ylliX - Online Advertising Network

Storytelling Techniques – MYEO, Myanmar Youth Empowerment Opportunities


Storytelling ဆိုတာ အသံ၊ ခန္ဓာကိုယ်လှုပ်ရှားမှုအပြုအမူတွေကိုသုံးပြီး မိမိဝေမျှလိုတဲ့အကြောင်းအရာတွေကို ပရိသတ်တွေဆီရောက်အောင် တင်ဆက်ပြသခြင်းပဲဖြစ်တယ်။  storytelling ရဲ့ အနှစ်သာရအနေနဲ့ ဇာတ်ကြောင်းတစ်ခု ဒါမှမဟုတ် ကာရိုက်တာတစ်ခုခုရဲ့အကြောင်းကို ပြန်လည်ပြောပြပြီး ပြောပြတဲ့ အကြောင်း အရာထဲက မိမိပေးလိုတဲ့ စကား (မက်ဆေ့ချ်) ကို ထုတ်နှုတ်ပြောပြခြင်းပဲဖြစ်တယ်။ storytelling က စကား ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ ရုပ်ရှင်၊ သီချင်း၊ ဗီဒီယို၊ အက စသည်ဖြင့် မိမိမျှဝေလိုတဲ့ ဆက်သွယ်မှုပုံစံကို ရွေးချယ် ပြီး storytelling လုပ်လို့ရပါတယ်။

Storytelling က သင်ယူမှုကြားခံတစ်ခုအနေနဲ့အသုံးပြုလို့ရပါတယ်။ ကျောင်းတွေ၊ သင်တန်းတွေ၊ ဟောပြောပွဲ တွေမှာ ဆရာတွေ၊ ဟောပြောသူတွေက storytelling ကိုသုံးပြီး နားထောင်သူနဲ့ ဟောပြောသူကြားမှာ အချိတ် အဆက်မိမိနဲ့ ပေးလိုတဲ့ မက်ဆေ့ချ်တွေကို ပေးကြပါတယ်။ Storytelling က အပြုအမူတွေကိုလည်း ပြောင်းလဲစေပါတယ်။ ဘာကြောင့်လဲဆိုတော့ storyteller (ပုံပြောသူ)  တွေက ပြောပြလိုက်တဲ့ အဖြစ်အပျက် သို့မဟုတ် ပုံပြင်တစ်ခုမှာ စီးမြောသွားပြီး ပေးလိုက်တဲ့ မက်ဆေ့ချ်ကိုရရှိသွားတယ်ဆိုရင် နားထောင်သူတွေရဲ့ အပြုအမူတွေကလည်း ပြောင်းလဲသွားပါတယ်။

Storytelling က ပုံပြောသူနဲ့ ပရိသတ်ကြား ချိတ်ဆက်မှုတစ်ခုပဲရှိတာမဟုတ်ပါဘူး။ နားထောင်သူရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာမှုကိုလည်း ထင်ဟပ်စေပါတယ်။ ပုံပြောသူက မျှဝေပေးတဲ့ အကြောင်းအရာတွေ၊ ဇာတ်ကောင်တွေက မိမိနဲ့ကိုက်ညီမှုရှိခဲ့ရင် ပုံပြင်တွေထဲကလည်း အဖြေရှာနိုင်ပါတယ်။

Storyteller (ပုံပြောသူ) ကောင်းတစ်ယောက်ဖြစ်ဖို့ ဘာတွေလိုအပ် သလဲ?

