေးတာဝန်ခံအမျိုးသမီးက ပြောသည်။
“သူတို့ စထိုးစစ်ဆင်လာတဲ့နေ့ကစပြီး တိုက်ပွဲက နေ့တိုင်းဖြစ်တယ်၊ ကျွန်မတို့ဘက်ကတော့ မထိုးဘူး။ ခံစစ်ပဲ လုပ်နေတယ်။ စကစ (စစ်ကောင်စီ) ကတော့ နေ့တိုင်းထိုးတယ်။ မြေပြင်ကလည်း ထိုးတယ်။ လေကြောင်းကလည်း ကူတယ်။ နေ့တိုင်းပါပဲ”ဟု သူက ဆိုသည်။
PLA ၏ အနောက်မြောက်စစ်ဒေသဖြစ်သော မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း တို့တွင် အမှတ် (၈၁၅) အမည်ရှိ တပ်ဖွဲ့ လှုပ်ရှားကာ လက်ရှိတွင် စဉ့်ကူး-သပိတ်ကျင်းနယ်မြေများအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် -မန္တလေး (MDY-PDF) နှင့်အတူ တိုက်ပွဲဝင်နေသည်။
တွင်းငယ်ကျေးရွာကို ဩဂုတ်လ ၁၇ ရက်ကတည်းက PLA က တိုက်ခိုက်သိမ်းပိုက်ထားပြီး တတက-၁၃ ကို ၃ လနီးပါး ပိတ်ဆို့ထားသည်ဟု နိုဝင်ဘာ ၁၂ ရက်နေ့က ထုတ်ပြန်ထားသည်။
ဧရာဝတီမြစ်အရှေ့ဘက်ကမ်း သပိတ်ကျင်းမြို့နယ်၏ အရှေ့ဘက်တွင် ကချင်တပ် (KIA) သိမ်းထား သည့် မဘိမ်းမြို့၊ တအာင်းတပ် (TNLA) သိမ်းထားသည့် မိုးမိတ်နှင့်မိုးကုတ်မြို့၊ မြောက်ဘက်တွင် တကောင်းမြို့ ရှိသည်။ တောင်ဘက်ရှိ စဉ့်ကူးမြို့ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တပ်များက သိမ်းထားရာ တော်လှန်ရေးတပ် များက သပိတ်ကျင်းနယ်မြေအများစုကို စိုးမိုးထားသည်။
အလားတူ သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာနှင့် ရှမ်းပြည်နယ် မိုးမိတ်တို့ကို ဆက်သွယ်ထားသည့် ကားလမ်းပေါ်ရှိ တောင်လယ်ကျေးရွာအနီးရှိ စစ်စခန်းကို KIA နှင့်ပူးပေါင်းတပ်များက ဇူလိုင် ၁၁ ရက် က သိမ်းလိုက်ပြီး လမ်းကြောင်းတစ်လျှောက် ထိန်းချုပ်ထားသည်။
စဉ့်ကူးနှင့် သပိတ်ကျင်းမြို့တို့ကို တော်လှန်ရေးတပ်များ ထိုးစစ်ဆင်ခဲ့သည့်အချိန်အတွင်း အထက်ပါ တပ်စခန်း ၃ ခုသို့ စစ်ကောင်စီတပ်များ တပ်ဆုတ်သွားကြရာ အင်အား ရာချီ ရှိနေမည်ဟု ခန့်မှန်းနေကြသည်။
စဉ့်ကူးမြို့အထက်တွင် ထီးချိုင့်မြို့၊ အနောက်ဘက်တွင် ကန့်ဘလူမြို့နယ်များနှင့်ထိစပ်နေရာ စစ်တပ် နှင့် ပြည်သူ့စစ်များ အားကောင်းသည့်နယ်များ ဖြစ်သည်။
