ylliX - Online Advertising Network

စစ်ခေါင်းဆောင်တက်မည့် ဗိုလ်သင်တန်းဆင်းပွဲအတွက် ပြင်ဦးလွင်တွင် လုံခြုံရေးတင်းကျပ် – Myanmar Now


စစ်ခေါင်းဆောင်ကိုယ်တိုင် တက်ရောက်လေ့ရှိသည့် စစ်တက္ကသိုလ် (DSA) ကျောင်းဆင်းပွဲကို လာမည့်ရက်ပိုင်းအတွင်း မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့တွင် ကျင်းပရန်ပြင်ဆင်နေပြီး မြို့အနှံ့လုံခြုံရေး တင်းကျပ်ထားသည်။

ပြင်ဦးလွင်မြို့တွင် စစ်တက္ကသိုလ်(DSA)နှင့် တပ်မတော်နည်းပညာတက္ကသိုလ် (DSTA) ကျောင်းဆင်းပွဲကို ပြီးခဲ့သည့်နှစ်များကလည်း ဒီဇင်ဘာပထမပတ်တွင် ပြုလုပ်လေ့ရှိသည်။ 

ပြီးခဲ့သည့်နှစ်က DSA အပတ်စဉ် (၆၅) ကျောင်းဆင်းပွဲကို ဒီဇင်ဘာ ၈ ရက်တွင် ကျင်းပခဲ့ပြီး ယခုနှစ်တွင် ဒီဇင်ဘာ ၆ ရက်တွင် ကျင်းပမည်ဟု သတင်းများထွက်ပေါ်နေသည်။

ပြီးခဲ့သည့် နိုဝင်ဘာ၂၉ ရက်နေ့မှစပြီး   မန္တလေး-ပြင်ဦးလွင် လမ်းပိုင်း နှင့် မြို့ပြင်စစ်ဆေးရေးဂိတ်များတွင် စစ်တပ်အင်အားတိုးထားပြီး လုံခြုံရေးအတွက် မန္တလေးနှင့်ကျောက်ဆည်မြို့များမှ သံချပ်ကာတပ်နှင့် တင့်ကားတပ်များကိုပါ ခေါ်ယူထားသည်ဟု မြို့ခံများက ဆိုသည်။

ကျောက်ဆည်မြို့ဘက်မှ ဝင်ရောက်နိုင်သည့် ပြင်စာရွာမလမ်း၊ အနီးစခန်းရွာလမ်း ၊ ရှမ်းပြည်မြောက်ပိုင်းမှ ဝင်ရောက်နိုင်သည့် ပွဲကောက်ကျေးရွာလမ်း၊ နောင်ချိုမြို့ တောင်ခမ်းမှ ဝင်ရောက်နိုင်ရာ ဝက်ဝံ ကျေးရွာလမ်းတို့တွင် ယာယီ X-Ray စက်များဖြင့် မြို့အဝင်အထွက်အားလုံးကို စစ်ဆေးနေသည်ဟုသိရသည်။

“ ၁၆ မိုင်ဂိတ်မှာလည်း အရပ်ဝတ်ပျူ(ပြည်သူ့စစ်) တွေပါသုံးပြီး အင်အားတိုးချထားတယ်။ နောက် ပြင်ဦးလွင်ကို အခြား မြို့တွေဘက်ကဝင်နိုင်တဲ့ ရွာလမ်းတွေပေါ့နော်။ ဥပမာ ပြင်စာရွာမလမ်းတို့ ပွဲကောက်ရွာတို့ဘက် တွေမှာ ယာယီ X-Ray စက်တွေနဲ့ပါ ဂိတ်ချပြီး အစစ်အဆေးကြမ်းတာတွေ့ရတယ်”ဟု ပြင်ဦးလွင်မြို့ခံ ကားသမားတစ်ဦးက ပြောသည်။

“ကားတွေကို အဓိကထားစစ်တယ်ဗျ။ ပုံမှန် သူတို့ကို ဂိတ်ကြေးပေးထားရတဲ့ ခရီးသည်ယာဉ်လိုင်းတွေပါ မကျန် စစ်တာ” 

သင်တန်းဆင်းပွဲသည် ဒီဇင်ဘာ ၆ ဟုသတင်းများ ထွက်နေသော်လည်း စစ်တပ်ဘက်က တရားဝင်ထုတ်ပြန်ခြင်း မရှိသေးပါ။

ယမန်နှစ်က ပြုလုပ်သော DSA ကျောင်းဆင်းပွဲ။ (ဓာတ်ပုံ- မြဝတီ)