စိတ်အားထက်သန်မှုနဲ့ ယုံကြည်မှု

Storyteller တစ်ယောက်က အခြားသူတွေကို ပြန်ပြီး မက်ဆေ့ချ်တွေပေးရတာဖြစ်တဲ့အတွက် မိမိမျှဝေတဲ့အကြောင်းအရာကို စိတ်အားထက်သန်စွာ မျှဝေဖို့လိုအပ်ပါတယ်။ နားထောင်နေတဲ့ ပရိသတ်တွေ စိတ်ဝင်စားလာအောင် အသံနေအသံထား၊ ဟန်ပန်အမူအရာ အပြောအအဆိုတွေ အသုံးပြုပြီး ပရိသတ်ပါ ပါဝင်လာအောင် ဆောင်ရွက်ရပါမယ်။

ပရိသတ်နှင့်လိုက်လျောညီထွေဖြစ်မှု

Storyteller တွေက ပရိသတ်ကို မက်ဆေ့ချ်ပေးရုံသာမက ပရိတ်သတ်ဆီကို မေးခွန်းတွေမေးရမယ်၊ ပရိသတ်ရဲ့ အဖြေတွေကို နားထောင်ပြီးတုံ့ပြန်ပေးရမယ်။ ထိုမှသာ ပရိတ်သတ်ကလည်း storyteller က ၎င်းတို့နဲ့တစ်သားတည်းဖြစ်တယ်ဆိုတဲ့ခံစားမှုကို ရရှိစေမှာဖြစ်တယ်။ storyteller တစ်ယောက်ကို ပရိသတ်က မေးခွန်းတွေလည်းမေးလာနိုင်သလို storyteller ကလည်း မေးခွန်းတွေမေးပြီး နားထောင်သူတွေကို ပါဝင်ဖြေကြားဖို့လည်း အခွင့်အရေးတွေပေးရပါမယ်။

ပရိသတ်ကိုအားပေးသူဖြစ်ရမယ်။

Storyteller ကိုယ်တိုင်က အခက်အခဲတွေကျော်လွှားခဲ့တဲ့သူ အတွေ့အကြုံတွေရှိတဲ့သူဖြစ်တဲ့ပုံစံအနေအထားနဲ့ ပရိသတ်ကို တွန်းအားပေးနိုင်သူဖြစ်ရပါမယ်။ storyteller အနေနဲ့ ပညာပေးတဲ့အကြောင်းအရာတွေ၊ ဦးဆောင်မှုအပိုင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေ၊ ဘဝအဖြစ်အပျက်တွေကို ဥပမာပေးပြီး ပရိသတ်တွေကို အားပေးတဲ့သူဖြစ်ရပါမယ်။

လိုက်လျောညီထွေဖြစ်မှု

Storyteller တစ်ယောက်အနေနဲ့ မိမိပြောမယ့် ပရိသတ်ရဲ့ အခြေအနေနဲ့ ကိုက်ညီမယ့် အကြောင်းအရာတွေကို ရွေးချယ်ဖို့လိုအပ်ပါလိမ့်မယ်။ ပရိသတ်ရဲ့ အခြေအနေကိုကြည့်ပြီး အသံနေအသံထားပြောင်းတာ ဒါမှမဟုတ် ပြောနေတဲ့အကြောင်းအရာကို အနည်းငယ်ပြောင်းပြီး ပရိသတ်ပိုစိတ်ဝင်စားအောင် သို့မဟုတ် ပရိသတ်ပါဝင်မှုပိုများအောင် ဆောင်ရွက်တာတို့ ပြုလုပ်သင့်ပါတယ်။

တီထွင်ဖန်တိးမှု

Storyteller တစ်ယောက်က မိမိပြောနေတဲ့အကြောင်းအရာကို ပရိသတ်တွေပိုမိုနားလည်အောင် ဥပမာတွေ၊ ဆိုရိုးစကားတွေ၊ အထောက်အကူဖြစ်မယ့်ဓာတ်ပုံတွေကို အသုံးပြုပြီး ပြောပြရမယ့်အပြင် ဟာသအကြောင်းအရာတွေပါ တစ်ခါတစ်ရံထည့်ပြောပြီး ပရိသတ်ကိုဆွဲဆောင်သင့်ပါတယ်။