စစ်ကောင်စီတပ်က လက်နက်မျိုးစုံ သုံးနေသည်ဟု အဆိုပါဒေသစစ်ရေးသတင်းရင်းမြစ်များနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“ကျန်နေတဲ့တပ် ၃ ခုထဲမှာ မြေပြင်အင်အားတွေစုဖွဲ့ပြီးတော့ တော်လှန်ရေးတပ်တွေရဲ့ခံစစ်စည်းတွေ ကို ထိုးဖောက်နေတာပါ။ တပ် ၃ တပ်ထဲကနေ မြေပြင်ကထိုးတယ်၊ ဒရုန်းတွေ၊ လေယာဉ်တွေနဲ့ ဗုံးကြဲ တာတွေ လုပ်ပါတယ်” ဟု သူက ပြောသည်။
အခြားဒေသခံများကလည်း အလားတူ ဆိုကြသည်။
တတက-၁၃ အခြေစိုက်သော တွင်းငယ်ကျေးရွာမှ ၇ မိုင်ကျော်အကွာ ကျောက်ဖြူရွာကို နိုဝင်ဘာ ၁၆ ရက်နေ့တွင် လေတပ်က ဗုံးကြဲရာ ၄ ဦး ဒဏ်ရာရသလို ကပ်လျက် ၂ မိုင်အကွာမှ ရေညာဦးကျေးရွာတွင်လည်း သားအမိ နှစ်ဦး သေဆုံးခဲ့သည်။
ရေညာဦးကျေးရွာမှ စစ်ရှောင်များ ရွာအတွင်း ခေတ္တပြန်လည်ဝင်ရောက်ပြီး၊ လိုအပ်သည့် ပစ္စည်းများ သယ်ယူ နေစဉ် ဗုံးကြဲမှု ကြုံတွေ့ရခြင်းဖြစ်ကာ ၆ နှစ်အရွယ် ကလေးနှင့် ၎င်း၏ မိခင် အသက် ၃၀ အရွယ် အမျိုးသမီးတို့ သေဆုံးခဲ့ကာ အများအပြား ဒဏ်ရာရသည်ဟု သိရသည်။
မြစ်အရှေ့ဘက်ကမ်း ကပ်လျက် တွင်းငယ်ကျေးရွာအနီးတွင်သာမက စစ်ကောင်စီအခြေစိုက်တပ်များ ရှိသော ကျောက်ကြီးရွာနှင့် ခုနစ်မိုင်ကျေးရွာဝန်းကျင်တွင်လည်း တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားနေသည် ဟု PLA ထံမှ သိရသည်။
တွင်းငယ်ဒေသတိုက်ပွဲများတွင် PLA နှင့်အတူ မဟာမိတ်တပ်များ၊ ခုနစ်မိုင်ရွာတိုက်ပွဲများတွင် NUG ၏ မိုးကုတ် ဗျူဟာ PDF တပ်ရင်းများက တိုက်ခိုက်နေကြောင်း PLA ပြန်ကြားရေးတာဝန်ခံက ပြောသည်။
မန္တလေး-မြစ်ကြီးနားကားလမ်းဘေးရှိ တွင်းငယ်ကျေးရွာသည် သပိတ်ကျင်းနှင့် မိုးမိတ်မြို့တို့ကို ဆက် သွယ်ထားသည့် လမ်းဆုံတွင်တည်ရှိပြီး အိမ်ခြေများပြားသည့် ကျေးရွာတစ်ခုဖြစ်သည်။
NUG ထိန်းချုပ်ထားသည့် သပိတ်ကျင်းမြို့ပေါ်တွင်မူ တော်လှန်ရေးအဖွဲ့အများစုသာ နေရာယူထားက လုံခြုံရေးအခြေအနေအရ အရပ်သားသွားလာမှုကန့်သတ်ထားကြောင်းသိရသည်။
စစ်ကောင်စီသည် သပိတ်ကျင်းမြို့နယ်တွင်သာမက မတ္တရာမြို့နယ်တွင်းတွင်လည်း ယခင်လလယ်မှ စတင်ကာ ထိုးစစ်ဆင်နေသည်။
မတ္တရာမြို့နယ်အရှေ့ခြမ်းတွင် တော်လှန်ရေးအင်အားစုက နယ်မြေ ဆက်ထိန်း ထားနိုင်ခဲ့ သော်လည်း မြို့နယ်အနောက်ခြမ်း ဧရာဝတီမြစ်ကမ်းဘေးနယ်မြေအချို့ စစ်ကောင်စီတပ် က ပြန်လည်ထိန်းချုပ်ထားသည်။