ချင်းညီနောင်စစ်ဆင်ရေးဆင်နွှဲနေတဲ့ ချင်းပြည်နယ်၊ ဖလမ်းနဲ့ မင်းတပ်မြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းတချို့ကို သိမ်းဆည်းထားနိုင်ပေမယ့် အလုံးစုံ ထိန်းချုပ်ထားနိုင်တဲ့ အခြေအနေရောက်အောင် ဆက်တိုက်ခိုက်နေတယ်လို့ ချင်းညီနောင်အဖွဲ့က ပြောပါတယ်။ နှစ်ဘက်တိုက်ပွဲပြင်းထန်နေတဲ့အတွက် ထွက်ပြေးတိမ်းရှောင်ကုန်ကြလို့ မြို့ထဲမှာ နေထိုင်သူလုံးဝမရှိတော့ဘဲ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုကတော့ နေ့စဉ်ရှိနေတယ်လို့ စစ်ရှောင်နေရတဲ့ ဒေသခံတွေကလည်း ပြောပါတယ်။ ဖလမ်းနဲ့ မင်းတပ်မြို့က ချင်းညီနောင်စစ်ဆင်ရေး အခြေအနေ ရန်ကုန်ကနေ သတင်းပို့ထားပါတယ်။
မင်းတပ်မြို့နဲ့ ဖလမ်းမြို့ မြို့ပေါ်က စစ်ကောင်စီစခန်းများကို နိုဝင်ဘာ ၉ ရက်နေ့ကစပြီး တပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ချင်းညီနောင်အဖွဲ့ (Chin Brotherhood)ရဲ့ ချင်းညီနောင်စစ်ဆင်ရေး (Operation CB)မှာ တိုက်ပွဲကာလ တလဝန်းကျင် ရှိလာချိန်မှာ စစ်ကောင်စီရဲ့ တပ်စခန်းတချို့ကို သိမ်းပိုက်ထားနိုင်ပြီလို့ ချင်းညီနောင်အဖွဲ့က ပြောပါတယ်။ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ မြို့တခုလုံးကို အလုံးစုံ ထိန်းချုပ်ထားနိုင်တဲ့ အခြေအနေတော့ မဟုတ်သေးဘူးလို့ ချင်းညီနောင်ပြောခွင့်ရ ဆလိုင်းယောမန်က VOA ကိုပြောပါတယ်။
“မင်းတပ်မှာ လက်ရှိအခြေအနေ သိမ်းဆည်းနိုင်တဲ့ စခန်းတွေရှိပါတယ်။ ဒါပေမဲ့ မြို့သည် စစ်ကောင်စီ ကင်းစင်သလိုမျိုး၊ မြို့ကို အလုံးစုံထိန်းချုပ် နိုင်တာမျိုးတော့ မဟုတ်သေးပါဘူးခင်ဗျ။ ကျနော်တို့ ဘယ်လိုရှိသလဲ၊ ဘယ်လိုအခြေအနေလဲ ဆိုတာ တရားဝင်သတင်းထုတ်ပြန်ဖို့ ရှိပါမယ်။”
တိုက်ပွဲအတွင်းမှာ ရရှိ သိမ်းပိုက်ထားနိုင်တဲ့ စစ်ကောင်စီရဲ့ စခန်းတချို့နဲ့ တိုက်ပွဲအခြေအနေတွေကို ထုတ်ပြန်သွားမယ်လို့ ချင်းညီနောင်အဖွဲ့ ကပြောပါတယ်။ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က နေအိမ်တွေမီးရှို့တာ၊ လေကြောင်းတိုက်ခိုက်တာနဲ့ လက်နက်ကြီးပစ်ခတ်တာတွေလည်း နေ့စဉ်ရှိနေတယ်လို့ စစ်ရှောင်နေရတဲ့ ဒေသခံတွေက ပြောပါတယ်။
မင်းတပ်နဲ့ ဖလမ်းမြို့ပေါ်က ဒေသခံတွေကတော့ နိုဝင်ဘာလ ၉ရက်နေ့ကစ တိုက်ပွဲပြင်းထန်လာလို့ နိုဝင်ဘာလ ၁၁ ရက်လောက်မှာ မြို့လုံးကျွတ်အားလုံးနီးပါး စစ်ဘေးရှောင်ခဲ့ကြပါတယ်။ မြို့ထဲမှာ နေ့စဉ်ဆိုသလို တိုက်ပွဲဖြစ်ပွားနေတာနဲ့ လေကြောင်းတိုက်ခိုက်ခံရတာတွေ ရှိနေပြီး၊ မြို့ထဲမှာ လူလုံးဝ မရှိတော့တဲ့အတွက် အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ဖလမ်းမြို့ခံတဦးက ပြောပါတယ်။
“လူကတော့ လုံးဝမရှိတော့ဘူး။ ဘယ်သူမှ မြို့ထဲမှာနေထိုင်ခွင့် မပြုတော့ဘူး။ အကုန်လုံးထွက်ကုန်ပြီ။ နောက်ပြီးတော့ နေ့တိုင်းနေ့တိုင်း ဗုံးလာကြဲတာတော့ရှိတယ်။ လေယာဉ်ပျံလာတယ်၊ ဗုံးကြဲတယ်၊ အဲလောက်ပဲသိကြတယ်။ မနေ့ကအထိ ဗုံးလာကြဲတယ်။ ဘယ်နေရာ ဘယ်လိုဖြစ်တယ်ဆိုတာ မသိကြဘူး။ ဗုံးကြဲတဲ့အခါ ဗုံးသံတော့ကြားတယ်။ နောက် လက်နက်ကြီးအသံ၊ အဲလောက်ပဲကြားတယ်။”
ဖလမ်းနဲ့ မင်းတပ်မှာ စစ်စခန်းတွေ တိုက်ခိုက်ခံရလို့ တိုက်ပွဲပြင်းထန်နေတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ တစုံတရာ သတင်းမထုတ်ပြန်သေးပါဘူး။ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေတဲ့ (Chin Brotherhood) ချင်းညီနောင်အဖွဲ့မှာ ဇိုမီးဖက်ဒရယ်အစည်းအရုံး၊ ချင်းအမျိုးသားအဖွဲ့ချုပ်၊ ချင်းအမျိုးသားကောင်စီ (မင်းတပ်)၊ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) နဲ့ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) တပ်မဟာ (၁) တို့ ပါဝင်ပါတယ်။ ချင်းပြည်နယ်တွင်း တိုက်ပွဲတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ တစုံတရာသတင်းထုတ်ပြန်တာမရှိသေးပါဘူး။