ရှင်းလင်းမှု

Storyteller တစ်ယောက်က မိမိရှေ့က ပရိသတ်များစွာကို မက်ဆေ့ချ်တွေပေးရတဲ့သူဖြစ်တဲ့အတွက် သူကိုယ်တိုင်ပြောမယ့်အကြောင်းအရာပေါ် ရှင်းလင်းနားလည်ထားဖို့လိုအပ်ပါလိမ့်မယ်။ လာနားထောင်တဲ့ ပရိသတ်မှာလည်း နားထောင်နေတဲ့အကြောင်းအရာက ၎င်းတို့ရင်းနှီးကျွမ်းဝင်တဲ့နယ်ပယ်ဖြစ်ခဲ့လျှင် မေးခွန်း တွေ၊ အကြံဉာဏ်တွေတောင်းလာနိုင်ပါတယ်။ ဒါကြောင့် မိမိက မိမိပြောမယ့်အကြောင်းအရာကို ပိုမိုရှင်းလင်း အောင်နဲ့ ပိုမိုနက်နက်နဲနဲ နားလည်အောင် လေ့လာထားသင့်ပါတယ်။

Storytelling techniques 

Storytelling techniques များစွာထဲက Nested loops ဆိုတဲ့ technique တစ်ခုအကြောင်းကို ရှင်းပြပါမယ်။

Nested loops ဆိုတာက storytelling technique တစ်ခုဖြစ်ပြီး ရှင်းပြ၊ ပြောပြချင်တဲ့ အကြောင်းအရာ အပေါ်မှာ အကြောင်းအရာ နှစ်ခု သုံးခုထက်ပိုပြီး စကားခံကာ ရှင်းပြတဲ့ ပုံစံမျိုးဖြစ်ပါတယ်။

မိမိပြောပြမယ့်ပုံပြင်ရဲ့အရေးကြီးတဲ့ မက်ဆေ့ချ်ကို အလယ်မှာထားပြီး အဲ့ဒီမက်ဆေ့ချ်ကို ရောက်နိုင်ဖို့ အထောက်အပံ့ပေးနိုင်တဲ့ အခြားအကြောင်းအရာတွေကို တစ်ခုပြီးတစ်ခုဆွဲထုတ်သွားပါတယ်။ ဥပမာ – သင်ပထမဆုံးစတင်ပြောလိုက်တဲ့အကြောင်းအရာက သင်နောက်ဆုံးပေးချင်တဲ့မက်ဆေ့ချ်ရဲ့ အကြောင်းအရာ ဖြစ်နိုင်ပါတယ်။ 

Nested loops ပုံစံက First loop မှာ သူငယ်ချင်းရဲ့ ဘဝအကြောင်းကို စပြောပါတယ်။ အဲ့ဒီကနေတဆင့် second loop မှာ အတွေ့အကြုံရှိတဲ့ပညာရှိလူတစ်ယောက်အကြောင်းကို ဆက်ပြောပါတယ်။ နောက်ဆုံးမှာ တော့ storyteller ပေးချင်တဲ့ မက်ဆေ့ချ်ကို သယ်သွားပါတယ်။ nested loops  မှာ loop  တွေက ၂ ခုထက် မကရှိနိုင်ပါတယ်။

Nested Loop က

  • အဆုံးသတ်မှာ နားထောင်သူပရိသတ်တွေရဲ့ စိတ်ထဲရောက်အောင် ရှင်းပြတဲ့အခါ အားသာချက် ရှိပါ တယ်။
  • Key concept ကိုပေးဖို့ အခြားဥပမာတွေ၊ ဆိုရိုးစကားတွေနဲ့ အရင် ဦးတည်ထားလို့ရတယ်။
  • နားထောင်သူပရိသတ်ကို အကြောင်းအရာတွေ တစ်ခါတည်းထည့်ပေးတာမျိုးမဟုတ်ဘဲ တစ်ခုပြီးတစ်ခု ဖြေးဖြေးချင်း ပေးသွားလို့ရတယ်။

