ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲ၍ အမျိုးသမီး ၁ ဦး သေဆုံးကာ ကလေးများ အပါအဝင် အရပ်သား ၈ ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသအခြေ စိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က ပြောသည်။
ဒီဇင်ဘာ ၂ ရက်နေ့၊ နေ့လယ်က နတ်တလင်းမြို့အရှေ့ဘက် ၁၃ မိုင်ခန့်အကွာ ဆီဆုံကုန်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၃၀ ကျော်အရွယ် မစိုးစိုးသက် သေဆုံးကာ ၂ နှစ်အရွယ် နှင့် ၁၂ နှစ် အရွယ် ကလေးများ အပါအဝင် ၈ ဦးခန့် ဒဏ်ရာရကြသည်ဟု သာယာဝတီခရိုင် အမှတ် (၃၈၀၁) တပ်ရင်း တပ်ခွဲ (၁) မှ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
ဒဏ်ရာရရှိသွားသူများမှာ ဒေါ်သန်းညွှန့် (၆၅ နှစ်) ၊ ဒေါ်သင်းသင်းဦး (၄၀ နှစ်) ၊ အသက် ၄၀ အရွယ်များ ဖြစ်သော ဒေါ်ဌေးဌေးမော်နှင့် ဒေါ်ယုယု ၊ မဆုနှင်းဝေ (၁၆ နှစ်)၊ မအေးမြတ်သူ(၁၃ နှစ်) ၊ မနှင်းသဇင် (၁၂ နှစ်)၊ အသက် ၂ နှစ်အရွယ် မောင်ထက်ဘုန်းရှန်တို့ ဖြစ်သည်ဟု သာယာဝတီခရိုင်ရှစ်မြို့နယ်အခြေပြု သတင်းဌာနတစ်ခုဖြစ်သော Tharawaddy 8 City က ဖော်ပြထားသည်။
တော်လှန်ရေးအင်အားစုများရှိသည်ဟု ယူဆပြီး ဆီဆုံကုန်းရွာနှင့် ကပ်လျက်ဖြစ်သော စစ်ကောင်စီနှင့် ပျူစောထီးများအခြေစိုက်သော ဒမငယ်ကျေးရွာဘက်မှ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။
“ပြည်သူ့တော်လှန်ရေးအဖွဲ့တွေက အဲဒီရွာ (ဆီဆုံကုန်း) နဲ့ မလှမ်းတကမ်းမှာရှိတော့ လက်နက်ကြီးနဲ့ လှမ်း ပစ်တာ” ဟု ဆက်ပြောသည်။
လက်ရှိတွင် သေဆုံးသူအမျိုးသမီးကို သင်္ဂြိုဟ်ပြီးဖြစ်ပြီး ဒဏ်ရာရသူများ မစိုးရိမ်ရကြောင်း ထိုဒေသ အခြေစိုက် PDF တပ်ဖွဲ့ဝင်တစ်ဦးကလည်း ပြောသည်။
သေဆုံးသူ အမျိုးသမီး၏ မိသားစုဝင်နှင့် ဒေသခံများကို ဆက်သွယ်ရန် ကြိုးစားသော်လည်း မရရှိခဲ့ပေ။
စစ်ကောင်စီသည် ပဲခူးအနောက်ခြမ်း အုတ်ဖို၊ ကြို့ပင်ကောက်၊ ဇီးကုန်း၊ နတ်တလင်းတို့တွင် စစ်ကြောင်း အများအပြား လှုပ်ရှားနေကာ လက်နက်ကြီးနှင့်ပစ်ခတ်နေသည်ဟု PDF များထံက သိရသည်။
“ဒီဘက်(တော်လှန်ရေးအဖွဲ့)က လှုပ်ရှားမှုများများ လုပ်တာနဲ့ သူတို့စစ်ကြောင်းထိုးတာပဲ၊ အများဆုံး (စစ်ကြောင်း) ထိုးတာတော့ စပါးရိတ်သိမ်းချိန်တို့၊ ပွင့်လင်းရာသီမှာ အများဆုံးစစ်ကြောင်းထိုးတာ”ဟု ၃၈၀၁ တပ်ရင်း၊ အမှတ် (၁) တပ်ခွဲမှ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
ပဲခူးရိုးမပေါ်သို့ စစ်ကြောင်းထိုးလာခြင်းမရှိတော့ဘဲ ကျေးရွာများရှိ ဘုရားကုန်းများသို့ တက်၍ လက်နက် ကြီးဖြင့်ပစ်ခတ်၍ နယ်မြေရှင်းလင်းကာ စစ်ကြောင်းထိုးလေ့ရှိကြောင်း ၎င်းက ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၂၈ ရက်ကလည်း ဒမငယ်ကျေးရွာမှ ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၄ ဦးနှင့် အနီးရှိ မကျီးပင်ရွာမှ ၁၀ ဦးတို့ ဆိုင်ကယ်ဖြင့် အိုးဘိုကုန်းရွာသို့ သွားရောက်ပြီးအပြန် မကျီးပင်ကျေးရွာနီး ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း၊ ၂ ဦး သေပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သာယာဝတီခရိုင် PDF တပ်ရင်းက ထုတ်ပြန်ထားသည်။
ထိုသို့ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီသည် ရန်ကုန်-ပြည်ကားလမ်းမပေါ်တည်ရှိသော နတ်တလင်း မြို့အနီးဝန်းကျင် ကျေးရွာများတဝိုက် စစ်ရေးလှုပ်ရှားလာပြီး လက်နက်ကြီးပစ်ခတ်မှုများကြောင့် စိုးရိမ် ထိတ်လန့်နေရကြောင်း နတ်တလင်းမြို့ပေါ်တွင် နေထိုင်သည့် အမျိုးသားတစ်ဦးက ပြောသည်။
“လက်နက်ကြီးနဲ့ပစ်တော့ ဒေသခံတွေက ကြောက်ရွံ့ကြတယ်၊ ပြီးတော့ (စစ်တပ်က) ကန့်သတ်ထားတဲ့ နေရာတွေ ရှိတော့ ဘယ်ကို စစ်ဘေးရှောင်ရမှန်းမသိဘူးလည်း ဖြစ်နေတာ”
ပဲခူးတိုင်းအနောက်ခြမ်းတွင် စစ်တပ်သတင်းပေး၊ ဗျူစောထီးများကို ရှင်းလင်းသည့် ဖြစ်စဉ်များသည် နိုဝင်ဘာလအတွင်း ၃ ဦးထက်မနည်းရှိခဲ့သည်ကို ဒေသအခြေစိုက်အဖွဲ့များက ထုတ်ပြန်ထားကြသည်။
ပဲခူးတိုင်းအနောက်ခြမ်းတွင် စစ်ရေးလှုပ်ရှားမှုအခြေအနေများကို စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိပေ။
ပဲခူးတိုင်းအရှေ့ခြမ်းတွင်မူ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်များနှင့် PDF များ စစ်ရေးလှုပ်ရှား ကြသည်။