စစ်ဗိုလ်ချုပ်များ ပြင်ဦးလွင်သို့ အလည်ရောက်ရှိလျှင် လေယာဉ်ဆင်းသက်ရာ အနီးစခန်းလေဆိပ်အတွင်း အပြင်ကိုလည်း အစစ်အဆေးများချထားလျှက်ရှိသည်။ 

လေဆိပ်၏အပြင်ဘက်တွင်လည်း စစ်ကား၊ ရဲကားအချို့အပြင် ယာဉ်ထိန်းရဲများပါ ချထားလျှက်ရှိကြောင်း အထက်ပါပြင်ဦးလွင်မြို့ခံက ဒီဇင်ဘာ ၃ ရက်ညပိုင်းက Myanmar Now ကို ပြောသည်။

ယမန်နေ့ (ဒီဇင်ဘာ၃) နံနက်ကလည်း DSA ကျောင်းနောက်ကျောနှင့် တပ်မတော်နည်းပညာတက္ကသိုလ် (DSTA)ကျောင်း၏နောက်ကျောဘက် စက်ပစ်ကွင်းအနီး လက်နက်ကြီးပစ်ခတ်မှုများကြားရပြီး ယင်းမတိုင်မီ ညပိုင်းကလည်း မြို့ပြင်ဧကတစ်သောင်းခြံမှလည်း နောင်ချိုမြို့နယ် တောင်ခမ်းကျေးရွာ ဘက်အား လက်နက်ကြီးပစ်ခတ်မှုများ အကြိမ်ရေများစွာ လုပ်ဆောင်သည်ဟု သိရသည်။

ပြင်ဦးလွင်မြို့အတွင်းနေထိုင်သူအမျိုးသမီးတစ်ဦးက “မန္တလေးကနေ ပြင်ဦးလွင်မြို့လမ်းတစ်လျှောက် ကိုလည်း လမ်းဘေးခြုံပုတ်တွေ၊အပင်တွေအကုန်ရှင်းလင်းထားတယ်။ မြို့ထဲ စစ်ကျောင်းတွေအနီး လမ်းဘေးဝဲယာတွေလည်း စည်ပင်လုပ်သားတွေက ဆေးသုတ်တယ်။ စစ်တပ်က မိုင်းရှာတယ် “ဟု ဆို သည်။

“ဈေးတွေမှာလည်း လုံခြုံရေးတွေ ထားထားတယ်။ ပြီးတော့ ဒီရက်ပိုင်း လေဆိပ်မှာလည်း အိမ်စီးကား တွေ ရပ်ထားတာတွေ့ရတယ်။ လေယာဉ်အဆင်းအတက်တွေလည်း များတယ်”ဟု ၎င်းက ဆက်ပြော သည်။

အဆိုပါကျောင်းဆင်းပွဲ လုပ်မည့်နေရာနှင့် ၁၆ မိုင်ခန့်သာဝေးသည့် နောင်ချိုမြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ် အကြား ဂန့်ဂေါကျေးရွာနှင့်အနီးတဝိုက်တွင် စစ်ကောင်စီနှင့် တိုက်ပွဲများဆက်လက်ဖြစ်ပွားလျှက် ရှိသည် ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) မှ သတင်းတာဝန်ခံ ကိုအော်စမွန်က ယနေ့ (ဒီဇင် ဘာ၄) နံနက်တွင် Myanmar Now ကို ပြောသည်။



စစ်ဗိုလ်ချုပ်ကြီးအချို့နေထိုင်ရာနှင့်စစ်တက္ကသိုလ်ကြီးများရှိရာ ပြင်ဦးလွင်မြို့နှင့်၂၁ မိုင်သာဝေးသည့် ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်အတွင်း တအာင်းတပ် (TNLA)၊ MDY-PDF ပူးပေါင်းတပ်များနှင့် စစ်တပ်တို့ နိုဝင်ဘာလအတွင်း တိုက်ပွဲများပြင်းထန်ခဲ့သည်။

လက်ရှိတွင် တိုက်ပွဲများနီးကပ်လျှက်ရှိသော်လည်း မြို့အတွင်း လုံခြုံရေးတင်းကျပ်ထားသည်မှအပ ပုံမှန် အခြေအနေတွင် တည်ရှိပြီး ကန်တော်ကြီးပန်းခြံတွင် နှစ်စဉ်ပြုလုပ်လျှက်ရှိသည့် ပန်းပွဲတော်၏ ယခုနှစ် ၌ ကျရောက်မည့် နှစ်၁၀၀ပြည့်ကိုလည်း ဒီဇင်ဘာ ၁၄ ရက်နေ့မှစကာ ဇန်နဝါရီလဆန်းအထိ ပြုလုပ်ရန် စီစဉ်လျှက်ရှိကြောင်းသိရသည်။





Source link

Leave a Reply

Your email address will not be published. Required fields are marked *