ဒီ technique ကို နိုင်ဂျီးရီးယားစာရေးဆရာမတစ်ယောက်ဖြစ်တဲ့ Chimamanda Ngozi Adichie ရဲ့ ဟောပြောပွဲတစ်ခုက အကြောင်းအရာလေးနဲ့ ရှင်းပြပေးပါမယ်။ Chimamanda Ngozi Adichie က နိုင်ဂျီးရီးယား စာရေးဆရာမ၊ ဟောပြောသူ၊ feminist တစ်ယောက်ဖြစ်ပြီး feminism, colonism နဲ့ လူသားတွေအကြောင်းကို အခိုင်အမာထုတ်ဖော်ပြသပြောကြားတဲ့သူဖြစ်ပါတယ်။ သူမက အရမ်းတော်တဲ့ storyteller တစ်ယောက်ဖြစ်ပြီး storytelling နဲ့ပတ်သက်ပြီးနာမည်ကြီးသူလည်းဖြစ်တယ်။ ဆရာမက လူ့အဖွဲ့ အစည်းမှာရှိတဲ့ပြဿနာတွေ၊ ပုံသေကားချပ် (stereotype) အကြောင်းတွေနဲ့ နိုင်ငံတကာမှာ အာဖရိကလူမျိုး အနေနဲ့ တွေ့ကြုံခဲ့ရတဲ့အတွေ့အကြုံတွေကို storytelling လုပ်ပြီးပြောပြခဲ့သူဖြစ်ပါတယ်။

ဆရာမရဲ့ The Danger of a Single Story TED Talk ကနာမည်ကြီးပြီး သူမရဲ့ အာဖရိကလူမျိုး တစ်ယောက်အနေနဲ့ လူတွေအကြောင်း၊ ယဉ်ကျေးမှုတွေအကြောင်းနဲ့ပတ်သက်ပြီး ကမ္ဘာက အထူးသဖြင့် အနောက်နိုင်ငံကလူတွေက ပုံသေကားချပ် (stereotype) သတ်မှတ်ထားပုံကို storytelling လုပ်ပြီး ပြောပြခဲ့ ပါတယ်။  

ဒီ storytelling မှာတော့ ဆရာမက first loop အနေနဲ့ သူမရဲ့ ဘဝအတွေ့အကြုံနဲ့စပြောခဲ့ပါတယ်။ ဆရာမက “ကျွန်မ The Danger of a single story အကြောင်းကို ကျွန်မရဲ့ ဘဝအတွေ့အကြုံအချို့နဲ့ပြောပြချင်ပါတယ်။ ကျွန်မအသက် ၇ နှစ်အရွယ်ကတည်းက စာရေးစာဖတ်တဲ့သူ၊ ပုံဆွဲတဲ့သူဖြစ်ပြီး ကျွန်မရဲ့ပုံတွေမှာ အသားဖြူဖြူ၊ မျက်လုံးပြာပြာကာရိုက်တာတွေ၊ နှင်းထဲမှာကစားတာတွေ၊ ပန်းသီးစားတာတွေကိုဆွဲခဲ့သူဖြစ်သော်လည်း ကျွန်မတို့နေရာမှာ သရက်သီးသာစားပြီး နှင်းမကျပါ။ ကျွန်မ နိုင်ဂျီးရီးယားမှာပဲနေပြီး တခြားနေရာတွေ မရောက် ဖူးပါဘူး။ ကျွန်မဆွဲတဲ့ပုံတွေရဲ့ကာရိုက်တာတွေမှာ ginger ဘီယာသောက်တဲ့ပုံတွေဖြစ်သော်လည်း ကျွန်မက ginger ဘီယာဆိုတာဘာမှန်းမသိပါ။ ginger ဘီယာကဘာလည်းသိအောင် ကျွန်မလုပ်ချင်ခဲ့တယ်။ ဒါဟာ ဘာကြောင့်လဲဆိုရင် ကျွန်မက british စာအုပ်တွေသာဖတ်ဖူးတာဖြစ်တယ်။ ဒါကြောင့် ကျွန်မက ဒီလိုအကြောင်းတွေနဲ့သာ ရင်းနှီးခဲ့သူဖြစ်ပြီး ကျွန်မတို့က ဘယ်လိုလူမျိုးပါဆိုတာကို ဖော်ပြဖို့ မေ့နေခဲ့တယ်။ အာဖရိကစာရေးဆရာအချို့ကြောင့် ကျွန်မတို့လို ချောကလက်ရောင်အသားရေရှိပြီး ကျစ်ဆံမြီးဆံပင်မျိုးမရှိတဲ့ လူမျိုးတွေက စာပေထဲမှာရှိပါလားဆိုပြီး ကျွန်မသိလာခဲ့ရတယ်၊ အဲ့ဒီစာပေတွေကနေ Single story  တွေရဲ့ အန္တရာယ်ကို သိလိုက်ရတယ်။ အဲ့အချိန်မှာ ကျွန်မ ကျွန်မတို့လူမျိုးအကြောင်းကို စာစရေးခဲ့တယ်”

ဆရာမက second loop အနေနဲ့ Fide အကြောင်းကို ဆက်လက်ပြောကြားခဲ့တယ်။ “ကျွန်မအဖေက ပရော်ဖက်စာဖြစ်ပြီးအမေကတော့ စီမံခန့်ခွဲသူပါ။ တစ်ရက်ကျွန်မ ထမင်းတွေအကုန်မစားတာကို အမေက အိမ်မှာအလုပ်လုပ်တဲ့ Fide တို့ဆိုဘာမှစားစရာမရှိဘူး။ သူတို့ကဆင်းရဲတယ်။ နင်ထမင်းကုန်အောင်စားလို့ပြောခဲ့တယ်။ တစ်ရက် ကျွန်မရွာထဲသွားတော့ Fide တို့အိမ်မှာ ထန်းလျှော်ကိုအရောင်ဆိုးပြီး ယက်ထားတဲ့ ခြင်းတောင်းလေးကိုတွေ့လိုက်တာ့ Fide အမေကပြောတယ် ဒါ Fide  အကိုလုပ်ထားတာလို့ပြောတဲ့အခါ ကျွန်မအံ့ဩရတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့သိထားတာ Fide တို့ကဆင်းရဲတယ်ဆိုတာပဲ။ Fide တို့ဒါမျိုးတွေလုပ်တတ်တယ်ဆိုတာကျွန်မတို့မသိခဲ့ဘူး။ သူတို့ဆင်းရဲတယ်ဆိုတာ ကျွန်မသိခဲ့တဲ့ သူတို့ရဲ့ single story ပါပဲ။

Third loop အနေနဲ့ သူမ နိုင်ငံရပ်ခြားမှာကျောင်းသွားတက်ရင်း တွေ့ကြံခဲ့တဲ့အကြောင်းကို ရှင်းပြပါတယ်။ “ကျွန်မ အသက် ၁၉ နှစ်မှာ  U.S ကိုကျောင်းသွားတက်ခဲ့တယ်။ ကျွန်မရဲ့ အမေရိကန်သူငယ်ချင်းအခန်းဖော်က အံ့ဩနေခဲ့တယ်။ သူကျွန်မကိုမေးတယ် ကျွန်မဘယ်မှာ အင်္ဂလိပ်စာလေ့လာခဲ့တာလဲတဲ့။ ကျွန်မ စိတ်ရှုပ်သွားပြီး ငါတို့ နိုင်ဂျီးရီးယားမှာ အင်္ဂလိပ်စာက officail languae ဖြစ်တယ်လို့ သူ့ကိုပြန်ပြောခဲ့တယ်။ သူမက သီချင်းတွေကိုလည်း နားထောင်တတ်လား။ ကျွန်မက လျှပ်စစ်မီးဖိုကိုလည်း မသုံးတတ်ဘူးမလားလို့ ထင်ထားတယ်။ သူမက ကျွန်မကိုသနားနေတာဖြစ်နိုင်ပြီး ကျွန်မနဲ့မသိခင်ကတည်းက အာဖရိကန်လူမျိုးတွေရဲ့အကြောင်းကို သိထားတာဖြစ်နိုင်တယ်။ ဒီပုံစံက အထက်စီးဆန်ပြီး နှိမ်ချင်တဲ့ပုံစံဖြစ်နေတယ်။ ကျွန်မရဲ့ အတန်းဖော်က အာဖရိကနဲ့ပတ်သက်ပြီး single story ပဲသိထားပုံပေါ်ပါတယ်။ အာဖရိကရဲ့ငတ်မွတ်တဲ့ကပ်ဘေးကိုပဲ သိထားပုံပေါ်ပါတယ်။ သူ့ရဲ့  single story မှာ ကျွန်မတို့အာဖရိကလူမျိုးတွေရဲ့ သူတို့လူမျိုးတွေနဲ့ တစ်ခုမှမတူနိုင်ဘူးလို့ လက်ခံထားပုံပေါ်တယ်။ လူလူချင်းအတူတူပဲဆိုတာတွေမရှိနိုင်ဘူးလို့ သိထားပုံပေါ်ပါတယ်။ ကျွန်မအရင်က ကျွန်မကိုယ်ကျွန်မ အာဖရိကလို့ ထုတ်ဖော်မပြောရဲဘူး။ အဲ့လိုကိစ္စတွေဖြစ်ပျက်ပြီးတဲ့အခါ အာဖရိကပါလို့ ရဲရဲဝံ့ဝံ့ပြောနိုင်ခဲ့တယ်။ ဒီလိုအကြောင်းအရာတွေက အနောက်တိုင်းစာရေးဆရာတွေက အာဖရိကတွေအကြောင်းကို ဆင်းရဲတယ်။ AIDS ဖြစ်နေတဲ့သူတွေ။ အသားဖြူတဲ့လူဖြူတွေဆီက အလှူတွေကိုမျှော်လင့်နေတဲ့သူတွေလို့ဖော်ပြခဲ့တယ်။ အမေရိကန်စာရေးဆရာက အိမ်မရှိတဲ့တိရိစ္ဆာန်တွေ၊ ဦးနှောက်မရှိတဲ့လူတွေလို့ ရေးခဲ့တယ်။ ဒါတွေဟာ အနောက်နိုင်ငံရဲ့စာတွေမှာ မှားယွင်းဖော်ပြထားတဲ့ single story တွေပဲဖြစ်ပါတယ်။

(အပြည့်အစုံကို အောက်က Youtube video  မှာဆက်လက်ကြည့်ရှုနိုင်ပါတယ်)

ဆရာမက နောက်ဆုံး key concept ကို သူမရဲ့အတွေ့အကြုံတွေ၊ သူမကိုယ်တိုင် single story ကိုယုံကြည်ခဲ့ပုံ တွေ၊ အနောက်တိုင်းက စာပေတွေ၊ လူမျိုးတွေက အာဖရိကလူမျိုးတွေရဲ့ တစ်ခုတည်းသောပုံပြင်ကိုရေးပြီး အကြောင်းအရာအမှားတွေကို လူတွေသိအောင်လုပ်ခဲ့တာဖြစ်တဲ့အတွက် single story က တကယ်ကို ကြောက်ဖို့ကောင်းကြောင်း storytelling လုပ်ပြီး ပြောပြသွားခဲ့တယ်။

Youtube Link:Chimamanda Ngozi Adichie: The danger of a single story | TED

ဒါကြောင့် storytelling က တကယ်ကိုအားကောင်းတဲ့ communication tool တစ်ခုဖြစ်ပြီးတော့ ပေးချင်တဲ့မက်ဆေ့ချ်ကိုထိထိရောက်ရောက်နဲ့ ပေးနိုင်တဲ့ နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *